မြန်မာပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ work.com.mm က လုပ်ငန်းရှင်များ အလွယ်တကူ ကြည့်ရှုရှာဖွေနိုင်မယ့် စံနှုန်းမီ အလုပ်လျှောက်လွှာ ၁ သိန်း ပြည့်မြောက်ခြင်းနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ Telenor Myanmarနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်ကို ဇွန်လ ၂၂ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Central Hotel မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ work.com.mm ဌာနေအုပ်ချုပ်မှု ဒါရိုက်တာ Mr. Bart Van Dijk က “ကျနော်တို့ရဲ့ website ပေါ်မှာ အလုပ်လျှောက်ထား သူတွေရဲ့ CV အရေအတွက်၂ သိန်းကျော် ရှိခဲ့ရာမှာ အလုပ်လျှောက်လွှာတိုင်းကို အချက်အလက် ပြည့်စုံပြီး စံနှုန်းမီတဲ့ လျှောက်လွှာတွေဖြစ်ဖို့ ကျနော်တို့ စဉ်ဆက်မပြတ်ကြိုးစားလျက်ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေတွေ ဖွံ့ဖြိုးတိုး တက်ပြောင်းလဲ လာတာနဲ့အမျှ လုပ်ငန်းရှင်ကြီးတွေ လိုအပ်လျက်ရှိတဲ့ ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်လည်း အခုလို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲကနေ တဆင့် ကျနော်တို့ရဲ့ Website မှာ လုပ်ငန်းရှင်တွေ ဘက်ကနေ အလွယ်တကူ ဝင်ရောက် ရှာဖွေခေါ် ယူနိုင်မယ့် စံနှုန်းမီ CV အစောင် ၁ သိန်းပြည့်ခဲ့ပြီ ဆိုတာကို အသိပေး ပြောကြားရခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင် အွန်လိုင်းမှတဆင့် အလုပ်အကိုင် ရှာဖွေနိုင်သော ဝက်ဘ်ဆိုဒ်များ ၂၀၁၂ ခုနှစ်လယ်ပိုင်းအတွင်းက ရောက်ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် နောက်ပိုင်းမှသာ အွန်လိုင်းမှ အလုပ်ရှာဖွေမှုနှုန်း တိုးမြင့်လာခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ work.com.mm တွင် အလုပ်ခေါ်ယူနေသော ကုမ္ပဏီပေါင်း ၄၀၀ ခန့်နှင့် အလုပ်အကိုင်ပေါင်း ထောင်ကျော်ကို နေ့စဉ်ဝင်ရောက် ရှာဖွေနိုင်တယ်လို့ သိရပါတယ်။
၎င်းဝက်ဘ်ဆိုဒ်က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Telenor Myanmarနဲ့ ပူးပေါင်း၍ အခမဲ့ အသုံးပြုနိုင် မယ့် အစီအစဉ်တခုကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါ အစီအစဉ်မှာ Telenor အသုံးပြုသူများ အနေဲ့ အလုပ်ရှာဖွေရန် work.com.mmဝက်ဘ်ဆိုဒ်သို့ အခမဲ့ ဝင်ရောက်ပြီး အလုပ်လျှောက်ထား ရှာဖွေနိုင်မယ့် အစီအစဉ်ဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ ဇူလိုင်လ ၁၅ ရက်နေ့အထိ ၁ လအတွင်း အခမဲ့ အသုံးပြုနိုင်ကြောင်းလည်း သိရပါတယ်။