မြန်မာ့ စာပေပညာရှင်၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ပုံရေး အတ္ထုပ္ပတ္တိ စာအုပ် ပေးအပ်ပွဲနှင့် ကလေးများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သခင်ကိုယ်တော်မှိုင်း၏ ဇာတိ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါလည်ကျေးရွာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
ယင်း အခမ်းအနားသို့ ရပ်မိရပ်ဖများ၊ ဆရာကြီး၏ ဆွေမျိုးများ၊ ပညာရေးမှူးများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဌာနမှ ဦးစီးအရာရှိများ၊ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းများ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ပြီး အခမ်းအနားအပြီး စာအုပ်အပေါ် ကလေးများ၏ ဖတ်နိုင်စွမ်းနှင့် ထင်မြင်ချက်များ မေးမြန်း မှတ်တမ်းတင်ခဲ့သည်။
ဇလွန် မြို့မ ကျောင်းမှ ဆဋ္ဌမတန်း ကျောင်းသား မောင်ဉာဏ်လင်းထက်က “ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပညာကို ကြိုးစားပုံ၊ မျိုးချစ်စိတ် ရှိပုံကို အကြိုက်ဆုံးဖြစ်ပါသည်။ ဆရာကြီးလို မျိုးချစ်စိတ်ဓာတ် ရှိအောင် ကြိုးစားပါမယ်၊ ပညာကိုလည်း ကြိုးစားပါမယ်၊ စာရိတ္တကောင်းအောင်လည်း ကြိုးစားပါမယ်၊ လူကြီး မိဘတွေကိုလည်း ရိုသေပါမယ်” ဟု သဘောထား ထင်မြင်ချက်တွင် ရေးသားထားသည်။
သခင် ကိုယ်တော်မှိုင်း ပညာပေး ပုံရေး အတ္ထုပ္ပတ္တိအား The Nippon Foundation ၏ ငွေကြေး ပံ့ပိုးမှုဖြင့် Moving Forward Together (Implementing Organization) မှ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရေး မန်နေဂျာ ဒေါ်ကြည်ကြည်ငြိမ်းက ဇာတ်ညွှန်းခွဲ ရေးသားပြီး ကာတွန်းဆရာ တင်အောင်နီက ရေးဆွဲကာ အသက် ၉ နှစ်မှ ၁၅ နှစ်ကြား ကလေးများအတွက် ရည်ရွယ်ထုတ်ဝေကြောင်း သိရသည်။
Entrepreneurship Development Network Asia (EDNA-Myanmar) ကုမ္ပဏီ ဦးဆောင်သူလည်း ဖြစ်သည့် အကောင်အထည် ဖော်ဆောင်ရေး ပရိုဂရမ် ဒါရိုက်တာ ဒေါ်ကြည်ကြည်ငြိမ်းက “ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပညာပေး ပုံရေး အတ္ထုပ္ပတ္တိက ဒုတိယ ပုံနှိပ်စာအုပ်ပါ။ ပထမ စာအုပ်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ အကြောင်းပါ။ ရည်ရွယ်ချက်ကတော့ အခုလို ပညာပေးပုံရေး စာအုပ်တွေကတဆင့် မြန်မာ့ ခေတ်သစ် သူရဲကောင်းတွေ အကြောင်း ခေတ်အခါနဲ့ သမိုင်းဖြစ်စဉ်ကို ကလေးတွေ သိရှိအားကျစိတ် နိုးကြားစေဖို့၊ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေ ကလေးတွေ သိရှိလာပြီး အချင်းချင်းကြားမှား အပြန်အလှန် လေးစားစွာ ဆက်ဆံလာပြီး မိမိဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုအလုပ်တွေမှာ ပါဝင်လာစေဖို့ပါ” ဟု ပြောသည်။
သူက ဆက်လက်ပြီး “အခုလို ပညာပေး ပုံရေး အတ္ထုပ္ပတ္တိစာအုပ် စီစဉ် ဖြစ်တာက ဒီလိုပါ။ ဂျပန်မှာ သချၤာ၊ သမိုင်း၊ သိပ္ပံ စတဲ့ ဘာသာရပ်တွေမှာ ကလေးတွေကို ကောမစ် ကာတွန်းပုံလေးတွေနဲ့ သင်ကြားပေးတာကို တွေ့မိပြီး၊ ကျမတို့ ဆီမှာလည်း အခုလို လေးစားစရာ အားကျစရာ သမိုင်းဝင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း ရေးဆွဲပြီး ကလေးတွေကို အသိပညာပေးဖို့ စီစဉ်ဖြစ်တာပါ။ နောက်ထပ်လည်း ဂျာနယ်ကျော် မမလေး အကြောင်း အခုလို ပညာပေး ပုံရေးဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
Nippon Foundation သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းအတွင်း မြို့နယ် ကျေးရွာများနှင့် တခြား ဒေသများရှိ အခြေခံပညာ ကျောင်းများ၊ စာကြည့်တိုက်နှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ အတွက် ငွေကြေးလှူဒါန်းလျက်သည်။ ယင်း အဖွဲ့သည် အကျိုးအမြတ် မရည်ရွယ်ဘဲ ပညာရေး၊ ကျန်းမာရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် လှူဒါန်း အားပေး လုပ်ဆောင်နေသော ၁၉၆၂ ခုက ထူထောင်ခဲ့သည့် ဂျပန်နိုင်ငံ အခြေစိုက် ဖောင်ဒေးရှင်း တခုဖြစ်သည်။