လမ်းခွဲပြီး ၂ ပတ်အကြာမှာ အချစ်ဇာတ်လမ်းအသစ် အစပျိုးနေတဲ့ Taylor Swift
This article has been converted from Zawgyi One to Unicode
အသက် ၂၆ နှစ်အရွယ် ပေါ့ပ်စတား အဆိုတော် တေလာ ဆွစ်ဖ် (Taylor Swift) တယောက် “The Night Manager” ဇာတ်ကားထဲက ဂျိန်းစ်ဘွန်း မင်းသားအသစ် အသက် ၃၅ နှစ်အရွယ် သရုပ်ဆောင် တွမ် ဟစ်ဒယ်လ်စတန် (Tom Hiddleston) နဲ့ အချစ်ဇာတ်လမ်း စတင်နေပြီလို့ သတင်းထွက်ရှိလာပါတယ်။
ဒါဟာ တေလာဆွစ်ဖ် က ဒီဂျေသမား ကယ်လ်ဗင် (Calvin) နဲ့ လမ်းခွဲပြီး နောက်ပိုင်း ၂ ပတ်အကြာမှာ စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်း အသစ်ပါ။ The Sun သတင်းဌာနရဲ့ ထုတ် ဖော်ပြောကြားချက်အရ Taylor Swift နဲ့ Calvin ဟာ သူတို့ ၂ ဦးရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ Calvin ဟာ Taylor နဲ့ လက်ထက်ပြီး ကလေးယူဖို့ အစီအစဉ်မရှိလို့ပါလို့ ရေးသားထားပါတယ်။
Taylor Swift နဲ့ Tom Hiddleston တို့ စုံတွဲဟာဆိုရင် Meta Gala မှာကျင်းပခဲ့တဲ့ ပါတီမှာ အတူတူ ကရင်း ချက်ချင်းဆိုသလို ချစ်ကြိုးသွယ်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်၊ Rhode ကမ်းခြေမှာ အတ္တလန်တစ် ပင်လယ်ပြင်ကြီးကို အတူထိုင်ငေးရင်း တယောက်ကို တယောက် အကြင်နာတွေ ပေးခဲ့တဲ့ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပါတယ်။
စောင့်ကြည့်လေလာသူ တဦးကတော့ သူတို့ ၂ ယောက်ဟာ တယောက်နဲ့ တယောက် နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ဖက်ပြီး အနမ်းတွေ ပေးနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန် ကမ်းခြေမှာ လူအယောက် ၂၀ လောက် ရှိနေတာတောင် သူတို့ ၂ ဦးကို ကြည့်ရတာ ငယ်ရွယ်တဲ့ ချစ်သူ ၂ ဦးလိုပဲ ဘယ်အရာကိုမှ သတိမပြုခဲ့မိသလို အတူရှိနေခဲ့ကြပါတယ်လို့ ပြောထားပါတယ်။
Taylor Swift နဲ့ နီးစပ်သူ တယောက်ကတော့ Tom နဲ့ Taylor စတွေ့ပြီး နောက်ပိုင်းမှာ Tom ဘက်ကနေ ပန်းစည်းတွေပို့ပြီး အချစ်ဇာတ်လမ်းတွေ စတင်ခဲ့တာပါလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ပရိတ်သတ်တချို့ကတော့ Taylor Swift တယောက် အခုလို မြန်မြန်ဆန်ဆန် အချစ်သစ်ကို အများပြည်သူဆီ ချပြခဲ့တဲ့အတွက် မနှစ်မြို့ကြပေမယ် တချို့ကတော့ ဒါဟာ ကောင်းတယ် ဆိုပြီး ပြောဆိုနေကြပါတယ်။
Tom ရဲ့ ပြောရေးဆိုခွင်ရှိသူ တဦးကတော့ ဒါဟာသူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာ ဖြစ်တဲ့အတွက် မှတ်ချက် မပေးပါရစေနဲ့လို့ ငြင်းဆိုသွားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Taylor ရဲ့ ပရိတ်သတ်တွေကတော့ အချစ်ဇာတ်လမ်း အသစ်ကို အစပြုတိုင်း၊ အချစ်ဇာတ်လမ်း တခုကို အဆုံးသတ်တိုင်း သီချင်းကောင်းကောင်းတွေ ထုတ်ပြတတ်တဲ့ သူ့ဆီက နောက်ထပ် ကိုယ်ပိုင်ခံစားချက် အချစ်သီချင်းတွေ ဆက်လက် ထွက်ရှိလာဦးမလားလို့ မျှော်လင့် နေကြပါတယ်။
Ref: thesun.co.uk