၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ မြောက် မွေးနေ့မှာ သူ့မွေးနေ့ အထိမ်းအမှတ်အဖြစ် ကိုယ်ကျွမ်းကျင်ရာ နယ်ပယ် ကဏ္ဍအသီးသီးကနေ မွေးနေ့အတွက် အမှတ်တရ အလှူပြုလုပ်ပေးတဲ့ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးနဲ့ Suu’s 71 တကိုယ်တော် ဓာတ်ပုံပြပွဲ ကျင်းပခဲ့သူ ဓာတ်ပုံ သတင်းသမား ကိုစောဖိုးခွားတို့ကို ဧရာဝတီသတင်းထောက် သီဟတိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
ကိုမောင်မောင်အေး (အစီအစဉ်တင်ဆက်သူ)
“Facebook မှာ Profile လေလံတင်ပြီး ရတဲ့ငွေ ၇၁ သိန်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၁ မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းမယ်”
ပထမဆုံးအနေနဲ့ Profile လေလံဆွဲတဲ့ကိစ္စက ဒီလေလံမတိုင်ခင်မှာပဲ ဖေ့စ်ဘုတ်မှာ ကားလောကနဲ့ ပတ်သက်ပြီးတော့ နာမည်ကျော်ကြားနေတဲ့ သူ့ရဲ့သတင်းတွေပေါ့၊ တကယ်တမ်းသတင်းယူတဲ့အခါ အမြဲတမ်းသတင်းမှန် တင်တဲ့ သူ့ရဲ့သတင်းတွေကို ယူပြီးတော့ ကားကိစ္စကို အကျိုးရှိအောင် ကားတိုက်ရင်လည်း တိုက်တယ်၊ ခိုးတဲ့ကားဆိုရင် သူတင်ပေးလိုက်လို့ရှိရင်း ခိုးလိုက်တဲ့ကားကို ပြန်ရှာတွေ့တယ်ပေါ့။ ကားနဲ့ ပတ်သက်တဲ့အရာတွေကို သူနည်းမျိုးစုံနဲ့ ကူညီပေးနေတဲ့ ကိုအရည်ကြို ဆိုတာရှိတယ်။
သူက ကျနော့် မိတ်ဆွေပါ။ အရင်တခေါက်တုန်းက ဆရာတော်တပါး ဘုန်းဘုန်းက နေပြီးတော့ သွားရေး လာရေး အတွက် အခက်အခဲ ကားလှူချင်တယ်ဆိုလို့ သူ့သူငယ်ချင်းတွေက ကူညီခိုင်းတော့ သူက ကူညီတဲ့နေရာမှာ ပိုက်ဆံလိုတဲ့အတွက် သူ့ရဲ့ Profile တွေကို ရောင်းဈေးအနေနဲ့ လေလံတင်တယ်။ အဲဒီပိုက်ဆံတွေကို ဆရာတော်ကို လှူလိုက်တယ်၊ ပထမ တခေါက်မှာ သိန်း ၂၀ ပဲရတယ်။ ဒုတိယတခေါက်မှာ ရတဲ့ပိုက်ဆံတွေကို သူအကုန်လှူ လိုက်တယ်။
ပြီးတော့ ကုမ္ပဏီပိုင်ရှင်ကို သူ့ရဲ့ Facebook Profile မှာ ကြော်ငြာပေးသုံးလိုက်တယ်။ ဆိုတော့ ကုမ္ပဏီဘက်ကလည်း အကျိုးရှိတယ်။ သူ့ဘက်ကလည်း ဒါနလုပ်လို့ရတာပေါ့။ နောက်တခေါက် ကျတော့တော့လည်း သူ့ Facebook မှာ Profile လေလံတင်တယ်။ လေလံတင်ပြီး ရတဲ့ ပိုက်ဆံတွေကို ပရဟိတနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ရေဘေးတွေမှာ လှူလိုက်တယ်။
အဲ့ဒါကို ကျနော်က ကြည့်ပြီး နှစ်ခေါက်စလုံးကလည်း အောင်မြင်တယ်ဆိုတော့ ကျနော်က အမေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လည်း နီးလာပြီဆိုတော့ သူ့လောက်တော့ ရချင်မှရမယ်။ ဘာလို့ဆိုလဲဆိုတော့ သူက တယောက်တည်း သိန်း ၃၀ လှူတာကိုး၊ ဒါပေမယ့် ကျနော်က ဘယ်လောက်ပဲရရ ၁ သိန်းရ ၁ သိန်းပေါ့၊ ကျနော်လည်း ကျနော့်ရဲ့ Profile ကို ရင်းပြီးတော့ ဒီလို လေလံတင်ပြီးတော့ အကျိုးရှိအောင် လုပ်လို့ရတယ် ဆိုတာကို တခြားသော မိတ်ဆွေတွေကိုလည်း သိစေချင်တယ်၊ လူတွေက ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းတရားတွေပဲ ပြောချင်တဲ့လူတွေက လူတန်းစားတဖက် ရှိတယ်လေ၊ အခုလို ဖေ့စ်ဘုတ်ကို သုံးပြီးတော့ Negative တွေ ပြောကြတယ်ဆိုတော့ ဒီလိုမျိုး Positive တွေ ကောင်းတာတွေလည်း အများကြီး လုပ်လို့ရတယ်ဆိုတဲ့ Message ကို ကျနော့်က ပျံ့နှံ့စေချင်ပါတယ်။
ဒီလိုမျိုး လုပ်ရပ်လေးတွေကို ကိုအရည်ကြိုနဲ့ တိုင်ပင်တယ်။ ပြီးတော့ ကျနော်က ဖေ့စ်ဘုတ်မှာပဲ အမှန်တရားတွေကို အမြဲရေးပြီးတော့ ရပ်တည်ချက် မှန်ကန်တဲ့ စာဖတ်မိတ်ဆွေ အွန်လိုင်း မိတ်ဆွေတွေကို သူတို့ကိုလှမ်းပြီးတော့ Massage လုပ်ကြည့်တယ် သူတို့စိတ်ဝင်စားမလားပေါ့။ ကိုအရည်ကြိုကလည်း သူရဲ့ ကားလောကမှာ အွန်လိုင်းကား ပွဲစား ဆိုပြီးတော့ရှိတယ်။ သူ့ရဲ့ Profile ကား အွန်လိုင်းလည်း ရှိတယ်ဆိုတော့ အဲဒီလေးခုပေါင်းပြီးတော့ လေလံတင်မယ်၊ တခုချင်းဆီလည်း ရတယ်၊ လေးခုလုံးလည်း ရတယ်၊ ကျနော်တို့ လေးခုပေါင်းက လေလံအောင်တာ ၇၁ သိန်းပေါ့၊ အမေ့မွေးနေ့ ၇၁ နှစ်ဆိုပြီးတော့ လေလံတင်ဖြစ်သွားတာပါ။
ဒီပိုက်ဆံတွေကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ ပြန်လှူမှာပါ။ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရုံးမှာ ကျနော်တို့ သွားလှူကြမှာပါ။
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း ဆိုရင် “အမေ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ တိုင်းပြည်အတွက်ကို သူ့ရဲ့ တဘဝလုံး သူ့ရဲ့ ရှိသမျှ ပိုင်ဆိုင်မှုတွေရော၊ သူ့ရဲ့မိသားစုတွေရော၊ သူ့ရဲ့ ငယ်ရွယ်မှုတွေရော အားလုံး အားလုံးကို သူပေးဆပ်ပြီးပါပြီ၊ အဲ့ဒါကိုလည်း သူ့အတွက်က ဒါဟာ ပေးဆပ်ခြင်းမဟုတ်ဘူးလို့ ခံယူထားပေမယ့် ကျနော်တို့ကတော့ ကျနော်တို့ တိုင်းပြည်အတွက် တကယ့်ကို ကြီးမားတဲ့ ပေးဆပ်မှုပါ။ အဲဒီအတွက် အမြဲတမ်း ကျနော်တို့ ကျေးဇူး တင်နေမှာပါ။ နောက်ထပ်ကိုလည်း အမြဲတမ်းကို ဒီတိုင်းပြည်အတွက် ဘာထပ်လုပ်ပေးနိုင်ဦးမလဲ ဆိုတာကိုလည်း မမျှော်လင့်တော့ပါဘူး။ ဒီလောက် လုပ်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ သူ့ကို ကျနော်တို့ အလိုချင်ဆုံးကတော့ ကျန်းမာပြီးတော့ အနာကင်းစွာနဲ့ ကျန်ရှိနေတဲ့ အချိန်တွေမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ဖို့ကိုပဲ ဆန္ဒရှိပါတယ်။ ဒါ ကျနော့် တယောက်တည်းရဲ့ဆန္ဒပေါ့၊ ကျေးဇူးတင်ပါတယ်”
ကိုစောဖိုးခွား (သတင်း ဓာတ်ပုံဆရာ)
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၁ မြောက်မွေးနေ့ အထိမ်းအမှတ် Suu’s 71 တကိုယ်တော် ဓာတ်ပုံပြပွဲ ကျင်းပခဲ့သူ”
ကျနော်က အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၂၀၁၅ ရွေးကောက်ပွဲမှာ အမေ ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တဲ့ မိုင်ပေါင်း ၇ထောင်ကျော်ကို လိုက်ပြီးတော့ ကျနော် သတင်းယူခဲ့တယ်။ မိုင်းပေါင်း ၇ ထောင် ကျော်ကို လိုက်ပြီး သတင်းယူတဲ့အချိန်မှာ ဒီအဖြစ်အပျက်ကြီးကလည်း သမိုင်းဝင် အဖြစ်အပျက်ကြီး ဖြစ်ခဲ့တယ်။ ပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့် မွေးနေ့ကလည်း ကျရောက်လာတယ်။
အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ကာလမှာ သူလှုပ်ရှားခဲ့တဲ့ ကာလတွေမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့အတွက် အဲ့ဒါကို ဂုဏ်ပြုရင်းနဲ့ မွေးနေ့ကို ဂုဏ်ပြုရင်းနဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်ှနှင့် မန္တလေးမှာ ၂ ပွဲလုပ်ခဲ့တယ်။ အဲဒီကနေ ပြီးတော့ နှစ်ပွဲမှာရခဲ့တဲ့ အကျိုးအမြတ်က ရန်ကုန်က ၆၂ သိန်းနဲ့ မန္တလေးက ၁၀၉ သိန်း အားလုံး ၁၇၁ သိန်း ရတယ်။ အဲဒီ အကျိုးအမြတ်တွေကို ရေရှားပါးတဲ့ဒေသကို လှူမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတော့ ကယား ပြည်နယ်ကို တွေ့တယ်။
ကယားပြည်နယ်ကို အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူ ရောက်ခဲ့စဉ်ကာလတုန်းက လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတယ်၊ ဒေသ ဖွံ့ဖြိုးမှုဆိုင်ရာ နောက်ကျတဲ့အခါကျတော့ ကယားပြည်နယ်ကို ရွေးချယ်ခဲ့တယ်။ ကယားပြည်နယ်မှာ ရှားတောပေါ့၊ ရှားတောကို ရောက်ခဲ့တုန်းက မြို့ပေါ်ကနေ အဝေးကြီးကို သွားရတယ်၊ အဲဒီဘက်မှာ ရေရှားပါးတဲ့အတွက် ပေ ၃၅၀ အနက်တူးရမယ် ဆိုလို့ ရေတွင်းကို သိန်း ၃၀ နဲ့ လှူခဲ့တယ်။ လှူဖို့ စတူးနေပြီ။
ပြီးတော့ နီးစပ်က ရွာတွေကရှားတောမှာ ကျောင်းလာတက်ရတယ်။ တခြား ဝေးလန်ခေါင်းဖျား ဒေသတွေကနေ လာပြီးကားတွေ ဆိုင်ကယ်တွေလည်း မရှိတဲ့အခါကျတော့ တချို့ကျောင်းသား တော်တော်များများက မတက် ဖြစ်တော့ဘူး။ မတက်ဖြစ်တော့တဲအတွက် မူလတန်း၊ အလယ်တန်းလောက်နဲ့ ထွက်လိုက်တဲ့အတွက် အဲဒီတော့ ရှားတော ပေါ်မှာတော့ ဘော်ဒါဆောင်လေး ရှိရင်ကောင်းမယ်ဆိုပြီးတော့ ကိုယ်စားလှယ်တွေကလည်း အကြံပြု လာတယ်၊ ပြည်သူကလည်း လိုအပ်တယ်လို့ အကြံပြုလာတဲ့အတွက် ကျနော်က “အမေ့အိမ် စာသင် ဘော်ဒါဆောင်” ဆိုပြီး ကျနော် မ တည်ပြီးတော့ သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ အဲဒါတော့ ရှားတောမှာ စုစုပေါင်း သိန်း ၁၃၀ လှူဒါန်းခဲ့ပါတယ်။
နောက်တခုကျတော့ လွိုင်ကော် လွယ်ကမူရွာမှာ အဲ့ဒီမှာရေရှားတယ်၊ ရေလုံး၀ မရှိတဲ့အတွက်ကြောင့်မို့လို့ ရွာသားတွေလည်း တော်တော် ဒုက္ခရောက်တယ်ပေါ့ ၊ အဲဒီတာ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ချိတ်ဆက်ပြီး ရေတွင်းလှူဖို့ ၂၅ သိန်း လှူခဲ့ပါတယ်။ အဲ ၁၇၁ သိန်းကနေ ကျန်တဲ့ငွေတွေကိုကျတော့ ကျနော်က ကယား ပြည်နယ် ဖရူဆို ဘက်မှာ ရေတူးလို့မရဘူး၊ တူးလို့မရဘူးဆိုတော့ သူတို့ရဲ့ တောင်ကျရေတွေကနေ ပိုက်နဲ့ သွယ်နေတာတွေ ရှိတယ် အဲ့ဒီမှာ ဆက်လှူဖို့တော့ ဆက်ထားတယ်၊ အမေ့မွေးနေ့အမှီကိုတော့ အဲ့ဒါတွေ လှူဖို့ လုပ်ထားပါတယ်။
အမေ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းက “အမေ အသက်ရာကျော် ရှည်ပြီးတော့ နိုင်ငံ့ တာဝန်တွေကို ဒီထက့်မက ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေလို့” အဲဒါပဲ ဆုတောင်းချင်တာ။ အဓိကက အသက်ရှည်မှပဲ ဒီမြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အနာဂတ်အတွက် အများကြီးဆက်လုပ်နိုင်မှာကိုး၊ အဓိကက အသက်ရှည်ပါစေလို့ပဲ ဆုတောင်းချင်တယ်။
အမေဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲပေါ့၊ နိုင်ငံတနိုင်ငံမှာ အခရာဖြစ်တာ ပြည်သူလူထုပဲ။ ပြည်သူလူထု ပါဝင်မှသာလျှင် နိုင်ငံတနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေက ပြည်သူလူထုနဲ့အတူ ပြောင်းလဲ နိုင်မယ်၊ နောက်တခုက အမေ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရနဲ့အတူ လက်တွဲပြီးတော့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပူးပေါင်းဆောင်ရွက်တော့မှ သူပြောသလိုပဲ မြန်မာနိုင်ငံဟာ ဟိုးအရင်ကလို ကမ္ဘာမှာ ဦးမော့နိုင်မယ့် အနေအထားမျိုး ဖြစ်လာမယ်လို့ ကျနော်ကတော့ ဒီလိုပဲထင်တယ်။