လူမှုကွန်ရက် ဖေ့ဘုတ်သုံးစွဲသူအရေအတွက် တောရောမြို့ပါ များပြားလာတာနဲ့အမျှ ဖေ့ဘုတ်က လူတွေရဲ့ နေ့စဉ်ဘဝဖြစ်လာတယ်။ မနက်မိုးလင်းလို့ မျက်စိနှလုံးဖွင့်ပါပြီဆိုကတည်းက ဖေ့ဘုတ်နဲ့ နိုးထကြသူတွေ ရှိတယ်။
မိုးစုန်းစုန်းချုပ်လို့ အိပ်ရာထဲရောက်တဲ့အထိ ဖေ့ဘုတ်နဲ့ မျက်စိ ခွာမရ ဖြစ်နေကြသူတွေ ရှိတယ်။ ဖေ့ဘုတ်ကို အရွယ်စုံ လူမျိုးစုံတို့က ရည်ရွယ်ချက်မျိုးစုံနဲ့ သုံးနေကြတယ်။ ကျနော်တို့ဆီမှာ သာမန် လက်လုပ်လက်စား တောင်သူယာလုပ် ဓားမခုတ်မှသည် ပြည်ထောင်စုဝန်ကြီးတွေ၊ အမတ်တွေ၊ လွှတ်တော်ဥက္ကဌတွေထိ သုံးနေကြတယ်။
တချို့နိုင်ငံတွေမှာတော့ လူမှုကွန်ရက်သုံးကြရာမှာ ဖေ့ဘုတ်အစား တွစ်တာ အသုံးပြုကြတယ်။ ဖေ့ဘုတ်ရဲ့ အားသာချက် တွေကလည်း ရှိနေတယ်။ အချိန်နဲ့ တပြေးညီ အနယ်နယ်အရပ်ရပ်က သတင်းတွေ သိလို့ရနေတယ်။ အဝေးရောက် ပေါင်း ဟောင်းသင်းဟောင်း ဆရာသမားဟောင်းတွေနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေး တည်ဆောက်ထားလို့ ရနေတယ်။ ဈေး ကွက်ချဲ့ထွင်လို့ရတဲ့ နေရာတခုလည်းဖြစ်တယ်။
ပညာဗဟုသုတ ရှာလိုသူတွေအတွက်လည်း ရေကန်အသင့် ကြာအသင့်။ ဇာထိုးပန်းထိုး ပန်းအလှပြင်နည်း ကစလို့ ရေ ငုပ် သဘောၤတည်ဆောက်ရေး ဒုံးပျံလွှတ်တင်နိုင်ရေး အထိ လေ့လာလို့ရတယ်။ တဖက်တလမ်းက ဝင်ငွေရှာချင်သပ ဆို ရင်လည်း အွန်လိုင်း အရောင်းဆိုင်လေးပါ တွဲဖွင့်ထားလို့ရသေးတယ်။
နိုင်ငံရေး အဖွဲ့အစည်းတွေ ပါတီတွေ သမဂ္ဂတွေ ကွန်ရက်တွေရဲ့သဘောထားကြေညာချက်တွေ ထုတ်ဖော်ရာ နေရာ လည်းဖြစ်တယ်။ ပိုက်ဆံအိတ်ပျောက်သူ ပက်စ်ပို့စာအုပ်ပျောက်သူ ဖုန်းပျောက်သူတွေအတွက်လည်း အခမဲ့ ကြော်ငြာ နိုင်သေးတယ်။
အင်ဂျင်နီယာ ပညာရပ်တွေ၊ ဗိသုကာဒီဇိုင်းတွေ၊ ဖက်ရှင်တွေ လေ့လာနိုင်သလို မှိုစိုက်ပျိုးနည်း ချက်နည်းပြုတ်နည်းတွေ ဝါသနာပါရင်လည်း လေ့လာလို့ရတယ်။ ဆားဝက်ခြံ ပျောက်နည်းကနေ ကင်ဆာပျောက်နည်း အထိ ကုထုံး အထွေထွေ ရှိတယ်။
ခရီးထွက်တာ ဝါသနာပါရင် အပန်းဖြေနေရာတွေ၊ ဟိုတယ် တည်းခိုခန်းခ နှုန်းထားတွေ၊ ခရီးသွားလုပ်ငန်းတွေ လေ့လာ နိုင်တဲ့ နေရာလည်းဖြစ်တယ်။ အိမ်ခြံမြေ ရောင်းဝယ်ငှားနဲ့ တိရိစ္ဆာန် ချစ်သူတွေအတွက်လည်း ဝါသနာတူ စရိုက်တူ အဖွဲ့ လေးတွေရှိလို့ အဖွဲ့ဝင်ထားလို့ရတယ်။
ပန်းချီ၊ ပန်းပု ဂီတ၊ ရုပ်ရှင် ၊သဘင် ၊ စာပေအနုပညာရပ်တွေ စိတ်ဝင်စားသူတွေအတွက်လည်း ဖေ့ဘုတ်ကြီးက တံခါးဖွင့် ကြိုဆိုနေတယ်။
လောကနိယာမအရ ဖေ့ဘုတ်သုံးတာ ကောင်းတာရှိသလို ဆိုးတာတွေလည်းရှိတယ်။ ဖေ့ဘုတ်ကို စနစ်တကျ အသုံးမပြု ဘဲ တပါးသူတွေ ဂုဏ်သရေ ညှိုးနွမ်းအောင် တင်တဲ့အခါ အသရေဖျက်မှုမြောက်ပြီး တရားတဘောင် ရင်ဆိုင်ကြရသူတွေ လည်းရှိတယ်။
ဂုဏ်သိက္ခာ ထိပါးစေတဲ့အထိ ရေးခဲ့လို့ဆိုပြီး ကဗျာရေးသူတယောက် ထောင်ဒဏ်ကျခံခဲ့ရတယ်။ မိန်းကလေး တွေ့တိုင်း တဟိုင်းဟိုင်း လုပ်တတ်တဲ့ အွန်လိုင်းမင်းသားတချို့ရဲ့ အယုံသွင်းစကားတွေ ယုံကြည်ပြီး ဘဝပျက်သွားရတဲ့ မိကောင်း ဖခင်သားသမီးတွေရှိခဲ့တယ်။
တကယ် အစွမ်းထက်တဲ့ တိုင်းရင်းဆေးစွမ်းကောင်းတွေ ဝေမျှတာရှိသလို ထင်ရာမြင်ရာ ဆေးမြီးတိုတွေ တတ်ယောင်ကား တွေရဲ့ပွဲတွေ့ကုထုံးတွေ အဟုတ်မှတ်ပြီး လိုက်လုပ်ကြလို့ ကိုယ်ကျိုးနည်းရတဲ့အဖြစ်တွေလည်း ရှိတယ်။
အွန်လိုင်းပေါ်မှာ စရင်း နောက်ရင်း အကျီစားသန်လို့ ဆွေပြတ် မျိုးပြတ်ဖြစ်သွားပြီး မခေါ်နိုင် မပြောနိုင် ဖြစ်သွားရသူတွေ လည်း ဒုနဲ့ဒေးပါပဲ။ ချဲထီဝါသနာရှင်နဲ့ ဘောလုံးလောင်းကြသူတွေအတွက်လည်း တွက်နည်း ကုဋေကဋာနဲ့ ခန့်မှန်း အသ ငေ်္ချ ရှိနေပါတယ်။
အင်တာနက်နဲ့ ဘယ်တုံးကမှ လက်ပွန်းတတီးမဖြစ်ခဲ့သူတွေကိုပဲ ဖေ့ဘုတ်ကို အလွယ်တကူ အသုံးပြုနေကြပြီဖြစ်တယ်။ တယ်လီဖုန်း ဆင်းကဒ်တွေ ဈေးပေါပေါနဲ့ လွယ်လင့်တကူ ဝယ်ယူနိုင်တဲ့အပြင် Android ဖုန်းတွေကလည်း လူတိုင်းနီးပါး ကိုင်ဆောင်လာကြတော့ လွန်ခဲ့တဲ့ လေးငါးနှစ်ကထက် ပိုပြီး ဖေ့ဘုတ်ကို သုံးဖြစ်လာကြတယ်။
ဖေ့ဘုတ်က တားဆီးလို့ မရနိုင်တဲ့ ခေတ်ရေစီးကြောင်း ဖြစ်နေပြီ။ ဖေ့ဘုတ်က လူမှုကွန်ရက်ဖြစ်တာနဲ့အညီ အသုံးပြုသူရဲ့ အသိပညာ ရေချိန်အလိုက် ကြိုက်ရာ ရွေးသုံးလို့ရတယ်။ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ ပရဟိတ၊ စစ်ရေး၊ အပျော် အပါး၊ လိင်ကိစ္စ၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊သိပ္ပံ၊ သုတေသန၊ အနုပညာ၊ ဟာသ၊ ကြိုက်ရာ ရွေးလို့ရတယ်။ ကိုယ့် ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။
ဖေ့ဘုတ်က အတုအယောင် ကမ္ဘာတခု ဆိုပေမယ့် လူတွေရဲ့ အတွင်းစိတ်ကို အတိုင်းသား မြင်နေရတယ်။ ဖေ့ဘုတ်ပေါ်မှာ အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေလည်း ရှိတယ်။ ငါ့လောက ငါ့အဖွဲ့ ငါ့အသင်း ငါ့ပါတီကို မထိနဲ့ ဆိုသူတွေက အများသား။
ဘာသာရေးအစွန်းရောက် နိုင်ငံရေး အစွန်းရောက်ကြသူတွေလည်း တောင်ပုံရာပုံပါပဲ။ တဖက်သား အားနည်းချက် ဖိနှိပ်ဖို့ ဝန်မလေးသူတွေလည်း ရှိနေပါတယ်။ ကျနော်ကတော့ အဲဒီလိုလူတွေဆိုရင် အပေါင်းအသင်းမလုပ်ဘူး။ မျက်နှာနာရမယ့် သူ ဆိုရင်လည်း သူတင်တဲ့ ပို့စ်တွေမှန်သမျှ မတို့မထိဘဲ ကျော်သွားလိုက်တယ်။ အဲဒီလိုလုပ်ရင် သူတင်တဲ့ပို့စ်တွေ နောက် မတွေ့ရတော့ဘူး။
ဖေ့ဘုတ်က ကျနော်တို့ဆီမှာ ဆက်ပြီး အသုံးတည့် တွင်ကျယ်နေဦးမှာဖြစ်တယ်လို့ မိတ်ဆွေတယောက်က ဟောကိန်း ထုတ်တယ်။ သူပြောပုံအရ ဖေ့ဘုတ်က ကျနော်တို့ လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျ ကွက်တိဖြစ်နေတယ်။
ဖေ့ဘုတ်မှာ မသိမသာလေး ကြွားလို့ရတယ်။ အလှူအတန်း ရက်ရောသူလိုလို ကုသိုလ်ရေး လက်မနှေးသူလိုလို ဟိတ် ဟန်ထုတ်လို့ရတယ်။ လူတတ်ကြီး စတိုလ်ထုတ် ဆရာကြီး လုပ်လို့ရတယ်။ အချင်းချင်း ချက်ဘောက်စ်ကနေ အတင်းတုပ် လို့ရတယ်။ ရောက်တဲ့နေရာ တွေ့တဲ့လူနဲ့ မှတ်တမ်းတင်လို့လည်း အဆင်ပြေတယ်။
အဆင်မပြေမှုတွေ ပွင့်အံထုတ်လို့ရတဲ့နေရာလည်း ဖြစ်တယ်။ ဒီကြားထဲ ရွှေလူမျိုးတွေ အကြိုက် အပလီကေးရှင်းလေးတွေ ကလည်း မရိုးနိုင်အောင် မကြာခဏ ပေါ်နေတယ်။ သူ့ထက်ကောင်းတာတောင် သူလောက် ကောင်းမှာ မဟုတ်ဘူးတဲ့။
ဖေ့ဘုတ်ပေါ်မှာ အငြီးပြေ ဟာသလေးတွေ သရော်စာလေးတွေ တင်ကြသူတွေရှိတယ်။ တချို့က သဘာဝရှုမျှော်ခင်း ပန်း ချီတွေ ကျေးလက်ဒေသ ဓာတ်ပုံတွေတင်ပြီး ဖေ့ဘုတ်သုံးသူတွေကို ဝေမျှကြတယ်။ အဲဒီလို လူတွေကို ကျေးဇူးတင်ရ တယ်။ အစစအရာရာ မွန်းကျပ် ပိတ်လှောင်နေတဲ့ အွန်လိုင်းပေါ်မှာ အဲဒီလို လူတွေကြောင့် ခေတ္တခဏဖြစ်ဖြစ်ထွက်ပေါက် ရရှိစေလို့ပါ။
ဖေ့ဘုတ်ကို ထမင်းမေ့ဟင်းမေ့ အလွန်အကျွံ သုံးစွဲနေကြသူတွေရှိတယ်။ တချို့ ဝန်ထမ်းငယ်တွေက လစာရဲ့ တဝက် လောက် ဖုန်းငွေဖြည့်ရာမှာ သုံးနေကြတယ်။ အွန်လိုင်းပေါ်မှာ အမြဲရှိပြီး မီးစိမ်းအမြဲပြနေတဲ့ အမြဲစိမ်းတွေလည်းရှိကြတယ်။ ဘာစားတယ်၊ ဘာလုပ်တယ်၊ ဘယ်သွားတယ် စတဲ့ ဘာလုပ်လုပ်တင်နေကြတဲ့ မယ်တင် မောင်တင်တွေလည်းရှိပါ့။
သူတို့က ထမင်းစားလည်းတင် ရေသောက်လည်းတင် မီးလောင်၊ ရေကြီးတော့လည်းတင် အလှူမင်္ဂလာပွဲလည်း တင်ကြ သူတွေဖြစ်တယ်။ အဲဒီလူတွေကြောင့် တခါတရံ ပျော်ရသလို တခါတလေတော့လည်း စိတ်ပျက်ရတာတွေရှိတယ်။
ဖေ့ဘုတ်ကို အကျိုးရှိရှိ အသုံးချကြသူတွေလည်းရှိတယ်။ များပြားလှတဲ့ ပရဟိတအဖွဲ့တွေက အများအကျိုးအတွက် အွန် လိုင်းကို စနစ်တကျ အသုံးချသူတွေဖြစ်ကြတယ်။
ဖေ့ဘုတ်လောကမှာ ဆယ်လီတွေရှိနေတယ်။ သူတို့မှာ တစုံတခုသော အတိုင်းအတာထိ အားတွေရှိနေတယ်။ အကူအညီ တောင်းရတဲ့ ကိစ္စတွေ၊ လူသိများစေချင်တဲ့ ကိစ္စတွေမှာ သူတို့ကို အကူအညီတောင်းပြီး သူတို့ဝေါလ်မှာ တင်လိုက်ရင် လူပို သိသွားနိုင်တယ်လေ။
ဖေ့ဘုတ်ပေါ်တင်လိုက်လို့ ပြုပြင်သွားတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ မိတ်ဆွေဆီမှာလည်း ပြောစရာတခုခု ရင်ထဲမှာ ရှိနေနိုင်ပါတယ်။ ပြောစရာ အကြောင်းအရာကို အွန်လိုင်းပေါ် တင်ကြည့်လိုက်လေ။ ရင်ထဲပေါ့သွားတာပေါ့။