အဆိုတော် R ဇာနည်နဲ့ ဖိုးကာတို့ဟာ သောက်သုံးရေရှားပါးမှု နှစ်စဉ်ကြုံတွေ့ရလေ့ရှိတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာအတွက် အဝီစိတွင်း ၅ တွင်း လှူဒါန်းခဲ့ကြပါတယ်။
R ဇာနည်နဲ့ ဖိုးကာတို့ဟာ သာပေါင်းမြို့နယ်မှာ ပရဟိတ လုပ်ငန်းတွေ တကိုယ်တော် လုပ်ကိုင်နေတဲ့ ကိုမျိုးသက်ဦးနဲ့ ချိတ်ဆက်ပြီး စက်ရေတွင်း ၅ တွင်း တူးဖို့ ကုန်ကျငွေတွေ လှူဒါန်းပေးခဲ့တာဖြစ်ပြီး ရေတွင်း တူးဖော်မှုတွေ ပြီးစီးခဲ့တဲ့အတွက် R ဇာနည်နဲ့ ဖိုးကာတို့ မိသားစုလိုက် မနေ့က သာပေါင်းကို လာရောက်ပြီး စက်ရေတွင်းတွေကို ဒေသခံတွေထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ပါတယ်။
သာပေါင်း ဒေသခံတွေကလည်း အလှူရှင် R ဇာနည်နဲ့ ဖိုးကာတို့ကို ကျေးဇူးတင်လွှာတွေ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
စက်ရေတွင်း လွှဲပြောင်း လှူဒါန်းမှုတွေကို မနက်ပိုင်းမှာ လုပ်ဆောင်ပြီးတဲ့နောက် R ဇာနည်နဲ့ ဖိုးကာတို့ဟာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုတွေ ဖြစ်ပွားနေတဲ့ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာကို သွားရောက်ပြီး
ကမ်းပါးပြိုမှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့တဲ့ ဒေသခံတွေအတွက် နေအိမ် ၅ လုံးကို အဆိုတော် R ဇာနည် မိသားစုက လှူဒါန်းခဲ့ပါတယ်။
အိုင်သပြု ဒေသခံတွေက အဆိုတော် R ဇာနည်ကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အိုင်သပြုကျေးရွာက လမ်းတလမ်းကို R ဇာနည်လမ်း အဖြစ် အမည်မှည့်ခေါ် သတ်မှတ်ပေးခဲ့ကြောင်း သိရပါတယ်။