ပြည်တွင်းမှာ Land Criuserလို့ ဆိုလိုက်ရင် မသိသူ မရှိလောက်အောင်ကိုပဲ လူသိများပါတယ်၊ လူကြိုက်လည်း များပါတယ်၊ အရင်စစ်အစိုးရလက်ထက်မှာ Toyota Land Cruiser ကားစီးတယ်ဆိုရင် ဒိတ်ဒိတ်ကြဲ ချမ်းသာ သူတွေမှ စီးနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးရှိခဲ့ပြီး အဲဒီအမျိုးအစားကားကို တော်ရုံတန်ရုံ ငွေကြေးရှိရုံနဲ့ မစီးနိုင်ခဲ့ ကြပါဘူး။
ဒီနေ့ အဲဒီ Land Cruiserအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဂျပန် အခြေစိုက် Toyotaရဲ့ ထုတ် လုပ်မှု ဖြစ်ပြီးတော့ ၁၉၅၁ခုနှစ်ကတည်းကနေ ထုတ်လုပ်နေခဲ့တာ ဖြစ်ပေမယ့် ဇိမ်ခံ အဖြစ်နဲ့ တန်ကြေးကြီး မော်ဒယ်ဖြစ်နေလေတော့ Corollaလို မော်ဒယ်လောက်တော့ အစီးရေ အများအပြား ရောင်းချနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
လမ်းကြမ်းမောင်း မော်ဒယ် အဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပြီး လေးဘီးယက်စနစ်နဲ့ လာပါတယ်။ ဒီမော်ဒယ်နဲ့ ပတ်သက်ပြီး မှတ်တမ်းဝင်နေတာက တစ်ချက်ကို ပြောရမယ် ဆိုရင်တော့ Toyotaထုတ်လုပ်သမျှ မော်ဒယ် တွေထဲမှာ သက်တမ်းအရင့်ဆုံး မော်ဒယ် အနေနဲ့ ရပ်တည်နေနိုင်တာ ဖြစ်ပြီး လက်ရှိ အချိန်ထိအောင်လည်း ထုတ်လုပ်နေဆဲပါ။ ၁၉၅၁ခုနှစ်မှာ Land Cruiserကို စတင်ထုတ်လုပ်ချိန်က အစီးရေ ၉၀ပဲ ထုတ်လုပ် ရောင်းချခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်က လူကြိုက်များနေတဲ့ Jeepရဲ့ မော်ဒယ်ကို တုပနိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ် ပြည်တွင်းမှာ လူသိနည်းသေးတဲ့ အကြောင်းတစ်ခုကို ပြောရမယ် ဆိုရင် ပြည်တွင်းမှာ Land Cruiser ကို SUV မော်ဒယ် အနေနဲ့ပဲ လူသိများတာ ဖြစ်ပေမယ့် တကယ်တမ်းကတော့ ထုတ်လုပ်မှု သက်တမ်း တလျှောက် အမိုးဖွင့် မော်ဒယ်၊ Hardtopလို့ ခေါ်တဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်၊ Wagon ကိုယ် ထည်နဲ့ Pick-up Truck မော်ဒယ်တွေ အဖြစ်ပါ ထုတ်လုပ်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒီမော်ဒယ်နဲ့ ပတ်သက် ပြီးလူကြိုက်များစေတဲ့ အချက်ကတော့ မော်ဒယ်ရဲ့ အရည်အသွေး အပေါ်မှာ ယုံကြည်စိတ်ချရမှုနဲ့ ရေရှည် အသုံးပြုနိုင်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ သြစတြေးလျမှာ ဆိုရင် အခုချိန်ထိ Land Cruiserနဲ့ တန်းတူ အမျိုး အစား မော်ဒယ်တွေထဲမှာ သူ့လောက် လူကြိုက်များတဲ့၊ ရောင်းချရတဲ့ မော်ဒယ် မရှိသေးပါဘူး။ ဒါဟာ လမ်း ကြောင်း၊ ရာသီဥတုစတဲ့ အခြေခံ အချက်တွေက အစ အားလုံး အဆင်ပြေတာကြောင့်လည်း ဖြစ်ပါတယ်။
Land Cruiserရဲ့ ရှေ့ထွက်မော်ဒယ်တွေကတော့ ဇိမ်ခံထက် လမ်းကြမ်းမောင်း မော်ဒယ်အဖြစ် ပွဲထွက်လာခဲ့ပြီး ၁၉၅၁ခုနှစ်ကနေ ၁၉၅၅ခုနှစ်ထိအောင် BJနဲ့ FJ အဆင့်ခွဲပြီး ထုတ်လုပ်ခဲ့ပါတယ်။ တံခါးနှစ်ပေါက်စနစ်နဲ့ မော်ဒယ်တွေ ဖြစ်ပြီးတော့ အင်ဂျင်စနစ်က ၃ ဒသမ ၄လီတာသုံးနဲ့ ၃ ဒသမ ၉လီတာသုံး အင်ဂျင်တပ်တွေ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အောင်မြင်မှု ရလာတဲ့ Land Cruiserက စစ်ဖက်သုံး မော်ဒယ်တွေပါ ထုတ်လုပ်လာပြီး ၁၉၅၅ခုနှစ်ကနေ ၁၉၆၀ထိအောင် J20နဲ့ J30အဆင့်ခွဲတွေ ထွက်လာပါတယ်။ အဲဒီလို စစ်ဖက်သုံး မော်ဒယ် တွေ အပြင် ၁၉၆၀ကနေ ၁၉၈၄ခုနှစ်ထိအောင်တော့ လမ်းကြမ်းမောင်း စစ်စစ်၊ စစ်ဖက်သုံး မဟုတ်တဲ့ J40လို အဆင့် တွေ ထွက်လာပါတယ်။ ဒီမော်ဒယ်တွေကတော့ Land Roverရဲ့ Discovery မော်ဒယ်မျိုးနဲ့ ဆင်တူတာ လည်း တွေ့နိုင်ပါတယ်။
၁၉၈၄ခုနှစ်ကနေ ဒီနေ့ခေတ်ထိအောင် ထုတ်လုပ်နေတဲ့ မော်ဒယ်တွေကိုတော့ J70အဆင့်ခွဲ အနေနဲ့ သတ် မှတ်ပါတယ်။ ဗင်နီဇွဲလားဈေးကွက်မှာ Machitoနဲ့ ဟေတီမှာ Zo Rekenလို့ ခေါ်တာကလွဲလို့နိုင်ငံတကာ ဈေးကွက်မှာတော့ Land Cruiserပါပဲ။ ၂.၄လီတာသုံး အသေးဆုံး အင်ဂျင်စနစ်ကနေ ၄ ဒသမ ၅လီတာသုံး အထိအောင် အင်ဂျင်အရွယ်အစားပေါင်း ၁၄မျိုးထုတ်လုပ်ပါတယ်။ ဒါက လမ်းကြမ်းမောင်း မော်ဒယ်တွေရဲ့ ဆင့်ကဲအပိုင်းပါ။
နောက်ထပ် ဇိမ်ခံ မော်ဒယ်တွေရဲ့ အကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ ၁၉၆၇ခုနှစ်မှာမှ ဇိမ်ခံပုံစံ အဆင့်မြင့် မော်ဒယ်ကို စတင် ထုတ်လုပ်လာခဲ့တာပါ။ ၁၉၈၀ခုနှစ်ထိအောင် J50အဆင့်ခွဲကို ထုတ်လုပ်ပါတယ်။ ၃ ဒသမ ၉လီတာသုံးနဲ့ ၄ ဒသမ ၂လီတာသုံး အင်ဂျင်စနစ် နှစ်မျိုး ရနိုင်ပါတယ်။
၁၉၈၀ကနေ ၁၉၈၉ခုနှစ်ထိအောင်တော့ J60အဆင့်ခွဲ ထွက်လာပါပြီ။ ဗင်နီဇွဲလား ဈေးကွက်မှာ Samuraiလို့ ခေါ်ကြပြီး သူ့မှာတော့ အင်ဂျင်စနစ် ၆မျိုး ထုတ်လုပ်လာခဲ့ပါပြီ။ ၁၉၉၀ခုနှစ်မှာတော့ J80အဆင့်ခွဲ ထွက်လာပါပြီ။ ၁၉၉၇ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့သလို အဆိုပါ မော်ဒယ်တွေ ပြည်တွင်းမှာ လွယ်လွယ်တွေ့နိုင်နေပါတယ်။ SUVကိုယ်ထည်နဲ့ ထုတ်လုပ်လာခဲ့ပြီ ဖြစ်သလို အင်ဂျင်စနစ် ၄မျိုး ရလာပါတယ်။
၁၉၉၈ခုနှစ်ကနေ ၂၀၀၇ခုနှစ်ထိအောင်တော့ J100အဆင့်ခွဲ ထွက်လာပါတယ်။ ဒီမော်ဒယ်တွေက ပြည်တွင်း Land Cruiserအသိုင်းအဝိုင်းမှာ အစီးရေ အများဆုံး ရှိနေတဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။ Lexus LX 470 လို့ လည်း ခေါ်ပြီး အင်ဂျင်စနစ် ၅မျိုး ထွက်ပါတယ်။ အခု နောက်ဆုံး Land Cruiserရဲ့ မျိုးဆက်ကိုတော့ J200လို့ အဆင့်ခွဲ သတ်မှတ်ပြီး ၂၀၀၇ခုနှစ်ကနေ စတင် ထုတ်လုပ်နေခဲ့တာ ဖြစ်ပြီး Roraimaလို့လည်း ဗင်နီဇွဲလားမှာ ခေါ်သလို ဥရောပမှာတော့ Land Cruiser V8လို့ ခေါ်ကြပါတယ်။ Lexus LX 570အဖြစ်လည်း အာရှ ဈေးကွက်မှာ လူသိများပြီး အင်ဂျင်စနစ် ၅မျိုး ထွက်ရှိပါတယ်။