မိုးကောင်းကင်ပြာပြာကြီးနဲ့ တိမ်လိပ်ဖြူဖြူမွမွကြီးတွေရယ်၊ သစ်ပင်တွေနဲ့အုပ်ဆိုင်းထားလို့ စိမ်းညို့နေတဲ့ မြင့်မြင့်မားမား တောင်တန်းကြီးတွေရဲ့အရိပ်တွေက အင်းရေပြင်ကျယ်ကြီးပေါ် အတိုင်းသားကျနေတယ်။ အင်းရေပေါ်က အရိပ်တွေနဲ့ အတူတူ တွဲလျက်တွေ့ရတာက လူအဖွဲ့လိုက်၊အစုလိုက်ကို တင်ဆောင်လာတဲ့ လှေကလေးတွေ၊ တောရိပ်တောင်ရိပ်တွေ၊ တိမ်လိပ်ကြီးတွေ၊ လှေကလေးတွေနဲ့ ရေပြင်ကျယ်ကြီးကို အချိုးကျပေါင်းစပ်ထားတဲ့ မြင်ကွင်းက ပန်းချီကားတချပ်လို ဖြစ်နေပါတယ်။
ဒီပန်းချီကားချပ်ကိုမှ ပိုပြီးပြည့်စုံကောင်းမွန်အောင် အရောင်တင်ပေးလိုက်တာက အင်းရေပြင်ထဲက ကြာပန်း၊ ကြာရွက်တွေနဲ့ ပြွတ်သိပ်နေတဲ့ ကြာတောကြီးပါပဲ။ ဒီကြာတောကြီးက အင်းရေပြင်ရဲ့အရှေ့ဘက်ကျကျလောက်မှာ ရှိတယ်။ အင်းရဲ့အခြားဘက်တွေမှာလည်း ကြာတောတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောကြတယ်။
အင်းရေပြင်ပေါ်က လှေကလေးတွေဟာ တအိအိနဲ့ ကြာတောအုပ်ကြီးဆီကို ဦးတည်သွားနေကြတယ်။
ဒီမြင်ကွင်းတွေက လတ်တလောဖေ့ဘွတ်စ်လူမှု့ကွန်ရက်ပေါ်မှာ နာမည်ကြီးနေတဲ့ စွန်ရဲအင်းထဲက မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
ကြာပွင့်ကြာရိုးတွေနဲ့ ပြည့်နေတဲ့ စွန်ရဲအင်းကို ဒေသခံတွေက ကြာကန်လို့လည်း ချစ်စနိုးခေါ်ကြတယ်။
ကြာတောထဲရောက်ရင် အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ ကြာပွင့်ကြာပန်းတွေနဲ့ အလှချင်းပြိုင် ဓာတ်ပုံရိုက်ကြတယ်။ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း သူ့ထက်ငါအမြန် ဖေ့ဘွတ်စ်ပေါ်တင်ဖို့ ကြိုးစားကြတယ်။
စွန်ရဲအင်းဆိုတာ မန္တလေးမြို့နဲ့ ကျောက်ဆည်မြို့အကြား စဉ့်ကိုင်မြို့နယ်ပိုင် စွန်ရဲရွာလေးအနီးရှိ အင်းတအင်းပါ။ မန္တလေးမြို့ကနေ စွန်ရဲအင်းကိုရောက်ဖို့ ဆိုင်ကယ်(သို့) မော်တော်ယာဉ်နဲ့ သွားမယ်ဆိုရင် ၂ နာရီကျော်ကျော်လောက် ကြာပါတယ်။
မန္တလေးမြို့ကနေ ရန်ကုန် – မန္တလေးလမ်းဟောင်းအတိုင်း ထွက်လာပြီး၊ ကျောက်ဆည်တက္ကသိုလ် အကျော်လောက်ရောက်ပါက လမ်းရဲ့ဘယ်ဘက်အခြမ်းရှိ “ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်-ဘဲလင်းအလှဆင် ကျောက်ပြားစက်ရုံ” လို့ ရေးထိုးထားတဲ့ ကျောက်ဆိုင်းဘုတ်ကြီးကို တွေ့ရပါမယ်။
ဒီဆိုင်းဘုတ်ရှိတဲ့လမ်းအတိုင်း တောက်လျှောက်ဆက်သွားပြီး ခဏအကြာမှာ လမ်းခွဲတခုကို ထပ်မံတွေ့ရပါလိမ့်မယ်။ လမ်းခွဲကနေမှ ညာဘက်လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုပါက စွန်ရဲအင်းကို ရောက်ရှိပြီဖြစ်ပါတယ်။
လမ်းခရီးတလျှောက်မှာတော့ ကိုယ်တွေလိုပဲ စွန်ရဲအင်းကိုသွားနေတဲ့ လူတွေကိုတွေ့မြင်ရပါတယ်။ ဆိုင်ကယ်တွေ၊ ကားတွေ တဝေါဝေါနဲ့ သွားလာနေကြတာကို တွေ့ရမှာပါ။
စနေ၊ တနင်္ဂနွေလို အစိုးရရုံးပိတ်ရက်တွေမှာ ပိုပြီးစည်ကားပါတယ်။ စွန်ရဲအင်းကို လာလည်ကြသူတွေများလာလို့ လှေဆိပ်မှာ လှေထပ်တိုးဖို့ လှေကြီး၊လှေငယ်အသစ်တွေကို တင်လာတဲ့ ထော်လာဂျီတွေဟာ စွန်ရဲအင်းကို ဦးတည်မောင်းနှင်နေတာကိုလည်း တွေ့ရပါတယ်။ စွန်ရဲအင်းကိုရောက်ရှိချိန်မှာ အမျိုးသားကြီးတဦးက စီးနင်းလာကြတဲ့ ဆိုင်ကယ်တွေ၊ ကားတွေရပ်ဖို့ နေရာချပေးနေပါတယ်။ စွန်ရဲအင်းကို လာကြတဲ့ ဆိုင်ကယ်တွေ၊ ကားတွေက အင်းရေစပ်အပြည့်ပါပဲ။
ဆိုင်ကယ်၊ကားတွေထားတဲ့ နေရာကနေ အင်းရေပြင်ဆီကိုသွားတဲ့လမ်းမှာတော့ ကလေးတွေနဲ့ အမျိုးသမီးကြီးတွေ တအုပ်လိုက်ကြီး ထိုင်နေကြတယ်။ သူတို့နဲ့ စကားပြောကြည့်တော့ သူတိုဟာ စွန်ရဲအင်းဒေသခံတွေဖြစ်တဲ့အကြောင်း၊ စွန်ရဲအင်းမှာ ဒီလိုလူစည်တာမျိုး မကြုံဖူးတဲ့အကြောင်း၊ ဒါ့ကြောင့် ဒီကိုတကူးတကလာလည်ကြသူတွေကို စကားအလုအယက် ပြောဆိုကြပါတယ်။
သူတို့ပြောတာတွေက အမှန်ပါ။ အရင်က စွန်ရဲအင်းကို လူတွေသိပ်မလာကြပါဘူး။ ဆောင်းခိုငှက်တွေ လာချိန်လောက်မှသာ ငှက်ကြည့်သမားတွေ၊ ငှက်ရိုက်ဓာတ်ပုံဆရာတွေသာ ကြိုကြားကြိုကြား လာကြတာများပါတယ်။ အခုလိုလူအုပ်ကြီးလိုက် စိတ်ဝင်စားပြီးလာကြတာ ရက်ပိုင်းလောက်သာ ရှိသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖေ့ဘွတ်စ်လူမှု့ကွန်ရက် သုံးစွဲသူတဦးဦးက ကြာရွက်တွေ၊ ကြာပန်းတွေပြည့်နေတဲ့ အင်းရေပြင်ဓာတ်ပုံကို ရိုက်တင်ပြီးတဲ့နောက်ပိုင်း စွန်ရဲအင်းဟာ လည်ပတ်သွားလာလိုသူများအကြား စိတ်ဝင်စားမှုကို ခံလာရပြီး နာမည်ကြီး ထင်ရှားလာပါတယ်။
စွန်ရဲအင်းကို လာရောက်လည်ပတ်ကြသူတွေလည်း တစတစ များပြားလာပါတယ်။ စွန်ရဲအင်းဝန်းကျင် ဒေသခံတွေက လူတွေတဖွဲဖွဲ လာရောက်လည်ပတ်ကြတဲ့အပေါ် တက်ကြွပျော်ရွှင်နေကြပါတယ်။ လာရောက်လည်ပတ်သူတွေကြောင့် သူတို့မှာ အလုပ်အကိုင်အခွင့်အရေးတွေ များလာရတယ်လို့လည်း ဆိုပါတယ်။
ကား၊ ဆိုင်ကယ်တွေထားတဲ့နေရာက ကျော်လွန်လာပြီး အင်းရေဆိပ်ကို မရောက်ခင်မှာ လာရောက်လည်ပတ်သူတွေ နားနေဖို့အတွက် ဈေးတန်းသေးသေးလေး ရှိပါတယ်။ ကော်ဖီတွေ၊ အအေးတွေ ရောင်းချကြသလို ဂျင်းသုပ်၊ လက်ဖက်သုပ်၊ ဂဏန်းကြော်တွေ ကြော်လှော်ရောင်းချကြပါတယ်။ ဒါ့အပြင် စွန်ရဲအင်းရောက် အမှတ်တရ တီရှပ်အင်္ကျီအဖြူတွေကို ရောင်းနေကြတာလည်း တွေရတယ်။
ရောင်းချတဲ့သူအများစုက ဈေးသည်စစ်စစ်ကြီးတွေ မဟုတ်ကြဘဲ အင်းကိုလာလည်ကြသူတွေများလို့ ဈေးထွက်ရောင်းကြတဲ့ ဒေသခံတွေမှန်း သူတို့ရောင်းနေပုံနဲ့ မျက်နှာအမူအရာတွေကို ကြည့်တာနဲ့ အလွယ်တကူ သိနိုင်ပါတယ်။ တချို့ကလည်း အင်းထဲကထွက်တဲ့ငါးတွေကို ကြော်ရောင်းဖို့၊ ကင်ရောင်းဖို့ အချင်းချင်းစီစဉ်နေကြတာ ကြားခဲ့ရတယ်။
အရင်က စွန်ရဲအင်းဒေသခံတွေက တံငါလုပ်ငန်း၊ ကြာချည် (ကြာရိုးမှ ချည်မျှင်ထုတ်ခြင်း) လုပ်ငန်းတွေကိုသာ အဓိက လုပ်ကိုင်ကြပါတယ်။ အခုချိန်မှာတော့ လာလည်ကြတဲ့ ဧည့်သည်တွေ များပြားလာတာကြောင့် အင်းအတွင်း လှော်ခတ်ဖို့ လှေငှားတာ၊ လှေထိုးသားအဖြစ် ဝင်ရောက်လုပ်ကိုင်တာ၊ ဈေးရောင်းတာတွေ လုပ်လာကြတာကို တွေ့ရပါတယ်။
စွန်ရဲအင်းကို လာလည်ကြသူတွေ အဓိကအပမ်းဖြေကြတာက လှေစီးကြတာပါ။ အင်းဆိပ်မှာ လှေစီးဖို့ စောင့်နေသူတွေနဲ့ လှေငှားဖို့ စောင့်နေတဲ့ ဒေသခံတွေ ရောထွေး ပြွတ်သိပ်နေပါတယ်။ လှေစီးမယ်ဆိုရင် လူတယောက်ကို ငွေကျပ် ၁,၅၀၀၊ ကျပ် ၃,၀၀၀ အစားစား ရှိပါတယ်။ လှေစီးတဲ့ကြာချိန်နဲ့ နေရာအနီးအဝေးပေါ် မူတည်ပြီး ကျသင့်ငွေကြေး ကွာဟတာပဲ ဖြစ်ပါတယ်။
လာရောက်လည်ပတ်ကြသူ အများစုက ကြာပန်းတွေနဲ့ ဓာတ်ပုံရိုက်ချင်ကြလို့၊ လှေအကြာကြီး စီးချင်ကြလို့ လာကြသူတွေ များပါတယ်။ လှေက အကြီးအသေးဆိုပြီး အမျိုးအစား၂ မျိုးရှိပါတယ်။ တချို့က ရေကြောက်တတ်လို့ဆိုပြီး လှေအကြီးကိုမှ သေချာရွေးပြီး စောင့်စီးကြတဲ့သူတွေလည်း ရှိပါတယ်။
စွန်ရဲအင်းထဲက ရေကတော့ တိမ်တိမ်လေးပါ။ လှေထိုးသားတွေက လှေစီးသူတွေကို မကြောက်ဖို့ ပြောဆိုပြီး၊ ရေတိမ်ကြောင်းကို သူတို့လက်ထဲက လှော်တက်နဲ့ ရေအနက်ကို မကြာမကြာ တိုင်းပြပါတယ်။ လှေလေးက တလှုပ်လှုပ်နဲ့မို့ လှေစီးသူတွေဟာ အင်းဆိပ်ကထွက်ကာစအချိန်မှာ စိုးရိမ်စိတ်တွေ ရှိကြပေမယ့် ကြာတောထဲ ရောက်ချိန်မှာတော့ စိုးရိမ်စိတ်တွေ ပျောက်ကုန်ပြီး၊ လှေပေါ်မတ်တပ်ထရပ်ပြီး ဓာတ်ပုံရိုက်သူကရိုက်၊ လှေဦးထိပ်မှာထိုင်ပြီး ကြာတောကြီးနောက်ခံထား ဓာတ်ပုံရိုက်သူကရိုက်နဲ့ အနေအထားပေါင်းစုံကို အားရပါးရရိုက်ကူးကြတယ်။
လှေစီးလာသူတွေထဲမှာ အများစုက လူငယ်တွေပါ။ ရေပြင်ကျယ်ကြီးပေါ်မှာ နေမင်းက ထီးထီးကြီးပူကျွတ်နေပေမယ့် လုံးဝမမှုကြဘဲ၊ သူတို့ရဲ့ တက်ကြွလန်းဆန်းမှုတွေကို မျက်နှာတွေပေါ်မှာ အထင်းသားတွေ့နေရတယ်။ ပူခြစ်တောက်နေတဲ့ နေအပူဒဏ်ကို ကြာရိုးတံရှည်ရှည်လေးပါအောင် ခူးထားတဲ့ ကြာရွက်ဖားဖားကြီးတွေနဲ့ကာပြီး လှေစီးတဲ့အရသာကို သဘောအကျကြီး ကျနေကြတာကို တွေ့မြင်ရပါတယ်။
စာဖတ်သူများအနေနဲ့ စွန်ရဲအင်းကို သွားလည်မယ်ဆိုရင် အပူဒဏ်ကို အကာအကွယ်ပေးနိုင်တဲ့ ထီးတို့၊ လက်ရှည်အင်္ကျီတို့၊ မျက်မှန်တို့ ယူဆောင်သွားဖို့လိုပါတယ်။ နေမြင့်လေအပူရှိန်ပြင်းလေ ဖြစ်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ မနက်စောစောထပြီး သွားလည်သင့်ပါတယ်။ လည်ပတ်စရာ နေရာသစ်တခု ဖြစ်နေသေးတာကြောင့် အစားအသောက်ရောင်းချသူတွေ ပေါပေါများများ မရှိသေးလို့ အိမ်ကနေ စားစရာ၊ သောက်စရာတွေကို ကြိုတင်ပြင်ဆင်သွားဖို့ လိုပါလိမ့်မယ်။
မန္တလေးမြို့သူမြို့သားတွေဟာ သူတိုမြို့နဲ့ အနီးဝန်းကျင်မှာ သက်တောင့်သက်သာ အပန်းဖြေအနားယူနိုင်လောက်မယ့် နေရာအသစ်အဆန်းတွေကို မကြာခဏဆိုသလို ရှာဖွေဖော်ထုတ်နေကြပါတယ်။ ဓာတ်ပုံရိုက်ကောင်းမယ့် နေရာအသစ်အဆန်းတွေ၊ လည်ပတ်ဖို့နေရာအသစ်တွေကို တွေ့ပြီဆိုတာနဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက်ပေါ်ကနေတဆင့် ပြန်လည်မျှဝေလေ့ ရှိကြပါတယ်။
စွန်ရဲအင်းကို အခုလိုလူသိများထင်ရှားလာတာကလည်း ဒီလိုပြန်လည်မျှဝေမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ စွန်ရဲအင်း မတိုင်မီက ဒီးဒုတ်ရေပြာစခန်း၊ ၇ မိုင်ချောင်းသားတို့လို နေရာမျိုးတွေကို ရှာဖွေတင်ပြခဲ့ကြပါတယ်။
ဖေ့ဘွတ်စ်လူမှုကွန်ရက်ကတဆင့် ထင်ပေါ်လူသိများလာတဲ့ စွန်ရဲအင်းဟာ သိပ်မကြာခင် အချိန်လေးအတွင်းမှာပဲ အများပြည်သူ စနစ်တကျလည်ပတ်နိုင်မယ့် နေရာကောင်းလေးတခုအဖြစ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။