ဗီယက်နမ် လယ်သမား တဦးဟာ ၁၉၉၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ Phon Nha-Ke Bang အမျိုးသား ပန်းခြံထဲမှာ အရင်က မတွေ့ခဲ့ဖူးသေးတဲ့ ဂူတလုံးကို မထင်မှတ်ဘဲ တွေ့ရှိခဲ့ပါတယ်။ ဂူရဲ့ အဝင်၀ အရောက်မှာတော့ အလွန် ကျယ်လောင် မြည်ဟီး စီးဆင်းနေတဲ့ ရေစီးသံတွေ ကြားလိုက်ရတော့ သူလည်း ကြောက်ရွံ့ပြီး ဂူထဲဆက် မဝင်ရဲတော့ပါဘူး။ ဒေသခံတွေက အဲဒီဂူကို Son Doong လို့ ခေါ်ပေမယ့် ဘယ်သူမှ နောက်ထပ်ရှာဖွေမှုတွေ မလုပ်ရဲကြပါဘူး။
၂၀၀၉ ခုနှစ်မှာတော့ ဟောင်းဝပ် လင်းဘတ် (Howard Limbert) ဦးဆောင်တဲ့ ဗြိတိသျှ သုတေသနနဲ့ လေ့လာရှာဖွေရေး အဖွဲ့ အဲဒီဂူကို ရောက်ရှိခဲ့ပြီး ဂူအတွင်း ဝင်ရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ ဂူ အတွင်းထဲ ဝင်ရောက်လေ့လာတော့ အဲဒီ ဂူဟာ ၅ ကီလိုမီတာ ရှည်ပြီး၊ မီတာ ၁၅၀ ကျယ်တဲ့ အလွန်ကြီးမားတဲ့ ဧရာမဂူကြီး ဖြစ်နေတာကို တွေ့ရှိရပါတယ်။
အဲဒီဒေသ အဲဒီဂူမှာ ဒေသရင်း ပန်းပင်တွေ၊ ဒေသရင်း တိရစ္ဆာန် မျိုးစိတ်တွေ၊ သဘာ၀ ရေကန်တွေ၊ တခြား ဒေသတွေနဲ့ မတူတဲ့ မိုးတိမ်တွေတောင် ရှိနေပါတယ်။ အဲဒီ ထူးခြား ကြီးမားတဲ့ ရင်သပ်ရှုမောစရာ ဂူတွင်း ဓာတ်ပုံတွေ ဖော်ပြပေးလိုက်ပါတယ်။
ဂူအတွင်းကို ဝင်ရောက်နိုင်ဖို့ မီတာ ၈၀ အမြင့်ကနေ ကြိုးနဲ့ အောက်ကို ဆင်းရပါတယ်။
ဂူထဲမှာ တော်တော်လေး ရေစီးသန်တဲ့ ချောင်းငယ်တခုကို တွေ့ရတယ်။
မြစိမ်းရောင် ရေကန်တွေရယ်၊ သဲသောင်ပြင်လေးတွေရယ်လည်း တွေ့ရတယ်။
ဂူထဲမှာတော့ ရှေးခေတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ကျောက်စက်ပန်းဆွဲတွေလည်း တွေ့ရတယ်။
မီတာ ၇၀ လောက်ရှည်လျား မြင့်မားတဲ့ ကျောက်စက်ပန်းဆွဲတွေက အဲဒီ ဂူထဲမှာသာ တွေ့နိုင်တယ်။
ဂူထဲက တချို့နေရာတွေမှာ သစ်ပင်တွေ ထူထပ်စွာ ပေါက်ရောက်နေကြပြီး မျောက်တွေ၊ အောက်ချင်းငှက်တွေနဲ့ လင်းနို့ စတဲ့ တိရစ္ဆာန်တွေလည်း အဲဒီမှာ ကျက်စားနေထိုင်ကြတယ်။
အဲဒီ ဂူထဲမှာပဲ အပြင်လောက ကမ္ဘာက ရာသီဥတုနဲ့ ခြားနားတဲ့ သီးခြား ရာသီဥတု၊ သီးခြား တိမ်တွေနဲ့ ပိုပြီး အေးစိမ့်တဲ့ လေထုလည်း ရှိနေတယ် လို့ သိရပါတယ်။
Source: http://brightside.me