အဆိုတော် ဝေလရဲ့ တတိယမြောက် တကိုယ်တော်တေးစီးရီးဖြစ်တဲ့ “အဓိပတိဖွား” ထဲမှ တေးသီချင်းများကို အခွေထွက်ရှိပြီး နာရီပိုင်းအတွင်း ဖေ့စ်ဘုတ်မှာ download လုပ်ပြီး နားဆင်လို့ရမယ့် လင့်ခ်တွေ ပျံ့နှံ့လာခဲ့တဲ့အတွက် မူရင်းခွေရောင်းအား အလွန်ကျဆင်းသွားတယ်လို့ ထုတ်ဝေသူက ဧရာဝတီကို ပြောပါတယ်။
ဒီတေးစီးရီးဟာ လတ်တလော ပရိသတ်တွေကြားမှာ ပေါက်နေတဲ့ တေးစီရီးလို့လည်း ပြောလို့ရပါတယ်။
“ကျနော်တို့ ခန့်မှန်းထားတာ ကိုဝေလအခွေက သိန်းနဲ့ချီပြီး ရောင်းရမယ်အခွေမျိုးလေ၊ တကယ်တမ်း ဒီလိုဖြစ်သွားတော့ ကိုဝေလရော ထုတ်ဝေသူရော အရမ်းနစ်နာပါတယ်။ကျနော်တို့အနေနဲ့ပြောရရင် ကျနော်တို့က နိုင်ငံတကာကို သွားကြတော့မယ့်အချိန်မှာ အခွေကို အထိုက်အလျောက်တော့ ရောင်းရစေချင်တယ်။ တကယ်တမ်း သူ့နှုန်းနဲ့ဆို သိန်းကျော်ရောင်းရမှာ အခုက အခွေက နှစ်သောင်းတောင် မသေချာဘူးဖြစ်နေတယ်။ လူဦးရေ သန်း ငါးဆယ်ကျော်မှာ မြန်မာပြည်ရဲ့ နာမည်ကြီးအဆိုတော်ရဲ့ အခွေရောင်းအားက နှစ်သောင်းမပြည့်ဘူးဆိုတာတော့ မဖြစ်စေချင်ပါဘူး” လို့ အဓိပတိဖွားအခွေကို ဖြန့်ချိပေးတဲ့ ဘိုဘိုအင်တာတိန်းမန့်ထုတ်လုပ်ရေးရဲ့ ထုတ်ဝေသူ ကိုဘိုစန်းက ဧရာဝတီကို ပြောပါတယ်။
တေးသံရှင်ဝေလရဲ့ အခွေဟာ ဖြန့်ချိပြီး သုံးရက်အတွင်းမှာ အခွေ တစ်သောင်းခွဲကျော်နီးပါး ရောင်းချနေခဲ့ရပြီး အွန်လိုင်းပေါ်မှာ တခြားသူတဦးက သီချင်းများကို တင်လိုက်တဲ့အခါမှာတော့ ရောင်းအားကျသွားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလို တေးစီးရီးထွက်ပြီး အွန်လိုင်းပေါ်ရောက်တဲ့အခါ ရောင်းအားကျသွားတတ်တာ ဖြစ်နေကျဆိုပေမယ့် အဆိုတော် ဝေလရဲ့ အဓိပတိဖွားတေးစီးရီးရဲ့ရောင်းအားကျဆင်းသွားမှုက အဆိုတော်နဲ့ ထုတ်ဝေသူကို အတော်ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။
ဒီအတွက် နောက်ပိုင်းမှာ အခွေထုတ်ဝေဖြန့်ဖြူးရောင်းချတဲ့အခါ ခိုးကူးလို့မရအောင် နည်းပညာပိုင်းအရ တားဆီးဖို့ ဘယ်လိုစီစဉ်ထားရှိလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုဘိုစန်းက “အဲဒီအပိုင်းကို ကျနော်တို့လုပ်ဖို့ ကြိုးစားနေတယ်။ နည်းပညာပိုင်းက မလွယ်ဘူးဖြစ်နေတယ်။ နိုင်ငံခြားမှာလုပ်တာကို မရသေးဘူး ဖြစ်နေတာလေ။ ဒါကြောင့် သက်ဆိုင်ရာလူကြီးတွေနဲ့တိုင်ပင်နေတယ်။ အဓိက ဥပဒေတခု သေချာထွက်လာရင် ခိုးကူးတာတွေ ဒါတွေက လျော့သွားမယ်လို့ ထင်ပါတယ်။ နောက်ပြီး ပြည်ပက ပရိသတ်က ဒီ အဆိုတော်ရဲ့ အခွေကိုနားထောင်ချင်တယ်ဆိုရင် Online Music Store တွေ ရှိပါတယ်။ အဲဒီမှာ ဝယ်လို့ရပါတယ်။ နာမည်မပြောချင်ပေမယ့် အွန်လိုင်းမှာ အဆိုတော်တွေရဲ့ထွက်သမျှအခွေတွေကို လိုက်တင်နေတဲ့သူ ရှိတယ်။ သူကိုပြောချင်တာက အဲလိုတင်လို့ သူအတွက် အကျိုးရှိလားဆိုတာပါ။ တကယ်ရောင်းစေချင်တယ်ဆိုရင် ဒီအတွက် ဘယ်မှာဝယ်လို့ရတယ်ဆိုတာ သူညွှန်းပေးလို့ ရပါတယ်” လို့ဆိုပါတယ်။
အွန်လိုင်းမှာ အဆိုတော်များရဲ့ တေးသီချင်းများကို ဒေါင်းလို့ရမယ့်လင့်ခ်တွေနဲ့ ခိုးကူးများ မသောင်းကျန်းခင်က နာမည်ကြီး အဆိုတော်တယောက်ရဲ့ တေးစီးရီးခွေရောင်းအားက တသိန်းကျော် နီးပါးရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
အဆိုတော် ဝေလရဲ့ တတိယမြောက် တကိုယ်တော် တေးစီးရီးဖြစ်တဲ့ “အဓိပတိဖွား” တေးစီးရီးကို ဇွန်လ ၁၂ ရက်နေ့မှာ စတင်ပြီး ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
အဆိုတော် ဝေလဟာ ပထမဆုံး တကိုယ်တော် တေးစီးရီး “၁၉၈၂” ကို ၂၀၁၁ ခုနှစ်က ထွက်ရှိ ထားခဲ့ဖူးပေမယ့် အဲ့ဒီတေးစီးရီးဟာ မအောင်မြင်ခဲ့ပါဘူး။
ထို့နောက် သူ့ရဲ့ ဒုတိယမြောက်တေးစီးရီးဖြစ်တဲ့ “မိတ်ကပ်မကြိုက်သော သီချင်းများ” တေးစီးရီးထဲက တေးသီချင်းတွေဟာ ပရိသတ်အကြားမှာ အလွန်ရေပန်းစားအောင်မြင်ခဲ့ပြီး ဂီတဆုတံဆိပ်ပေါင်း များစွာ ကိုလည်း ရရှိခဲ့တာပါ။