ကိုရီးယားထုတ် Hyundia i10 က စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဟုတ်သလို နည်းပညာ မြှင့်တင် ထားတဲ့ အဆင့်မြင့် မော်ဒယ် တခုလည်း မဟုတ်ပါဘူး၊ တန်ကြေးနည်း မော်ဒယ် တခုပေမယ့် အရည် အသွေးနိမ့်တဲ့ မော်ဒယ် တခုမဟုတ်ဘူး ဆိုတာပဲ။ Hyundia i10နဲ ပတ်သက်ပြီး ဈေးကွက်ရဲ့ တုံ့ပြန်ချက်တွေက တန်ကြေး ထက်ပိုမိုတဲ့ အရည်အသွေးကို ပြသနိုင်တဲ့ မော်ဒယ်တခုလို့ မှတ်ချက်ပြုပါတယ်။
သူ့တန်ကြေးနဲ့ အတန်းအစားတူ မော်ဒယ်တွေနဲ့ နှိုင်းစာရင်တော့ ဝေဖန်ရေးသမား တော်တော်များများက i10 ကောင်းတယ်လို့ ဆိုကြတယ်။ အရွယ်အစားကလည်း အနေတော် ဖြစ်တယ်၊ စွမ်းဆောင်ရည်ကလည်း City အတွက် သင့်တယ်၊ နောက်ပြီး ဆီစားနှုန်းလည်း မဆိုဘူး၊ ဈေးနှုန်းကလည်း လူတိုင်း လက်လှမ်း မီနိုင်လောက် တယ်တဲ့လေ။ နောက်ပြီး Gradeတွေ အများကြီးလည်း ရွေးချယ် ဝယ်ယူနိုင်စရာ ရှိနေသေးပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ပြောစရာ ရှိတာ တစ်ချက်က Gradeလို့ ဆိုတဲ့ မော်ဒယ်ခွဲ အများအပြား ထုတ်လုပ် ထားတာ မှန်ပေမယ့် Gradeနည်းနည်း ကွဲရုံနဲ့ ဈေးကွာဟချက် တော်တော်လေး များသွားတာကိုပါ။ ပြည်တွင်းမှာတော့ Gradeဘယ်လောက် များများ ဈေးကွက် ဝင်နေသလဲ မပြောလိုပေမယ့် ဈေးအနေအထား အရဆိုရင်တော့ Premium 1.2မော်ဒယ်ကို သဘောကျမိနေတာ အမှန်ပါ။
1.0မော်ဒယ်တွေကတော့ စွမ်းဆောင်ရည်ပိုင်းမှာ လိုအပ်ချက် ရှိနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ခရီးဝေး မောင်းနှင်မှုတွေ အတွက်ပေါ့။ ဆေးရောင် အများအပြား ရွေးချယ်နိုင်မယ်၊ တချို့ ထူးခြား အရောင်တွေ အတွက် ဈေးနည်းနည်းပိုပေးရတာရှိမယ်၊ ဥပမာ Metallicနဲ့လိုချင်ရင် ပြည်တွင်းမှာတော့ မသိပေမယ့် နိုင်ငံတကာ ဈေးနှုန်းအရ ဒေါ်လာ ၆၀၀လောက် ဈေးပိုတက်သွားမှာပါ။ နောက်ပြီး အထက်မှာ ပြောခဲ့တဲ့ ဈေးနှုန်း ကွာခြားချက်မှာ 1.0မော်ဒယ်နဲ့ 1.2မော်ဒယ်နဲ့ ကြားမှာ ဈေးက ဒေါ်လာ ၄၀၀၀လောက်ထိအောင် ကွာပါတယ်။
Transmissionပိုင်းမှာက ဂီယာ၅ချက်ကို Manualစနစ်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်သလို Autoနဲ့ လိုချင်သူတွေအတွက်ကတော့ ၄ချက်နဲ့ ရမှာပါ။ ဒီနေရာမှာ i10ကို လူတိုင်း နှစ်သက်လက်ခံစေတဲ့ အချက်တချက်ကတော့ ဆီစားနှုန်းပါပဲ။ စမ်းသပ်စစ်ဆေးရေးအဖွဲ့တွေကနေ စမ်းသပ်ချက်အရ ထွက်လာတဲ့ နှုန်းထားအရ ဆိုရင် ပျမ်းမျှ ဆီတစ်ဂါလံကို ၃၉မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ အဝေးပြေးလမ်း တွေပေါ်မှာ ဆိုရင် မိုင် ၅၀လောက်လောက်ထိအောင် ရမှာပါ။
ဒီတစ်ချက်ကတော့ ပြည်တွင်းမှာကိုပဲ ဆီစားချိုတယ်ဆိုတဲ့ မော်ဒယ်တွေကို ကောင်းကောင်း ယှဉ်နိုင်စေမယ့် အနေအထားပါ။ မော်ဒယ်က ရှေ့ဘီးယက် စနစ်နဲ့ ဖြစ်ပြီး ပုံမှန် သုံးလုံးထိုး ၁.ဝလီတာသုံး အင်ဂျင်ကို ထည့် ထားပြီး သူက စွမ်းအင် အနေနဲ့ မြင်းကောင်ရေ ၆၅ကောင်နဲ့ ရုန်းအား ၇၀ပေါင်-ပေရှိမှာပါ။
အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာတော့ ပြိုင်ဖက် ဖြစ်မယ့် Volkswagen Upထက် အားနည်းတာ တွေ့နိုင်သလို တနာရီ မိုင် ၆၀နှုန်းကို အချိန် ၁၄ ဒသမ ၇စက္ကန့်လောက်ထိအောင် ယူပါလိမ့်မယ်။
ဒါပေမယ့် အိမ်စီး မော်ဒယ်သီးသန့့့့့့့့့့်ဆိုတော့လည်း အပြစ်ပြောလို့ မရပါဘူး။ ဒါပေမယ့် ဈေးနှုန်းနဲ့ ဆီစားနှုန်း ကတော့ မြန်မာသုံးစွဲသူတွေအတွက် အဆင်ပြေမယ့် အနေအထားရှိတာမို့ ရွေးချယ်စရာ တခုဖြစ်ပါတယ်။