ပြည်တွင်း ဈေးကွက်ရဲ့ လူကြိုက်များ မော်ဒယ် တစ်ခုဖြစ်တဲ့ Toyotaရဲ့ လူသိနည်းသေးတဲ့ မော်ဒယ်ပါ။ ဂျပန်အပါအဝင် တန်ကြေးနည်း ကားဈေးကွက်အတွက် ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပြီး လူသိနည်းနေတာ တချက်က ဈေးချိုချိုနဲ့ ရလာနိုင်စေမယ့် အားသာချက် ဖြစ်လာစေပါတယ်။
Alphardတစ်စီးကို အနည်းဆုံး သိန်း ၂၃၀လောက် ခေါ်နေချိန်မှာ စလစ်ကပ် အနေအထားနဲ့ ဖြစ်ပေမယ့် Voxy တစ်စီးကို သိန်း ၁၀၀လောက်နဲ့ ရနိုင်နေတာ ဖြစ်ပါတယ်။ ဈေးကွက်မှာ နောက်မှ ဝင်လာတဲ့ မော်ဒယ်ဖြစ်လို့ နံပါတ်ထွက်ပြီးသား ပုံစံ မဟုတ်ဘဲ စလစ်ကပ် အနေအထားနဲ့ ရမှာပါ။
ဒါပေမယ့် တခု ကောင်းသွားတာက နောက်ဆုံးထွက် နံပါတ်ကို စီးနင်းလာနိုင်စေတာလည်း ဖြစ်ပါတယ်။ အတွင်းခန်း၊ အပြင်အဆင်၊ ကိုယ်ထည်ပိုင်း၊ ဒီဇိုင်းနဲ့ တပ်ဆင်ထားရှိမှုတွေ အားလုံးက မိသားစုစီး ရှေ့ထွက် Alphard ရဲ့ တန်ကြေးနည်း ပုံစံ ဖြစ်နေပါတယ်။ ကုမ္ဗဏီ အနေနဲ့ကတော့ ဈေးကြီးကြီးနဲ့ Alphardကို ရွေးမလား၊ တန်ကြေးသင့် Noahကို ယူမလား၊ ဈေးနည်းနည်းနဲ့ Voxyကို စီးမလားဆိုပြီး လူတိုင်း လက်လှမ်းမီနိုင်အောင် ထုတ်လုပ်လာပုံ ရပါတယ်။
မောင်းနှင်ပြီး ကီလို ၈သောင်း ဝန်းကျင်လောက်ရှိတဲ့ မော်ဒယ်တွေပဲ ဈေးကွက်မှာ အဝင်များပြီး Alphardတွေနဲ့ စာရင် နောက်ထပ် အားသာချက် တစ်ခုကတော့ အရောင် ရွေးချယ်နိုင်မှုပါ။ အဖြူ၊ အနက်စတဲ့ လူကြိုက်များ အရောင်တွေ အပြင် တခါတလေ အနီရောင်လည်း ရနိုင်ပါတယ်။ Autoစနစ်နဲ့ သွားမှာ ဖြစ်ပြီး တပ်ဆင် အင်ဂျင်အပိုင်းက ၂ ဒသမ ဝလီတာသုံး ဖြစ်လို့ ခရီးဝေး မောင်းနှင်မှုတွေ အတွက်တော့ စိတ်ကြိုက် မဖြစ်လာစေနိုင်ပါဘူး။
ဒါပေမယ့် မြို့တွင်း သီးသန့် သုံးချင်သူတွေ အတွက်ကတော့ Alphardတွေထက်ကိုပဲ ဆီစား သက်သာ စေနိုင်ပါလိမ့်မယ်။ ညာမောင်း မော်ဒယ် ဖြစ်ပြီး Gasolineအင်ဂျင်တပ်ထားမယ်၊ Key Lessစနစ် သုံးနိုင်မယ်၊ တပ်ဆင် ပစ္စည်း အစုံပြန်ထည့်ထားတယ်၊ အတွင်းခန်းမှာ မူရင်း ပစ္စည်း နည်းတတ်ပေမယ့် ပြန်စုံအောင် ဖြည့် ထားပြီး ဈေးကွက် ဝင်နေကြတာပါ၊ ထိုင်ခုံတန်း သုံးတန်းပါရှိပြီး Alphardတွေရဲ့ အတွင်းခန်းနဲ့ ဆင်သလို ခရီးသည် လိုက်ပါ စီးနင်းနိုင်မှုလည်း အတူတူပါပဲ။ လျောတံခါး စနစ်နဲ့ ဖြစ်ပြီး ထိုင်ခုံတန်း တည်ဆောက်မှုက ကန့်လန့်မဟုတ်ပဲ အလယ်မှာ လျှောက်လမ်း ထည့်ထားလို့ ခရီးသည် အတက်အဆင်းအတွက်လည်း လွယ်ကူ စေတာ တွေ့ရပါတယ်။
မော်ဒယ် အနေနဲ့တော့ နည်းနည်း နိမ့်ချင်ပြီး ၂၀၀၂ခုနှစ် ဝန်းကျင်ထုတ် Voxyတွေ ဈေးကွက် ဝင်နေတာ ဖြစ်ပေမယ့် တစီးလုံး အတိုင်းအတာနဲ့ ကြည့်မယ် ဆိုရင် ဆေးသား နည်းနည်းကျချင်တာက လွဲလို့ စိတ်ဝင်စားစရာ ကောင်းနေပါသေးတယ်။
Grade အပေါ် မူတည်ပြီးတော့ အတွင်းခန်း တပ်ဆင်ထားရှိမှုနဲ့ အသုံးဆောင်ပစ္စည်း ပါရှိမှု နည်းနည်း ကွာချင်ပါတယ်။ အထူးသဖြင့်တော့ ထိုင်ခုံတန်း တည်ဆောက်မှုမှာ အလယ်လျှောက်လမ်း ပါ၊ မပါ၊ Air-Conကောင်း၊ မကောင်း၊ ထိုင်ခုံတန်း သုံးတန်း ဟုတ်၊ မဟုတ်၊ ဒါလေးတွေက ဈေးစကား နည်းနည်း ပြောလာစေပါတယ်။
ဒီလို အချက်တွေ ပြည့်စုံမှု နည်းတယ်ဆိုရင်တော့ ဈေးက အကျဘက်မှာ များသွားနိုင်ပြီး လက်ရှိ ဈေးကွက်မှာကိုပဲ ၂၀၀၂ခုနှစ် ဝန်းကျင်ထုတ် Voxyတွေကို စလစ်ကပ်ပုံစံနဲ့ သိန်း ၁၀၀လောက်ပဲ အခေါ်ရှိလို့ အရောင်းအဝယ် အတွက်ကတော့ ဈေးပြန်ငြိမ်လာနေတဲ့ အနေအထားမှာ မောင်းနှင်ပြီး ကီလို၊ အတွင်းခန်း အနေအထား၊ ကိုယ်ထည် ဆေးသားနဲ့ အပြင်အဆင် တပ်ဆင်မှု တချို့တို့ကို ကြည့်ပြီး ၉၅သိန်း ဝန်းကျင်လောက်ထိအောင် ဆွဲချလိုက်တာ အကောင်းဆုံးပါပဲ။