နားကလည်း လူတွေရဲ့ ဆက်သွယ်ရေးမှာ အဓိကကျတဲ့ အင်္ဂါအစိတ်အပိုင်း တခုပါ။ အကြားအာရုံ ချို့ယွင်းတာက လူမှုနယ်ပယ်မှာ အတော် ဒုက္ခရောက်ပါတယ်။ ပြေတာမကြား၊ ထင်တာပြန်ပြောနဲ့ လူရောစိတ်ပါ ပင်ပန်းရတဲ့ ကိစ္စပါ။ နားအကြားအာရုံ မထိပါးအောင် ထောက်ကူပေးမှာလေးတွေ သိထားသင့်ပါတယ်။
နားဖာချေး
အသက်အရွယ် ရလာလေလေ နားဖာချေးက ထွက်လေလေပါ။ နားဖာချေး ထူထပ်လာတာကလည်း နားလေးစေတဲ့ အကြောင်းတခုပါ။ ပုံမှန်အားဖြင့်တော့ နားဖာချေးက သီးသန့် ကော်ထုတ်နေစရာ မလိုဘဲ နားက သဘာဝ အလျှောက် သန့်စင်ပေးတာပါ။ မာကျောလာ၊ ခဲလာရင်တော့ နားထိုင်းတဲ့ ပြဿနာ ဖြစ်တာပေါ့။ အဲဒီလို အခါမျိုးမှာ အိပ်ယာမဝင်ခင် သံလွင်ဆီလေး တစက်၊ နှစ်စက်လောက် နားထဲထည့်ပြီး အိပ်စက်တာက အဆင်ပြေတယ်လို့ ဆိုပါတယ်။
ဟောက်သံ
ကိုယ်တိုင် ဒါမှမဟုတ် အတူအိပ်သူက ဟောက်တတ်ရင်တော့ အိပ်တဲ့အခါ နားကိုအဆို့လေးနဲ့ဆို့ပြီး အိပ်စက်သင့်ပါတယ်။ သိပ်နီးကပ်နေသူအတွက် ဟောက်သံ ကျယ်ကျယ်က ၉၀ ဒက်စီဘယ် လောက်ရှိတာမို့ လမ်းကြိတ်စက်သံ အနားမှာ ရှိနေတာထက်တောင် ပိုတယ်လို့ အဆိုရှိပါတယ်။ လက်တွေ့သုတေသန ပြုချက်တွေကလည်း အဲသလို ဟောက်သူနဲ့ အတူအိပ်စက်တာက နားထိုင်းစေတယ် ဆိုတာကို အခိုင်အမာ ထောက်ခံကြပါတယ်။
အဆီ
သွေးထဲမှာ ကိုလက်စထရောတွေ များလို့ သွေးကြောတွေ ကျဉ်းလာတဲ့အခါ အတွင်းနားကို သွေးလည်ပတ်မှု နည်းသွားပြီး နားထိုင်းစေတယ်လို့ ဆိုပါတယ်။ ကိုလက်စထရော များတာနဲ့ နားထိုင်းတာ ဆက်စပ်မှုကို လေ့လာ စမ်းသပ်ချက်တွေ ကလည်း အတည်ပြုကြပါတယ်။ အဆီတွေ လျှော့စားသင့်တာပေါ့။
ကိုယ်လက်လှုပ်ရှား
နားထိုင်းနေသူတွေတောင်မှ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ အကြားအာရုံ ပြန်တက်လာတာတွေ ရပါသတဲ့။ လှုပ်ရှားမှုမရှိဘဲ သီချင်းသံ ကျယ်ကျယ်နဲ့ နေတတ်သူတွေ အဖို့တော့ နားလေး၊ နားထိုင်း ဖြစ်လာတာ တွေ့ရပါသတဲ့။ ဒါပေမဲ့ လေ့ကျင့်ခန်း၊ လှုပ်ရှားမှုတွေကို သီချင်းသံ အကျယ်ကြီးနဲ့ လုပ်သူတွေမှာတော့ နားထိုင်းတာကို တွေ့ရပြန်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ
အစားအသောက်တွေကလည်း နားအကြားအာရုံမှာ အထောက်အကူ ဖြစ်စေပါတယ်။ အထူးသဖြင့် ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ဘီ၊ မဂ္ဂနီဆီယမ် သတ္တုဓာတ်တွေက အကြားအာရုံ ကောင်းစေတယ်လို့ ဆိုပါတယ်။ အဆီများတဲ့ ငါးတွေကတော့ နားအကြားအာရုံကို ကာကွယ်တာမို့ စားသင့်တယ်လို့ ဆိုပါတယ်။
အထက်မှာ ပြောခဲ့တဲ့ အချက်တွေက လွယ်ကူရှင်းလင်းလှပါတယ်။ လိုက်နာကျင့်ကြံပြီး နားထိုင်းသူ မဖြစ်ရအောင် ကြိုတင် ကာကွယ်ထားကြပါစို့။