ပြည်တွင်းမှာ အိမ်စီးမော်ဒယ်တွေထဲက Nissanရဲ့ လူကြိုက်အများဆုံး ဖြစ်လာတဲ့ မော်ဒယ်လို့ ဆိုနိုင်တဲ့ Nissan Juke အကြောင်းကို ပြောချင်ပါတယ်။ မော်ဒယ်က ထုတ်လုပ်မှု မကြာသေးတာကြောင့် မော်ဒယ်မြင့် အနေနဲ့ပဲ ဈေးကွက် ဝင်ပေမယ့် ပြည်တွင်းမှာ ခိုင်မာတဲ့ ဝယ်လက်တွေ ရှိနေတာက ဒီနေ့ ရန်ကုန်ရဲ့ လမ်းမနေရာ တော် တော် များများမှာ Jukeတွေ တွေ့လာနေရပါတယ်။
ဂျပန် အခြေစိုက် Nissanရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ F15အမည်နဲ့ ကုမ္ဗဏီက မော်ဒယ်ကို အမည်ပေး သတ် မှတ် ထားပါတယ်။ Infiniti ESQ အနေနဲ့လည်း တချို့ဈေးကွက်မှာ လူသိများပြီး ၂၀၁၀ခုနှစ် သြဂုတ်လ အတွင်း ကနေ ၂၀၁၁ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်လာခဲ့တာ ဖြစ်ပြီး ဒီနေ့ထိအောင် ဥရောပ အပါအဝင် အာရှ ဈေးကွက် အများစုမှာ အောင်မြင်နေတာ တွေ့ရပါတယ်။
ဂျပန်မှာရှိတဲ့ Oppama Plantမှာ ထုတ်လုပ်မှု ရှိသလို အင်္ဂလန်နိုင်ငံ ဆန်းဒါးလန်းက NUMKနဲ့ အင်ဒိုနီးရှားမှာ ရှိတဲ့ Nissan Motot Indonesiaမှာလည်း ထုတ်လုပ်တာ တွေ့ရပါတယ်။ Mini SUVတန်းဝင် ဖြစ်ပြီး Hatchback လို့လည်း ခေါ်ပါတယ်။ တံခါးငါးပေါက်စနစ်နဲ့ ဖြစ်ပြီး ရှေ့ဖက်အင်ဂျင်အထိုင်စနစ်၊ ရှေ့ဘီးယက် ဒါမှမဟုတ် လေးဘီး ယက် မော်ဒယ်တွေ ထုတ်လုပ်ပါတယ်။ B Platfromကို အခြေခံယူ ဖန်တီးထားပြီး လက်ရှိ ထုတ် လုပ်နေဆဲ ဖြစ်တဲ့ Micra, Note, Cube, Dacia Dusterနဲ့ Renault Captur မော်ဒယ်တွေနဲ့ တည်ဆောက် ပုံချင်း ဆင်ပါတယ်။
အင်ဂျင်စနစ်ကတော့ ၁ ဒသမ ၅လီတာသုံး ဓါတ်ဆီ၊ ဒီဇယ်၊ ၁ ဒသမ ၆လီတာသုံး ဓါတ်ဆီ၊ တာဘိုနဲ့ ၃ ဒသမ ၈လီတာသုံး Twin Turbo V6အင်ဂျင်တွေနဲ့ ထုတ်လုပ်ပေမယ့် ပြည်တွင်းမှာတော့ အသေးစား အင်ဂျင်တပ် မော်ဒယ်တွေပဲ တွေ့ရပါတယ်။ နောက်ပိုင်းမှာ လူကြိုက်များလာနေတဲ့ CVTစနစ်နဲ့လည်း လာသလို ၅ချက်၊ ၆ချက် Manualနဲ့လည်း ထွက်ပြီး Dual-clutch Auto ၆ချက်နဲ့လည်း ရနိုင်ပါတယ်။
မော်ဒယ်ရဲ့ ကိုယ်ထည် ဒီဇိုင်းကို လန်ဒန်မှာရှိတဲ့ Nissan Design Europeမှာ ရေးဆွဲခဲ့တာ ဖြစ်ပြီး ဂျပန်မှာ ရှိတဲ့ Nissan Design Centreက ပြန်လည် အချောသပ် ထုတ်လုပ်လာခဲ့တာပါ။ မော်ဒယ်ရဲ့ စွမ်းဆောင်ရည် တချို့ကို ပြောရမယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၈စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ်၊ အဲဒီအမြန်နှုန်း ကနေ ပြန်ပြီး ရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၂၄ပေ(၃၈မီတာ)ပဲ ယူမယ်၊ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း အနေနဲ့ တစ်နာရီ ၁၃၇မိုင် (၂၁၉ ဒသမ ၂ကီလိုမီတာ)ထိအောင် မောင်းနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ Jukeရဲ့ အအောင်မြင်ဆုံး ဈေးကွက်တွေကတော့ ကနေဒါ၊ အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံများ၊ နယူးဇီလန်၊ အင်ဒိုနီးရှားနဲ့ တရုတ်အပါအဝင် အခြား အရှေ့အလယ်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ Jukeရဲ့ နောက်ဆက်တွဲတွေ အနေနဲ့ စွမ်းဆောင်ရည်မြှင့်ထားတဲ့ Nismo 2013ကို တွေ့ခဲ့ရသလို အဲဒီနောက် အရေအတွက် ကန့်သတ်ထုတ်လုပ်ခဲ့တဲ့ Juke-Rမော်ဒယ် အပြင် Juke ACENTAမော်ဒယ်ကိုလည်း နောက်ဆုံး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။
Jukeနဲ့ ပတ်သတ်ပြီး ရရှိထားတဲ့ အမြင့်ဆုံး အောင်မြင်မှုကတော့ Insurance Institute for Highway Safety (IIHS)ရဲ့ ၂၀၁၁ခုနှစ်အတွက် Top Safety Pickကို ရရှိထားတာပဲ ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ဝင် SUVတွေ Hatchbackတွေနဲ့ လုံးဝမတူတဲ့ ရုပ်ထွက်နဲ့ ပွဲထွက်လာခဲ့တဲ့ Jukeဟာ ဥရောပလို ကားအမှတ်တံဆိပ် အစုံရှိတဲ့ ဈေးကွက်မှာကိုပဲ အောင်မြင်မှုရအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပြီး ဇိမ်ခံ အနေနဲ့လည်း သုံးနိုင်၊ ဈေးနှုန်း လည်း ချိုသာတာကြောင့် လူကြိုက်များနေတာပါ။