ဒီအမျိုးအစား ကားမော်ဒယ်ကို ဥရောပ အကောင်းဆုံး မော်ဒယ်လို့သာ ဆိုတာ တကယ်တမ်း အနေနဲ့ကတော့ ကမ္ဘာ့ အကောင်းဆုံး City Carလို့ သတ်မှတ်ရင်လည်း ရနိုင်မယ့် အနေအထားမျိုးပါ။ အကြောင်းက ဥရောပ ဆိုတာ ကမ္ဘာ့ကား ဈေးကွက်ထဲမှာ တတိယ အကြီးဆုံး ဈေးကွက်ကြီး၊ နောက်ပြီး ထိပ်တန်းကားတွေကို ထုတ်လုပ်နိုင်နေတဲ့ ဒေသ၊ ပြိုင်ဖက် တွေ အများကြီး ရှိနေတဲ့ အထဲကမှ အခု မော်ဒယ်ကို အကောင်းဆုံးလို့ သတ်မှတ်ထားတာ တစ်ချက်ကတော့ ထိပ်တန်းအဆင့် ရှိတယ် ဆိုတာ သေချာနေတာပါ။
မော်ဒယ်ရဲ့ အားသာချက် အနေနဲ့ ဆိုရင် သိသာပေါ်လွင်တဲ့ ရုပ်ထွက်ပိုင်း၊ Manualစနစ်နဲ့ မော်ဒယ်တွေဆိုရင် ဆီစားနှုန်း အပိုင်းမှာ အထူးပဲ သက်သာကောင်းမွန်ခြင်းနဲ့ ခရီးဝေး မောင်းနှင်နိုင်မှု၊ အတွင်းခန်းကျယ်ဝန်းမှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အလုံးစုံ မပြည့်စုံနိုင်တဲ့ အနေအထားမှာ Base မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေက စွမ်းဆောင်ရည်ပိုင်း အထူးအားနည်းပြီးတော့ မြန်နှုန်းမြင့် မောင်းနှင်မှု အပါအဝင် ခရီးဝေး သွားလာမှုတွေ အတွက်ပါ အင်ဂျင်ကနေ ဆူညံသံ ပေးချင်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ အိမ်စီး City မော်ဒယ် ဆိုပေမယ့် Sunroofလို အလှနဲ့ ခံစားမှု ပေးနိုင်မှု ပုံစံ ချိုးဆစ်ထားပေမယ့် အဆိုပါ မော်ဒယ်တွေက ဆေးသား အကျမြန်သလို ရုပ်ထွက်ပိုင်းမှာ ကြည့်ရဆိုးသွားတာလည်း ဖြစ်ပါတယ်။
မော်ဒယ်ရဲ့ ရုပ်ထွက်က တော်တော်လေး ကြည့်လို့ကောင်းပြီး အရောင် ရွေးချယ်နိုင်မှုလည်း ၁၅ရောင်ထိအောင် ထုတ်လုပ်ပါတယ်။ အတွင်းခန်းကတော့ အထည်သား ဦးစားပေးနဲ့ ၂မျိုးပဲ ရပါတယ်။ ကိုယ်ထည်က ၁၁ပေနဲ့ ၇ ဒသမ ၆လက်မပဲ ရှည်ပြီး မျက်နှာစာ အကျယ်က ၅ပေနဲ့ ၄ ဒသမ ၁လက်မရှိသလို အမြင့်က ၄ပေနဲ့ ၁၁ ဒသမ ၈လက်မတည်း ဖြစ်ပါတယ်။
ကားတစ်စီးလုံးက ၂၃၆၆ပေါင် ဖြစ်တာကြောင့် ကားသေးပေမယ့် အာရှထုတ် မော်ဒယ်တွေထက်တော့ လေးနေသေး တာပါ။ ဒါပေမယ့်အလေးချိန် အချိုးကျမှု ဖန်တီး နည်းပညာ မြင့်မားလို့ မြန်နှုန်းမြင့် မောင်းနှင်နေချိန်မှာပါ ကိုယ်ထည်ကြီး မော်ဒယ်တွေလို တည်ငြိမ်ပါတယ်။ မော်ဒယ်ရဲ့ တပ်ဆင်ထားတဲ့ အင်ဂျင်ပိုင်းကို ကြည့်မယ်ဆိုရင် သုံးမျိုးထုတ်လုပ်ထားတာ တွေ့နိုင်ပြီး မြင်းကောင်ရေ ၁၀၁ကောင်အား၊ ၁၃၅ေကောင်အားနဲ့ ၁၆၀အားထွက် အင်ဂျင်တွေကို နှစ်သက်ရာ ရွေးချယ်နိုင်မှာပါ။ မြင်းကောင်ရေ ၁၆၀အား ထွက်ရှိမယ့် မော်ဒယ်မှာတော့ Turbochargedစနစ်ထိအောင် ထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပြီး စိတ်ကြိုက် အဖြစ်ဆုံး မော်ဒယ်လို့ ဆိုရင်လည်း ရပါတယ်။ ကျွန်တော် အကြိုက်ဆုံး Turbochargedစနစ်ပါတဲ့ မော်ဒယ်ဆိုရင် ရုန်းအားက ၁၇၀ ပေါင်-ပေ ထိအောင် ရှိမှာလည်း ဖြစ်ပါတယ်။
မော်ဒယ်တွေက Cityတန်းဝင်တွေ ဖြစ်တာကြောင့် ဂီယာချက် အများကြီး သုံးနိုင်အောင် ဖန်တီးထားတာမျိုး မတွေ့ရဘဲ ၅ချက် Manualစနစ်နဲ့ ၆ချက် Autoစနစ်တွေနဲ့ပဲ တွေ့ရပါတယ်။ ကျွန်တော် ကြိုက်တဲ့ Turbochargedစနစ်နဲ့ မော်ဒယ် ဆိုရင်တော့ တစ်နာရီ မိုင် ၆၀နှုန်းအတွက် Manualစနစ်နဲ့ ဆိုရင် ၇ ဒသမ ၁ စက္ကန့်နဲ့ Autoစနစ်နဲ့ ဆိုရင် ၇ ဒသမ ၅စက္ကန့်ထိအောင်ပဲ ကြာမြင့်တာ တွေ့ရပါတယ်။
ဒါဟာ Cityကားတွေတင် မဟုတ်ဘဲ Superminiတွေထိအောင် မရနိုင်တဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှုနှုန်းလည်း ဖြစ်ပါတယ်။ မော်ဒယ် အနေနဲ့က ပျမ်းမျှ ဆီတစ်ဂါလံကို ပျမ်းမျှ ၃၄မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီး Manualနဲ့ မော်ဒယ်တွေ ကတော့ ဆီစားပိုချိုပါတယ်။ ဘရိတ်ပိုင်းမှာတော့ မော်ဒယ်က ABSအပြင် တောက်တက် အကူစနစ်က အစ အသက်ကယ် လေအိတ်စနစ်ကိုပါ လေးနေရာထိအောင် ပြည့်စုံအောင် ထည့်သွင်း ဖန်တီးထားတာ တွေ့နိုင်ပြီး Tractionနဲ့ Stability Controlတွေလည်း ရပါသေးတယ်။ ဘရိတ်ပိုင်းမှာတော့ မိုင် ၆၀နှုန်းကနေ ရပ်တန့်မယ် ဆိုရင် ၁၂၃ပေထိအောင် ယူနေတာကြောင့် ကားသေးတွေ အနေနဲ့ ပုံမှန် ရပ်တန့်ရမယ့် အနေအထားထက် နည်းနည်း များချင်နေတာပါ။
ဒါဆိုရင်တော့ မော်ဒယ်က ဆီစားချိုတယ်၊ အင်ဂျင် စွမ်းဆောင်ရည် အထူးကောင်းတယ်၊ ပြီးတော့ ဈေးလည်း ချိုတယ်၊ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ၊ အင်ဂျင်၊ အရောင်၊ ပုံစံ စုံလင်တာကြောင့် လူကြိုက်များနေတယ် ဆိုတာ ပေါ်လွင်နေစေပါပြီ။