ဆယ်စုနှစ်တခုကျော်ကြာ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ကိုင်တာမတွေ့ရတော့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် အကယ်ဒမီ မေသန်းနုတို့ ပြန်လည်တွဲဖက်ပြီး “ထာဝရ အမေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင်ရိုက်ကူးကြတော့မှာပါ။
ဒီလို ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ ပြန်လည်တွဲဖက်ပြီး အနုပညာအလုပ် တွေကို လုပ်ကိုင်လာရတဲ့ အကြောင်းအရင်းရှိပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ တဦးတည်းသောသားဖြစ်သူ မင်းသန့်မောင်မောင်ကို ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ လက်ထောက်ဒါရိုက်တာအဖြစ်နဲ့ ပွဲဦးထွက် အနုပညာ အလုပ်တွေအား လုပ်ကိုင်နိုင်ဖို့အတွက် ဖခင်နဲ့ မိခင်ဖြစ်သူတို့က ပြန်လည် ပေါင်းစုံ ကူညီပံ့ပိုးပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော် ဒီဇာတ်ကားမှာ လက်ထောက်ဒါရိုက်တာအနေနဲ့ အဖေ့ကို ကူညီပါမယ်။ သင်ယူပါမယ်။ ကျနော် ရိုက်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာတစ်နိုင်ငံလုံးကို ကျနော့်မှာ အဖေရှိပါသေးတယ်၊ ကျနော့်မှာ အမေ ရှိပါသေးတယ်ဆိုတာမျိုးကို ပြချင်တာပါ။ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် ကျနော် အကယ်ဒမီကြီးရမှ၊ ဘာကြီးရမှလို့လည်း မမျှော်လင့်ပါဘူး။ ပရိသတ်တွေက မေသန်းနု သရုပ်ဆောင်တာတော်တယ်၊ စင်ရော် မောင်မောင် ရိုက်ပြသွားတာ ကောင်းတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ ပြီးတော့ ကျနော်ရယ် သူတို့နှစ်ယောက် ပေါင်းရင် ဘယ်လောက်ထိရောက်နိုင်မလဲဆိုတာပါ သိချင်လို့ပါ။ အဖေနဲ့အမေ က မရိုက်တာလည်း ကြာတော့ သူတို့ကို စောင့်မျှော်နေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးဆပ်ရာကျတာပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။
“ထာဝရအမေ” လို့ အမည်ပေးထားတဲ့ ဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာ အမေ တစ်ယောက်ရဲ့ သားအပေါ် ထားတဲ့ မေတ္တာတရား၊ ပင်းပန်ဆင်းရဲမှု၊ အနစ်နာခံမှုတွေအကြောင်းကို ဖော်ကျူးထားတဲ့ ဇာတ်ကား ပုံစံဖြစ်ပါတယ်။ ဒေါက်တာခင်မောင်ဝင်း(အသည်း) ရေးသားထားသော”အမေနဲ့ ကျွန်တော်” ဝတ္ထုကို ဒါရိုက်တာ စင်ရော်မောင်မောင် က ပြန်လည် အသက်သွင်းရိုက်ကူးတာလည်းဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ကြမည့်သူများကတော့ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ ရဲအောင်၊ထွန်းကိုကို၊အကယ်ဒမီ မေသန်းနု၊အကယ်ဒမီ ဝတ်မှုန်ရွှေရည် နှင့် အခြား သရုပ်ဆောင် ပေါင်းများစွာတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် ဒီဇာတ်ကားဟာ ၁၉၅၀ ခုနှစ်မှက စလို့ ယနေ့ခေတ်ကာလအထိ အခြေခံထားတဲ့ ဇာတ်ကား တကားလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ New York Film Academy မှာ ဒါရိုက်တာပညာသင်ယူရင်း ကျောင်းပိတ်ရက် ၄ လ မြန်မာပြည်မှာ ခေတ္တခဏနေထိုင်စဉ် ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်တယ်လို့လည်း မင်းသန့်မောင်မောင်က ပြောပါတယ်။
ဘယ်တော့မှ ပြန်လည်တွဲမြင်ရမှာ မဟုတ်တော့ဘူးလို့ ပရိသတ်တွေ ထင်ထားခဲ့တဲ ဒါရိုက်တာ စင်ရော် မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့အနေနဲ့ ဘာကြောင့် အခုလို ပြန်လည်တွဲဖက်ရိုက်ကူး ဖြစ်ရသလဲ ဆိုတဲ့အပေါ် ..
“အဓိကကတော့ ကျနော်ကြောင့် သူတို့နှစ်ယောက်ရိုက်ကူးခဲ့တာပါ။ အမေက ကျနော် ပြန်လာတဲ့ အချိန်တွေမှာ လေ့လာသင်ယူစေချင်တယ်လေ။ အဲ့ဒါကြောင့် အမေက ကျနော်အတွက် လက်ခံခဲ့တာပါ။ ပြီးတော့ သူတို့နှစ်ယောက်ကလည်း မတည့်ဘူးလေ။ ဒါပေမယ့် နှစ်ယောက်လုံး ခွင့်လွှတ်ပြီး စိတ်လျှော့ပြီး တော့ ကျနော့်ကို ကူညီချင်တယ်။ အားပေးချင်တယ်။ အဲ့အတွက်လည်း နှစ်ယောက်စလုံး ဆုံပြီး ရိုက်တာ ပါ” လို့ မင်းသန့်မောင်မောင်က ဆိုပါတယ်။
ဒါရိုက်တာတစ်ယောက်ဘဝနဲ့တင်မဟုတ်ဘဲ အခြေအနေပေးရင် မင်းသားအဖြစ်လည်း သရုပ်ဆောင် ချင်ပါတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ လက်ရှိမှာတော့”ထာဝရ အမေ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် သေချာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး သူရဲ့အမေ မေသန်းနုရဲ့ အကောင်းဆုံး သရုပ်ဆောင် ရိုက်ကွက်များကို ချပြချင်တယ်လို့လည်း ပြောခဲ့ပါတယ်။ ကျောင်းပညာသင်ယူမှုပြီးဆုံးလျှင်လည်း မြန်မာနိုင်ငံ ရုပ်ရှင်လောကနဲ့ ဟောလီးဝုဒ်လောကကို တံတားသဖွယ် ဆက်သွယ်ပေးချင်ကာ ပြည်တွင်း မှာရော၊ ပြည်ပမှာပါ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်ချင်တယ်လို့ ပြောပြခဲ့ပါတယ်။