အီတလီနိုင်ငံ၊ မီလန်မြို့မှာ ၂၀၁၆ ခုနှစ် ဇွန် ၂၉ ကနေ စက်တင်ဘာ ၁၂ ရက်နေ့ အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် Triennale နိုင်ငံတကာ အနုပညာပြပွဲတွင် မြန်မာနိုင်ငံမှ ပန်းချီဆရာ ၁၀ ဦးတို့ရဲ့ ရေဆေး၊ ဆီဆေးနဲ့ အခရိုင်းလစ် မီဒီယံသုံး ပန်းချီလက်ရာ ၂၀ ကျော် ပါဝင် ပြသသွားမှာ ဖြစ်ကြောင်းသိရပါတယ်။
သုံးနှစ်တကြိမ် ကျင်းပတဲ့ ယင်း အနုပညာပြပွဲမှာ မြန်မာပန်းချီ လက်ရာတွေ တင်သွင်းပြသနိုင်ဖို့ Curator များဖြစ်တဲ့ Mauro Salvemini နဲ့ Euginia Battisti တို့က ပန်းချီဆရာများ ဖြစ်ကြတဲ့ အောင်ဆင့်၊ အောင်မြင့်၊ ချမ်းငြိမ်းကျော် (CNK)၊ ခင်မောင်ဇော်၊ ခင်ဇော်လတ်၊ ကျော်ညို၊ မြင့်နိုင်၊ မွန်သက်၊ စောမိုးဇော်၊ တင်မောင်ဦးတို့ရဲ့ လက်ရာတွေကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ မေလ အတွင်းက Mauro Salvemini မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ပန်းချီဆရာများနဲ့ တွေ့ဆုံကာ ပြပွဲပြုလုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ပန်းချီဆရာ ခင်မောင်ဇော်က ပြောပြပါတယ်။
ခေတ်ပြိုင် မြန်မာအနုပညာရှင်တို့ရဲ့ အနုပညာဖန်တီးတင်ပြမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အတွေးအခေါ်၊ လာရာနဲ့ လားရာများကို အခြေခံကာ ၂၁ ရာစု အပြောင်းအလဲများနဲ့ ဆက်စပ်ပြီး တွေးမြင်ခံစားစေနိုင်တဲ့ ပန်းချီကားများကို စိစစ်ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ ခေတ်ပြိုင်အနုပညာ မြန်မာ့အနုပညာ ဖန်တီးမှု တစွန်းတစကို ပြသနိုင်မယ့် ပြပွဲဖြစ်ကြောင်း သိရပါတယ်။
ပန်းချီ ခင်မောင်ဇော်ရဲ့ ပန်းချီကားက တောင်ပေါ်ဒေသ မြန်မာ့ရှုခင်းကို အရောင်တောက်တောက်တွေနဲ့ ရေဆေးမီဒီယံ သုံးစွဲ ဖန်တီးရေးဆွဲ တင်ပြထားပါတယ်။ ပန်းချီခင်ဇော်လတ်ရဲ့ ပန်းချီကားမှာတော့ မိုးရေစိုရွှဲနေသလား မျက်ရည်တွေ စိုရွှဲ နေသလား မသိနိုင်တဲ့ မိုနိုခရုမ်း ပန်းချီကားထဲက ကလေးငယ်တဦးရဲ့ မျက်နှာပုံနဲ့ နောက်ခံမှာ တိုးတက်ချမ်းသာမှုကို သင်္ကေတပြုတဲ့ မော်တော်ကား တစီးပုံကို ယှဉ်တွဲ တင်ပြထားတာ တွေ့ရပါတယ်။ ပန်းချီမြင့်နိုင်ရဲ့ ပန်းချီကားက ရန်ကုန်မြို့ရဲ့ သင်္ကေတ အဆောက်အဦးတွေကို ရေဆေးနဲ့ ရေးဆွဲတင်ပြထားတာ တွေ့ရပါတယ်။
အဆိုပါ ပြပွဲနဲ့ ပတ်သက်ပြီး “အဓိကက ကိုယ့်မြန်မာပန်းချီဆရာတွေရဲ့လက်ရာတွေ ဥရောပမှာ ပြသခွင့်ရတယ်။ ငွေကြေး အကျိုးအမြတ်ထက် အီတလီလိုနိုင်ငံမှာ ပြသခွင့်ရတယ်ဆိုတာနဲ့တင် ကျနော်တို့ အတွက် အများကြီးကျေနပ်စရာပါ” လို့ ပန်းချီဆရာ ခင်မောင်ဇော်က ပြောပါတယ်။