အခုလို ရာသီဥတု မိုးအေးအေးနဲ့ လိုက်ဖက်တဲ့ အစားအစာက ခေါက်ဆွဲပြုတ် ပူပူနွေးနွေးပါပဲ။ ရယ်ဒီမိတ် အသင့်စား ခေါက်ဆွဲတွေ မကြာခဏစားရင် ကျန်းမာရေးထိခိုက်တာမို့ ဒီအချိန် မိုးအေးအေးလေးမှာ ခေါက်ဆွဲပြုတ် စားချင်သူတွေအတွက် ဂျပန် Ramen ခေါက်ဆွဲ ကောင်းကောင်း ရတဲ့ ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဂျပန် Ramen ခေါက်ဆွဲတွေက ကိုယ်တိုင်လုပ်တဲ့ Homemade ဂျုံခေါက်ဆွဲသားတွေနဲ့ ပြုလုပ်တာ ဖြစ်ပြီး ခေါက်ဆွဲမှာပါဝင်တဲ့ အရည်ကလည်း ဝက်ခြေထောက်ပြုတ်ရည် အသုံးပြုထားတာကြောင့် အာဟာရရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
မိတ်ဆက်ပေးချင်တဲ့ဆိုင်ကတော့ ရန်ကုန်မြို့၊ လှည်းတန်းစင်တာ၊ Basement 1 မှာရှိတဲ့ “Ramen Monster Yangon” ဆိုတဲ့ ဂျပန် Ramen ဆိုင်ပဲဖြစ်ပါတယ်။
ဆိုင်မှာ ဂျပန်ခေါက်ဆွဲ Ramen အမျိုးအမယ်ပေါင်း ၁၀ မျိုးကျော်ကို ရရှိနိုင်ပြီး ဆိုင်ရဲ့ နာမည်ကြီး ဝက်သားဖက်ထုတ်ကြော်၊ ဝက်သားပြားတို့ကိုလည်း ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။
Ramen ခေါက်ဆွဲပြုတ်တွေက တပွဲကို ကျပ် ၃၅၀၀ ကနေ ၄၅၀၀ အထိ အစားစားရှိပြီး ကလေး တယောက်စာ Kid Meal ဆိုရင်တော့ ကျပ် ၂၀၀၀ ပဲ ကျသင့်ပါတယ်။ ခေါက်ဆွဲနဲ့အတူ ဝက်သား ဖက်ထုတ်ကြော်နဲ့ သောက်စရာ Japanese Green Tea သို့မဟုတ် Lemon Tea တခုခုတွဲဖက်ပြီး ယူမယ်ဆိုရင် ကျပ် ၁၂၀၀ ပဲ ပိုပေးရပါတယ်။
Ramen တွေရဲ့ အရသာကို မြည်းစမ်းကြည့်ဖို့အတွက် Menu မှာရှိတဲ့ Ramen အမျိုးမယ်တွေထဲက နာမည်ကြီး Tokotsu Ramen, Spicy Ramen တို့နဲ့ Hirashi Chuka (ဂျပန်ခေါက်ဆွဲအေး) တို့ကို မှာယူလိုက်ပါတယ်။
အရသာ မြည်းစမ်းကြည့်တော့ Tokotsu Ramen က Ramen ခေါက်ဆွဲပြုတ်တွေရဲ့ Original မူလ အရသာဖြစ်ပြီး ခေါက်ဆွဲ၊ ကြက်ဥ၊ ရေညှိစတာတွေပါဝင်ပြီး အရည်အရသာက ဝက်ခြေထောက် ပြုတ်ရည်ရဲ့ အချိုအရသာပါ။ အချိုကြိုက်သူတွေအတွက် အရသာကောင်းမွန်ပေမယ့် အစပ်ကြိုက် သူတွေအတွက်ဆို အရသာ အနည်းငယ် ပေါ့တယ်လို့ ခံစားမိပါတယ်။
ဝက်ခြေထောက်ပြုတ်ရည် ပြုလုပ်ပုံကို မေးကြည့်တော့ ဝက်ခြေထောက်ကို အချိုမှုန့်လုံး၀ မသုံးဘဲ ဝက်အရိုးတွင်းခြင်စီ အရသာစိမ့်ဝင်နေအောင် အချိန် ၈ နာရီကျော်ကြာ ပြုတ်ထားတာကြောင့် သဘာဝအတိုင်း အရသာချိုနေတာ ဖြစ်တယ်လို့ ဆိုင် မန်နေဂျာဖြစ်သူ မဇင်မီခိုင်က ရှင်းပြပါတယ်။
ခေါက်ဆွဲမှာ ပါဝင်တဲ့ ဝက်သားပြားကို စားကြည့်တဲ့အခါ အသားက နူးအိနေလို့ သုံးထပ်သားကို နူးအိအောင် အချိန် ၄ နာရီကျော် သေချာ ပေါင်းထားတယ်လို့ သူကဆိုပါတယ်။ ခေါက်ဆွဲထဲမှာ ပါဝင်တဲ့ ကြက်ဥကလည်း အပြင်သားကို ကျက်အောင်ပြုတ်ထားပြီး အတွင်းသားက မကျက်တကျက် မို့လို့ စားရတာတမျိုးလေးပါ။ ပဲငပိနဲ့ ပြုတ်ထားတာကြောင့် ပဲငပိအရသာစိမ့်ဝင်နေပြီး စားလို့ ကောင်းပါတယ်။
ကျနော် နှစ်သက်မိတာကတော့ Spicy Ramen ပါပဲ။ ခေါက်ဆွဲပြုတ်အရည် အရသာက အရမ်း မစပ်လွန်းပဲ အရသာရှိပါတယ်။ ဂျပန်ခေါက်ဆွဲတွေက များသောအားဖြင့် ဂျုံနဲ့ပြုလုပ်ထားပြီး စားတဲ့အခါ အီတတ်တာကြောင့် Spicy အရသာနဲ့ဆို အီမနေဘဲ စားလို့ ကောင်းပါတယ်။
ဂျပန်ခေါက်ဆွဲအေးကတော့ ဆီချက်လိုပုံစံမျိုးပါ။ အရည်မပါဝင်ဘဲ ရေခဲနဲ့ အအေးခံထားတဲ့ ခေါက်ဆွဲကို ဂဏန်းသား၊ ကြက်ဥ၊ ပါးပါးလှီးထားတဲ့ သခွားသီးတို့နဲ့ သုပ်စားရတာပါ။ သူ့အရသာက ခံတွင်းထဲမှာ အေးနေပြီး သခွားသီးပါးပါးလေးတွေ ဝါးမိတဲ့အခါ ခေါက်ဆွဲသားနဲ့ အတူ ချဉ်ဖြုံးဖြုံးလေး ခံစားမိပါတယ်။ ခေါက်ဆွဲပြုတ်လို ဗိုက်ဝပြီး အီတာမကြိုက်တဲ့သူတွေ ရွေးချယ်နိုင်တဲ့ အစားအစာပါ။
ဂျပန်ခေါက်ဆွဲနဲ့အတူ လိုက်ဖက်တဲ့ ဂျပန်ဖက်ထုတ်ကြော်ကိုလည်း မြည်းကြည့်ခဲ့ပါသေးတယ်။ Homemade အရသာ ကိုယ်တိုင်လုပ် ဝက်သားဖက်ထုတ်ကြော်က အတွင်းသားကော အပြင်သားပါ နူးညံ့ပြီး စားကောင်းပါတယ်။
Ramen တွေရဲ့ အရသာမြည်းစမ်းပြီးသွားတဲ့အခါ ဗိုက်ဝသွားရင် အအီပြေ ဆိုင်ရဲ့ ထူးထူးခြားခြား ဒိန်ချဉ်ရေခဲမုန့် ရှိပါတယ်။ ဒိန်ချဉ်ကို ရေခဲမုန့်အဖြစ် ပြုလုပ်ထားတာဖြစ်ပြီး ရိုးရိုး ဒိန်ချဉ်ရေခဲမုန့်ဆိုရင် တခုကို ၉၀၀ ကျပ်ပါ။ အသီးနဲ့ အချို အရသာတွေ ထပ်ပေါင်းထည့်မယ်ဆိုရင် တခု ၂၀၀၀ ကျပ်ပါ။
ဆိုင်မှာ ထူးခြားတဲ့ အစီအစဉ်လေးတခုရှိပါသေးတယ်။ အဲဒါကတော့ “Monster Ramen Challenge” ဆိုတဲ့ ပြိုင်ပွဲပါ။ ပုံမှန် တယောက်စာ Ramen ရဲ့ သုံးဆ၊ Ramen ၃ ပွဲစာကို မိနစ် ၂၀ အတွင်း ကုန်အောင် စားပြရမှာဖြစ်ပါတယ်။ ကုန်အောင် စားနိုင်တဲ့သူကို ကျပ် ၈၅၀၀ တန် Gift Voucher ဆုအဖြစ် ပြန်လည်ပေးအပ်တာဖြစ်ပြီး မစားနိုင်ဘူးဆိုရင်တော့ ကျပ် ၈၅၀၀ ကို စားသုံးသူက ပြန်ပေးရမှာပါ။
စိတ်ဝင်စားစရာကောင်းတဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရသွားတဲ့သူတွေ မနည်းပါဘူး။ ၇ မိနစ်အတွင်း အကုန် စားနိုင်လို့ စံချိန်ချိုးသွားသူလည်းရှိပါတယ်။ ဆိုင်ရဲ့ Ramen ခေါက်ဆွဲတွေက အချိုမှုန့်သုံးမထားဘဲ အရသာကောင်းမွန်သလို ဈေးလည်းမဆိုးတာကြောင့် သွားရောက် မြည်းစမ်းကြည့်ဖို့ လက်တို့ လိုက်ပါတယ်။
လိပ်စာ – “Ramen Monster Yangon”
လှည်းတန်းစင်တာ Basement 1 (5/6) ၊ စီးတီးမတ်အနောက်ဘက်၊ လှည်းတန်း၊ ရန်ကုန်မြို့။