ပန်းချီကို ၂၀၀၈ ခုနှစ်လောက်ကနေ စပြီး ဆွဲဖြစ်ပါတယ်။ ဘယ်လိုသင်လဲဆိုတော့ ကျနော် ၂၀၀၈ ကနေ ၂၀၁၃ ထိ သင်တန်းတက်တယ်ပေါ့။ ဘာလို့ ခဲပန်းချီကို ရွေးဆွဲဖြစ်လဲဆိုတော့ ကာလာတွေ ထက် အဖြူနဲ့အမဲကို ပိုကြိုက်တယ်။ ပြီးတော့ ခဲဆွဲရတာပဲ ပိုပြီးတော့ စိတ်ဝင်စားလို့ပါ။ တခြား ပန်းချီ တွေ ဆွဲဖို့တော့ စိတ်ကူးမရှိပါဘူး။
သင်တန်းစတက်တဲ့ အချိန်တွေတုန်းကတော့ ပန်းချီဆွဲတဲ့နေရာမှာ သုံးတဲ့ပစ္စည်းတွေ အခက်အခဲ ရှိတယ်။ ပုံတပုံကိုဆွဲရင် ပုံသေတော့ မရှိဘူးဗျ။ သာမာန်ဆိုရင်တော့ တပတ်လောက် အချိန် ယူပါတယ်။ ကျနော် သဘာဝကို ပြန်ပြီးဆွဲပါတယ်။ ဓာတ်ပုံကို ပြန်ဆွဲတာမျိုးပေါ့။ အဲ့ဒါတွေပဲ ဆွဲ ဖြစ်ပါတယ်။ ခုထိတော့ ပန်းချီပညာနဲ့ပဲ ဆက်သွားမှာပါ။
ကျောင်းက ဘွဲ့တစ်ခုပဲရအောင် ယူတဲ့ သဘောပေါ့နော်။ တကယ်တမ်း ဆက်လျှောက်သွားမှာက ဒီ ပန်းချီပညာနဲ့ပဲဗျ။ တခြားဝါသနာက ကျနော် ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံကကျတော့ ကျနော့်အဖေက ဓာတ်ပုံဆရာဆိုတော့ အဖေက သင်ပေးပါတယ်။ ကျန်တာကတော့ စာဖတ်တယ်၊ အားကစား လုပ်ဖြစ်တယ်။ ဒီလောက်ပါပဲ။ ရည်မှန်းချက်ကတော့ professional ပန်းချီဆရာတယောက်ဖြစ်ဖို့ပေါ့။
ငယ်ငယ်ကတည်းက ဝါသနာပါတာပေါ့နော်။ ၁တန်း၊ ၂တန်းလောက်ကတည်းက တောင်ခြစ်၊ မြောက်ခြစ်နဲ့ စဆွဲတာပါ။ ကျနော် သင်တန်းဖွင့်ထားပါတယ်။ ခဲပန်းချီနဲ့ ပတ်သက်တဲ့အခြေခံတွေပေါ့။ သင်တန်းသားတွေက အသက် ၂၀ ဝန်းကျင်တွေ များတယ်ဗျ။ အရင်ကတော့ သင်တန်းရယ်လို့ သေချာမဖွင့်ဖြစ်ပဲ သင်ပေးနေတာရှိတယ်ပေါ့။ သင်တန်းက May လ လောက်ကမှ ဖွင့်ဖြစ်တာပါ။ သင်တန်းက ကျနော့်အိမ်မှာပါပဲ။
ပန်းချီက အပျော်တမ်းတော့ မဟုတ်ဘူးဗျ။ ဝါသနာလည်း ဟုတ်တယ်။ အလုပ်လည်း ဟုတ်တယ်။ ကျနော့်ဘဝပါပဲ။ လက်ရှိအခြေအနေကတော့ ကျနော့်ရည်မှန်းချက်ကိုရောက်ပြီလို့ ယူဆပါတယ်။ ပန်းချီနဲ့ ပတ်သက်ပြီးလည်း ဝင်ငွေရှိပါတယ်။ ပရဟိတအနေနဲ့ သပ်သပ်ကြီးလုပ်ဖြစ်တာမျိုးတော့ မရှိသေးဘူးဗျ။ အခွင့်အခါသင့်သလိုတော့ လုပ်ဖြစ်ပါတယ်။
တခြားလူငယ်တွေအနေနဲ့လည်း ကိုယ်ဝါသနာပါရာကို အချိန်ပေးပြီးတော့ လုပ်သွားပါလို့ ပြောချင်ပါတယ်။