Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်ကို ရင်ခုန်စိတ်လှုပ်ရှားအောင် စီစဉ်တင်ဆက်ခဲ့တဲ့ ကျော်ထက်အောင်ကို မှတ်မိကြဦးမှာပါ။ Myanmar Idol ကနေတဆင့် ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ ကျော်ထက်အောင်က အခုဆိုရင် ရုပ်ရှင်ကားမှာ စတင် ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ကျော်ထက်အောင်က လူမင်း စီစဉ်ရိုက်ကူးတဲ့ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားမှာ ကျောင်းဆရာလေး စောဝေဦး နေရာမှာ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ရိုက်ကူးဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကျော်ထက်အောင်က “ကျနော်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးက အန်ကယ်လေး (လူမင်း) ရိုက်တဲ့ ကြတ်ဂူဆိုတဲ့ ကားမှာ သရုပ်ဆောင်ထားတာပါ။ အဲဒီကားက အခုတော့ ရိုက်ကူးလို့ ပြီးသွားပါပြီ ဖြစ်ပါတယ်။ ကြတ်ဂူကားကြီးမှာပါဝင် သရုပ်ဆောင်ဖြစ်တာကလည်း အကယ်ဒမီပေးပွဲမှာ အန်ကယ်လေးက ကျနော်ကို ကာရိုက်တာတခုနဲ့ လိုက်ဖက်တယ်လို့ သူမြင်သွားတယ်ထင်ပါတယ်” လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး “ဒီကားမှာ ကျနော်က မြို့ကနေ ကယားပြည်နယ်မှာ စာလာသင်တဲ့ ကျောင်းဆရာအဖြစ် ပါဝင်ရတာပါ။ ဒီဇာတ်ရုပ်အတွက် သရုပ်ဆောင်ဖို့ အန်ကယ်လေးက ခေါ်ခဲ့တာပါ။ ဒီနေရာမှာ အခုခေတ် တန်းဝင်နေတဲ့ မင်းသားလေးတွေ ခေါ်လို့ရပါတယ်။ ဒါပေမယ့် ကျနော်ကို ခေါ်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ တကားလုံးမှာ အသစ်ဆိုလို့ ကျနော်တယောက်ပဲ ပါဝင်ခဲ့တာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒီဇာတ်ကားကို ကယားပြည်နယ်မှာ မေလအတွင်းက သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားမှာ သရုပ်ဆောင်စဉ်က အသံပိုင်းဆိုင်ရာ ပြောဆိုမှုတွေမှာ အစီအစဉ် တင်ဆက်သူ တယောက်ရဲ့ အသံပေါက်နေတဲ့ အတွက်လည်း ကြိုးစားပြီး ပြင်ဆင်ပြောဆိုခဲ့ရကြောင်း ပြောပြပါတယ်။ ကြတ်ဂူဇာတ်ကားကို ဒါရိုက်တာ လူမင်းက ရိုက်ကူးပြီး ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ မြင့်မြတ် စတဲ့ နာမည်ကြီး သရုပ်ဆောင်များစွာနဲ့ ကယားပြည်နယ်မှာ သွားရောက် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ရှေ့ဆက် သရုပ်ဆောင် လုပ်ဖြစ်မလားဆိုတာနဲ့ ပတ်သက်ပြီး ကျော်ထက်အာင်က “ကျနော်ကို အန်ကယ်လေးလို မြင်ပြီး ခေါ်တဲ့သူနဲ့ တွေ့ရင်တော့ ကျနော်ရိုက်ဖြစ်ပါမယ်။ ဒါပေမယ့် ကျနော် MC အလုပ်ကိုလည်း မစွန့်လွှတ်ပါဘူး” လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ဇာတ်ကားအနေနဲ့ ကြတ်ဂူ တကားကိုသာ ရိုက်ကူးထားတာ ဖြစ်ပြီး အနုပညာနဲ့ ပတ်သက်ရင် လွန်ခဲ့တဲ့ သုံးနှစ်ခန့်က လေဆာသွားတိုက်ဆေး ကြော်ငြာမှာ သရုပ်ဆောင်ထားဖူးကြောင်းလည်း ပြောပြပါတယ်။ Myanmar Idol အစီအစဉ် ပြီးတဲ့နောက်ပိုင်းမှာ အခမ်းအနားမှူးအဖြစ် လာရောက် ကမ်းလှမ်းသူများခဲ့ကြောင်းနဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးဖြစ်မယ် ဆိုရင်တော့ Myanmar Idol မှာ အခမ်းအနားမှူး လုပ်ခဲ့တဲ့ ပုံရိပ်ကို မထိခိုက်မယ့် ကာရိုက်တာမျိုးကိုသာ ရွေးချယ်ပြီး ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။