ပြည်တွင်းမှာ Taxiတွေကို ဘယ်လို အင်ဂျင်၊ ဘယ်လို မော်ဒယ်တွေပဲ ပြေးဆွဲရမယ်လို့ သတ်မှတ်ထားတာ မရှိတော့ လုပ်ငန်း အနေနဲ့ သုံးမယ့် အနေအထားမှာ အတတ်နိုင်ဆုံး ဆီစားနည်းမယ့်၊ အင်ဂျင်သေးမယ့် မော်ဒယ် တွေကို ရွေးချယ်ပြီး Taxiတွေ အဖြစ် အသုံးပြုလာကြတာ တွေ့နိုင်ပါတယ်။
လက်ရှိ ပြည်တွင်းမှာ Taxiအဖြစ် အသုံးများလာတဲ့ Mitsubishiရဲ့ မော်ဒယ် တစ်ခု ဖြစ်တဲ့ eK Wagonနဲ့ မိတ် ဆက် ပေးချင်ပါတယ်။ Miraနဲ့ Altoတို့လိုပဲ သူလည်းပဲ ဈေးချိုချိုလေးနဲ့ ရနိုင်တဲ့ အင်ဂျင် အသေးစား တပ်ထား တဲ့ မော်ဒယ်တစ်ခုပါ။ တည်ဆောက်ပုံ၊ ကိုယ်ထည် အရွယ်အစား၊ ဆီစားနှုန်း၊ စွမ်းဆောင်ရည်တွေက အစ သိပ်ပြီး မကွာလှပါဘူး။ ဒါပေမယ့် တစ်ခု ရှိတာက အခု မော်ဒယ်က လူသိနည်းနေသေးတော့ မော်ဒယ်မြင့် အနေနဲ့ ဈေးကွက်ဝင်လာသည့်တိုင်အောင် ဈေးချိုချိုနဲ့ ရနိုင်မှာပဲ ဖြစ်ပါတယ်။
တန်ကြေးနည်း မော်ဒယ်ဖြစ်လို့ မော်ဒယ်ခွဲနဲ့ အရောင် ရွေးချယ်နိုင်မှုကတော့ အားနည်းပါတယ်၊ ဈေးကွက်မှာ ငွေရောင်တွေ အတွေ့ရများပြီး အဖြူဆိုရင် ဈေးနည်းနည်း ပိုချင်ပါတယ်။ Autoစနစ်နဲ့ သွားမယ့် မော်ဒယ် ဖြစ်လို့ လုပ်ငန်းသုံး အတွက်ပဲ ဖြစ်ဖြစ်၊ အိမ်စီးအလွယ်သုံး အနေနဲ့ ရွေးချယ်မယ် ဆိုရင်လည်း မောင်းနှင်လို့ လွယ်ကူ အဆင်ပြေစေပါတယ်။
အခုနောက်ပိုင်း ရန်ကုန်မှာ အမျိုးသမီးများ ကလေးကျောင်းကြို၊ပို့အတွက်ပဲ ဖြစ်ဖြစ်၊ ဈေးသွား၊ ဈေးပြန် အတွက်ပဲ ဖြစ်ဖြစ် အင်ဂျင်သေးသေး၊ ကိုယ်ထည်သေးသေး မော်ဒယ်လေးတွေ ဝယ်စီးလာကြတာ တွေ့ရ ပါတယ်။ အဲဒီအတွက်လည်း အခု eK Wagonက အဆင်ပြေမှာပါ။
Miraနဲ့ Altoတို့ဆိုရင် ဈေးလည်း နည်းနည်းမြင့်ချင်သလို မော်ဒယ်လည်း နိမ့်ချင်တာကြောင့် အခု မော်ဒယ်က အိမ်စီး အတွက်လည်း ပိုအဆင်ပြေစေတာပါ။ Air-Conပါမယ်၊ ကောင်းမယ်၊ အသက်ကယ် လေအိတ်စနစ် လည်း ပါမယ်၊ အတွင်းခန်း အပြင်အဆင်မှာ TVမပါတတ်ပေမယ့် Audioပိုင်းတော့ ထည့်ထားပါတယ်။ အခြား တပ်ဆင် ပစ္စည်း အစုံပါရှိမယ်၊ ထိုင်ခုံတွေက အစ ကောင်းနေ၊ ပြစ်ချက်မဲ့နေမယ်။ ဒါတွေက စိတ်ဝင်စားစရာပါ။
အင်ဂျင်ပိုင်းမှာက ၆၆၀ စီစီသုံး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာ ဖြစ်ပြီး ဆီစား တော်တော်ကို ချိုပါတယ်။ ခရီးဝေး မောင်းနှင်နိုင်မှုမှာ Altoထက် သာပါတယ်။ ညာမောင်းပုံစံနဲ့ ရနိုင်ပါတယ်၊ မောင်းနှင်ပြီး ကီလို တစ်သိန်း ဝန်းကျင်တွေပဲ ဈေးကွက်မှာ အတွေ့ရများပြီးတော့ ဒီတချက်တော့ ကီလိုများနေတာ တစ်ချက်က အားနည်းချင်ပါတယ်။
ဒါပေမယ့် ကီလို နည်းမယ့် မော်ဒယ်ကို ရှာမယ် ဆိုရင်တော့ နည်းနည်းလေး အချိန်ပေးလိုက်ရင် အဆင် ပြေမှာပါ။ အခု ပြောနေတဲ့ ကီလို တစ်သိန်း ဝန်းကျင် မော်ဒယ်ထက်တော့ ၇သိန်းလောက် မြောက်သွား ချင်မှာပါ။ ဥပမာ ကီလို ၇သောင်းလောက်ဆိုရင်ပေါ့။ အခု မော်ဒယ်ကတော့ ဈေးကွက်မှာ လွယ်လွယ်တွေ့နိုင်၊ လေ့လာနိုင်နေပြီး ၈၅သိန်းဝန်းကျင် ဈေးခေါ်ကြပါတယ်။