“မကြီးစန်းနှင့် သူ၏ချစ်သူများ” ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ မိတ်ကပ် ခင်စန်းဝင်းက လတ်တလော လူမှုကွန်ရက်မှာ အပြောများနေတဲ့ ကောလာဟလတွေကို ငြင်းဆိုလိုက်ပါတယ်။
အဲ့ဒီ ကောလဟလ တွေကတော့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မိတ်ကပ် ခင်စန်းဝင်းရဲ့ တရားဝင် ချစ်သူအမည်ဟာ “အောင်” ဆိုတာနဲ့ ဆုံးပါတယ်လို့ ပြောဆိုနေတဲ့ သတင်းတွေ ပလူပျံနေတာပါ။ ဒါကို မိတ်ကပ်ခင်စန်းဝင်းက သူ့ချစ်သူအမည်ဟာ “အောင်” ဆိုတဲ့ အမည်နဲ့ အဆုံးသတ်ထားတာ လုံး၀ မဟုတ်မှန်ကြောင်း ဧရာဝတီကို ပြောဆိုလိုက်ပါတယ်။
“အခု မကြီးစန်း ဇာတ်ကားအတွက် ကျိုက်ထီးရိုးဘုရားမှာ သွားရောက်ရိုက်ကူးပြီး ပြန်လာနေပါတယ်။ ဇာတ်လမ်းက နောက်ထပ် နှစ်ရက်စာရိုက်ကူးပြီးရင် ပြီးပါပြီ။ Facebook မှာတက်နေတဲ့ မကြီးစန်း ချစ်သူက ‘အောင်’ နဲ့ ဆုံးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အဲဒါ ဘယ်သူက ဖွလိုက်တာလဲ မသိပါဘူး။ မကြီးစန်း ပြောခဲ့တာ မဟုတ်ပါဘူး” လို့ မိတ်ကပ် ခင်စန်းဝင်းက ဆိုပါတယ်။
အများက မကြီးစန်းလို့ ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ခင်စန်းဝင်းဟာ လတ်တလောမှာ “မကြီးစန်းနှင့် သူ၏ချစ်သူများ” ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတဲ့အတွက်လည်း ဒီဇာတ်ကားနဲ့အတူ သူရဲ့ အချစ်ရေးကို အများက စိတ်ဝင်စားနေတဲ့ အချိန်လည်း ဖြစ်နေခဲ့တာပါ။
ဒီဇာတ်ကားကို ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ထပ်မံရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“မကြီးစန်းနှင့်သူ၏ချစ်သူများ” ဇာတ်လမ်းကို ဒါရိုက်တာမြတ်ခိုင်က ရိုက်ကူးနေတာဖြစ်ပြီး တက်သစ်စ သရုပ်ဆောင်မင်းသား ထက်အောင်ရှိုင်းနဲ့ အတူ မိတ်ကပ်ခင်စန်းဝင်း ကိုယ်တိုင် အခြား အနုပညာရှင် ပေါင်းများစွာနဲ့ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။
ဒီ ဇာတ်ကားဟာ မိတ်ကပ်ခင်စန်းဝင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ပြန်လည်ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။