မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက် မွေးနေ့အတွက် မြန်မာနိုင်ငံမှ လူငယ်ရေးရာလှုပ်ရှားသူ လူငယ်နှစ်ဦးရဲ့ မွေးနေ့ဆုတောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
အမည် = မသဉ္ဇာရွှန်းလဲ့ရည် (လူငယ်ရေးရာလှုပ်ရှားသူ)
မသဉ္ဇာရွှန်းလဲ့ရည်ဟာ ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူငယ်ရေးရာလှုပ်ရှားသူများကို အမေရိတန်သမ္မတကတော် မစ်ချယ်လ်အိုဘားမားက ပေးအပ်တဲ့ ဂုဏ်ပြုလွှာအား လက်ခံရယူထားသူ အမျိုးသမီးလူငယ်တက်သစ်စ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းဆန္ဒပြုထားပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဝမ်းသာစရာသတင်းတခုကြားခဲ့ရတယ်ပေါ့။ အဲဒါက ပါတီတွင်းက အမှုဆောင် အဖွဲ့ဝင်တွေထဲမှာ လူငယ်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ကို သေချာအောင်လုပ်ပေးပါဆိုပြီး ပါတီတွင်းမှာ လူငယ်တွေ ပူးပေါင်းပါဝင်မှုမြှင့်တင်ဖို့အတွက် ကြိုးစားနေကြတာလည်း တွေ့ရတယ်။ တချိန်တည်း မှာပဲ အစိုးရအဖွဲ့အနေနဲ့ လူငယ်ရေးရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး လူငယ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်မယ် ဆိုတဲ့အကြောင်းလဲ ကြားရတယ်။ ဝန်ကြီးဌာနတွေကိုလည်း လူငယ်တွေကို ချဉ်းကပ်တဲ့အခါမှာ သေချာ ဂရုစိုက်ဖို့၊ လူငယ်တွေကို အလေးဂရုပြုဖို့ လူထုခေါင်းဆောင်က မှာကြားထားတယ်ဆိုတာလည်း ကြားရတယ်။ ဒါတွေကို ကြားရတော့ ကျမတို့ တော်တော်လေးအားတက်ရတယ်။ တော်တော်လည်း ဝမ်းသာပါတယ်။ ကျမတို့မြင်ချင်ခဲ့တာလည်း အဲ့လိုမျိုးပေါ့နော်။
ဒီအစိုးရသစ်ရဲ့သက်တမ်းကို ကျမကတော့ တော်တော်လေး မျှော်လင့်မိပါတယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍ တွေ ပိုပြီးမြင့်တက်လာမယ်လို့လည်း မျှော်လင့်မိတယ်။ ကျမကတော့ လူငယ်ရေးရာ လှုပ်ရှားနေသူ တယောက်အနေနဲ့ အရမ်းကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
မွေးနေ့အတွက် ဘာမှစီစဉ်ထားတာတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ကမှ ပွဲတခုပြီးလို့ ပြန်ရောက်တာ ဆိုတော့လေ။ ခုလောလောဆယ်တော့ အာဇာနည်နေ့အတွက် စဉ်းစားထားတွေရှိတယ်။ ကျန်တာတော့ သိပ်မလုပ်ဖြစ်သေးပါဘူး။”
အမည် = ကိုအောင်ကျော်သူ (လူငယ်ရေးရာလှုပ်ရှားသူ)
“အမေ ဒီထက်မက အသက်ရှည်ပြီး ကျန်းမာပါစေလို့ ဆန္ဒပြု ဆုတောင်းထားပါတယ်။ မွေးနေ့မှာ ကျနော်တို့ အဖွဲ့လိုက် သွေးလှူဖို့ရှိတယ်။ ဒီ အစိုးရလက်ထက်မှာ လူငယ်တယောက်အနေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးတွေ တိုးတက်လာဖို့ မျှော်လင့်ပါတယ်။”