အသက် ၃၀ အရွယ် ကိုရီးယား ထိပ်တန်းသရုပ်ဆောင် တဦးဖြစ်တဲ့ ဘတ်ယိုချန်းဟာ လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆိုးလ်မြို့ ၊ ဂန်နမ်ရဲစခန်းမှာ တရားစွဲဆို အမှုဖွင့် ခံထားရပါတယ်။
တိုင်ကြားသူကတော့ ဖျော်ဖြေရေး ဘားတခုမှာ အလုပ်လုပ်ကိုင်သော အသက်၂၄ နှစ်အရွယ် မစ္စလီ ဆိုသူဖြစ်ပြီး မစ္စလီရဲ့ ချစ်သူဖြစ်သူကလည်း သူ့ရဲ့ တိုင်ကြားချက်အပေါ်မှာ သက်သေလိုက်ပါခဲ့တယ်လို့လည်း သိရပါတယ်။
မစ္စလီက ဘတ်ယိုချန်းဟာ ဇွန်လ ၃ ရက်နေ့က အခင်းဖြစ်ပွားခဲ့တဲ့ ဘားသို့ ညအချိန်မှာ ဧည့်သည်အဖြစ်နဲ့ ရောက်ရှိလာခဲ့ပြီး သူနဲ့အတူရှိနေစဉ်မှာ လိင်အကြမ်းဖက်ခဲ့ခြင်း ဖြစ်တယ်လို့ ဇွန်လ ၁၀ရက်နေ့မှာ အမှုဖွင့်တိုင်ကြားခဲ့ကာ သူ့ရဲ့ အတွင်းခံ အဝတ်အစားများကိုလည်း သက်သေအဖြစ်နဲ့ ရဲဌာနသို့ တင်ပြခဲ့ပါတယ်။
ဘတ်ယိုချန်းရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ C – JeS Entertainment က သတင်းထုတ်ပြန်ခဲ့ရာမှာတော့ ထိုကဲ့သို့ အမှုဖွင့် တိုင်ကြားခံရမှုမှာ မှန်ကန်ကြောင်း၊ ဒါပေမယ့် ထိုအမျိုးသမီးရဲ့ စွပ်စွဲချက်များ အားလုံးကတော့ မှားယွင်းနေကြောင်း ဆိုပါတယ်။
“ဖြစ်စဉ်အသေးစိတ်ကိုတော့ ဒီအချိန်မှာ မဖြေရှင်းနိုင်သေးပေမဲ့ နာမည်ကြီးတဦးကို အသုံးချပြီး မိမိကိုယ်ကျိုး စီးပွားအတွက် အသုံးချမှုတခု ဖြစ်စဉ်ဖြစ်ပါတယ်။ ဘတ်ယိုချန်း အနေနဲ့လည်း ရဲဌာနနဲ့ အတူပူးပေါင်းပြီး ဒီအမှုအတွက် ဖြေရှင်းနေပြီး အမှုမှန်ဟာ မကြာခင်မှာပဲ ပေါ်ပေါက်မယ်လို့” သတင်းစတင်ဖြစ်ပေါ်ချိန်မှာ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
ဆိုးလ်မြို့၊ ဂန်နမ်ရဲစခန်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မစ္စလီဟာ ဘတ်ယိုချန်းကို လိင်အကြမ်းမှုနဲ့ အမှုဖွင့်ထားမှုဟာ မှန်ကန်ကြောင်း ဖော်ပြထားပြီး စစ်ဆေးတွေ့ရှိချက်များကို သတင်းထုတ်ပြန်ရာမှာ ဂန်နမ်နယ်မြေရှိ ဖျော်ဖြေရေး ဘားမှာ မစ္စလီနှင့် ဘတ်ယိုချန်းတို့ဟာ ဇွန်လ ၄ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်မှာ အရက်အတူ သောက်နေတာကို CCTV မှတ်တမ်းများအရ သိရှိထားတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦး ယခုလို တွေ့ဆုံမှုဟာ ပထမဦးဆုံး တွေ့ဆုံဖြစ်ပြီး ထိုတွေ့ဆုံမှုဟာ ၁ နာရီဝန်းကျင်ကြာ ပါတယ်။ အဆိုပါ အမှုမှာ မစ္စလီက ဘတ်ယိုချန်းထံမှ မည်သည့်ရရှိလိုမှုမျှ တင်ပြထားခြင်းမရှိဘဲ သူ့အား ဘတ်ယိုချန်းက လိင်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အရေးယူပေးပါရန် တောင်းဆိုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းမှာ ဖြစ်ခဲ့ပေမဲ့ အမှုတိုင်ကြားတာကတော့ ဇွန်လ ၁၀ ရက်နေ့မှ ဖြစ်တဲ့အတွက် အဆိုပါအမှုဟာ သာမန်အမှုဖြစ်ဖို့ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဂန်နမ်ရဲဌာနက သတ်မှတ်ထားပါတယ်။
ထို့အတွက်ကြောင့် ဂန်နမ်ရဲဌာနဟာ မစ္စလီက သက်သေအဖြစ် တင်ပြလာတဲ့ အတွင်းခံ အဝတ်အစားများကို DNA စစ်ဆေးရန်အတွက် သေမှုသေခင်း စစ်ဆေးရေးဌာန National Forensic Service သို့ ပေးပို့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဂန်နမ်ရဲဌာနက တရားလို မစ္စလီကိုရော တရားခံ ဘတ်ယိုချန်းကိုပါ သီးသန့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် DNA စစ်ဆေးချက်ရလဒ် ထွက်ပေါ်တဲ့အခါမှာ အမှုဟာ ပိုမိုရှုပ်ထွေးခဲ့ရပါတယ်။ DNA စစ်ဆေးချက်မှာ ဘတ်ယိုချန်းရဲ့ DNA ပါဝင်သော်လည်း အမှုဖွင့်သူ မစ္စလီရဲ့ DNA ပါဝင်မှု မရှိခဲ့ပါဘူး။ ဒီအတွက် အမှုမှာ တတိယလူရှိနေခဲ့ပြီး အဆိုပါ မိန်းကလေးကသာ ဘတ်ယိုချန်းနဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့မယ်လို့ ရဲဌာနက ကောက်ချက်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က အမည်မဖော်လိုသူ မိန်းကလေးဟာ ဘတ်ယိုချန်းနဲ့ လိင်ဆက်မှု ပြုခဲ့တယ်လို့ လာရောက်ဝန်ခံခဲ့ပါတယ်။ အဆိုပါ မိန်းကလေးဟာ လွန်ခဲ့သော ၂ နှစ်၊ ၂၀၁၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က ဘတ်ယိုချန်းနဲ့ အခင်းဖြစ်ပွားခဲ့တဲ့ ဘားမှာ တွေ့ဆုံရင်းနှီးခဲ့ပြီးနောက် နောက်တနေ့မှာ ဘတ်ယိုချန်းရဲ့ နေအိမ်သို့ သူငယ်ချင်းများနဲ့အတူ သွားရောက်လည်ပတ်ခဲ့ပြီး အရက်သေစာ သောက်စားခဲ့ကြောင်း၊ အဲ့ဒီနောက် ဘတ်ယိုချန်းနေအိမ်ရဲ့ ရေချိုးခန်းထဲမှာ သူတို့နှစ်ဦး လိင်ဆက်ဆံခဲ့ကြောင်း၊ အမှုတွင် သက်သေ တင်သွင်းခဲ့သော အတွင်းခံမှာ ထိုစဉ်က အတွင်းခံဖြစ်တယ်လို့ သက်သေထွက်ဆိုခဲ့ပါတယ်။
အမှုဖွင့်သူ မစ္စလီနဲ့ အတွင်းခံပိုင်ရှင် မိန်းကလေးတို့ရဲ့ ဆက်နွှယ်မှုကို ရဲဌာနက ပြောဆိုခြင်းမရှိဘဲ အမှုကနေ ဘတ်ယိုချန်းကို တရားသေလွတ်ပေး လိုက်ပါတယ်။
C – JeS Entertainment က ဘတ်ယိုချန်းအနေနဲ့ လူငယ်သဘာ၀ လွတ်လပ်စွာ နေထိုင်ခဲ့မှုအပေါ်မှာ တမင် လုပ်ကြံဖန်တီး အမှုဆင်ခဲ့တဲ့အတွက် မစ္စလီအား သရေဖျက်မှု၊ ဂုဏ်သိက္ခာ ညှိုနွမ်းစေမှုများနဲ့ တရားစွဲဆိုရန် ပြင်ဆင်ခဲ့တယ်လို့ သိထားသော်လည်း ယခုအချိန်အထိ တရားစွဲဆိုမှု မရှိသေးပါဘူး။
ဘတ်ယိုချန်း အဖွဲ့ဝင်အဖြစ် လှုပ်ရှားနေတဲ့ JYJ အဖွဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အကျယ်အကျယ်မဖြစ်ဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြန်ခဲ့ကာ ဘတ်ယိုချန်းအပေါ် စွပ်စွဲမှုအတွက် အံအားသင့်ရပါတယ်လို့ ဆိုခဲ့ပါတယ်။
ဘတ်ယိုချန်းဟာ တချိန်က နာမည်ကြီး ပေါ့ပ်အဖွဲ့ဖြစ်တဲ့ TVXQ အဖွဲ့မှ အဖွဲ့ဝင် အဆိုတော် တဦးဖြစ်ကာ သရုပ်ဆောင် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ JYJ အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်ကာ Sungkyunkwan Scandal (2010), Miss Ripley (2011), Rooftop Prince (2012), Missing You (2012), Three Days (2014) နှင့် The Girl Who Sees Smells (2015) စတဲ့ ရုပ်သံဇာတ်လမ်းများနဲ့ အာရှဒေသတွင်း အောင်မြင်တဲ့ သရုပ်ဆောင် တဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်မှုတာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
ကိုးကား – soompi.com