ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ ထိုင်းမှာရှိတဲ့ TrueMoney အေးဂျင့်ကနေ တဆင့် မြန်မာနိုင်ငံတွင်း ငွေလွှဲပေးနိုင်မယ့် အစီအစဉ်ကို ဇူလိုင်လကုန်မှ စပြီး အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ True money ကိုယ်စားလှယ်တွေထံမှာ ငွေထုတ်ယူနိုင်မှာဖြစ်ပြီး ငွေလွှဲခများကို ကိုယ်လွှဲတဲ့ ငွေပမာဏပေါ် မူတည်ပြီး ပေးရမယ်လို့ သိရပါတယ်။
“ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ ကိုယ့်လုပ်အားခကို အိမ်ပြန်လွှဲချင်ရင် TrueMoney Thailand ကိုယ်စားလှယ်ကနေ သွားလွှဲနိုင်တယ်။ ပြီးရင်ပြည်တွင်းက TrueMoney ကိုယ်စားလှယ်ဆီမှာ ပြန်ထုတ်လို့ ရတယ်။ ဝန်ဆောင်ခကတော့ လွှဲမယ့် ပမာဏပေါ်မူတည်ပြီး ကောက်ခံပါတယ်” လို့ TrueMoney Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ကိုထွန်းထွန်းလင်းက ပြောပါတယ်။
TrueMoney Myanmar အေးဂျင့်များကို လက်ဖက်ရည်ဆိုင်များ၊ Mi Thar Su Mart (မိသားစုမတ်) ရဲ့ ဆိုင်ခွဲများ အားလုံး၊ ရပ်ကွက်အတွင်းမှာရှိတဲ့ ဈေးဆိုင်တွေမှာ အလွယ်တကူ တွေ့ရှိနိုင်အောင် စီစဉ်ထားတယ်လို့ သူက ဆိုပါတယ်။
TrueMoney Myanmar အနေနဲ့ လက်ရှိပြည်တွင်းမှာ အေးဂျင့် ၂၀၀၀ ကျော် ရရှိထားပြီး ဆက်လက် တိုးချဲ့သွားဖို့လည်း စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာ ပြည်တွင်း True Money Agent တွေကနေတဆင့် မီတာဘေလ် ဆောင်ခြင်း၊ စည်ပင်ခွန်ဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ Aeon ဖြင့် ငွေအရစ်ကျ ပေးချေနေသူများ ဘဏ်သွား စရာမလိုဘဲ TrueMoney ကိုယ်စားလှယ်တွေထံမှာ ပေးချေနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုများ ရရှိနေပြီ ဖြစ်ပါတယ်။
မီတာဘေလ် ပေးဆောင်ခြင်းအတွက် ဝန်ဆောင်ခ ၅၀၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး၊ Aeon ဖြင့် ငွေအရစ်ကျ ပေးချေမှုအတွက် ဝန်ဆောင်ခ ၂၀၀ ကျပ် ကျသင့်တယ်လို့ သိရပါတယ်။
လက်ရှိ TrueMoney မီတာဘေလ် ဆောင်စနစ်ကို ရန်ကုန်မြို့မှာ လမ်းမတော်၊ လသာ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ မရမ်းကုန်း၊ ထန်းတပင်၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီ၊ ထောက်ကြံ့၊ လှည်းကူး၊ တိုက်ကြီး၊ မြောင်းတကာ၊ ဆိပ်ကမ်း၊ မင်္ဂလာဒုံစတဲ့ မြို့နယ်တွေမှာ စတင် ရရှိမယ်လို့ သိရပါတယ်။
TrueMoney Myanmar မှ မီတာဘေလ် ပေးဆောင်ခြင်းအတွက် CNP ကုမ္ပဏီ ၊ AGD ဘဏ်တို့နဲ့ ပူးပေါင်း လုပ်ဆောင်ထားခြင်း ဖြစ်ပြီး မကြာမီအချိန်အတွင်း Mobile Money စနစ်အထိပါ သွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။