ကျမအနေနဲ့ တက်တူးထိုးတဲ့အလုပ်ကို ရွေးချယ်ပြီးလုပ်ဖြစ်တာက သူများနဲ့မတူတဲ့ အလုပ်၊ အသက်မွေးဝမ်းကြောင်း ကို သဘောကျလို့ နောက်ပြီးတော့ ကျမက အနုပညာပိုင်းကို သိပ်ဝါသနာပါတယ်။ အနုပညာနဲ့ ပတ်သက်တာ တခုခု ကို လုပ်ချင်တယ်။ အနုပညာဆန်တဲ့အလုပ်လည်းဖြစ်တဲ့ ဒီ တက်တူးထိုးတဲ့ ဆရာမအလုပ်ကို ရွေးချယ်ခဲ့တာပါ။ နောက်ပြီး တက်တူးထိုးတဲ့သူက မြန်မာနိုင်ငံမှာ အမျိုးသမီး တက်တူးဆရာမက ရှားတယ်လေ။ အမျိုးသားတွေ ရှိပေမယ့် မိန်းကလေးချင်းပဲ တက်တူးထိုးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် ကျမ အနေနဲ့လည်း ထူးခြားတဲ့အလုပ်လေးဖြစ်တဲ့ ဒီ တက်တူးပညာကို လေ့လာပြီး တက်တူးထိုး အလုပ်ကိုလုပ်ခဲ့တာပါ။ ဒီ ပညာကို သင်ယူတဲ့အခါ ကျမရဲ့အကို တက်တူးပညာရှင်တွေရဲ့ ဆိုင်တွေမှာ အရင်ဆုံးလေ့လာခဲ့တယ်။ သူတို့ ကလည်း ကိုယ့်ကို သေချာစိတ်ရှည်ရှည်နဲ့သင်ပေးတယ်။ နောက်ပြီး အင်တာနက်မှာဆိုရင် Facebook နဲ့ Youtube တွေမှာကြည့်ပြီး လေ့လာခဲ့တယ်။
မိန်းကလေးတယောက်အနေနဲ့ တက်တူးပညာကို လေ့လာပြီး ဒီအလုပ်ကို လုပ်ကိုင်တဲ့အခါ ကိုယ့်အတွက် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲဆိုတော့ အိမ်က အဓိက မကြိုက်တာ။ တက်တူးထိုးတယ်ဆိုတာ ယောက်ျားလေးတွေအလုပ်လို့ သတ်မှတ်ထားတာလေ။ စစချင်းမှာ အမေကို ပြောပြတယ်။ အမေကိုလည်း တဖြည်းဖြည်းချင်း ပြောပြပြီးလုပ်ခဲ့ရတာ။ သေချာတာက အခုချိန်ထိ အဖေကို မပြောရသေးဘူး။ ကျမလိုချင်တဲ့ ရည်မှန်းချက် မှတ်တိုင်ရောက်သွားရင်တော့ အဖေကိုနားလည်အောင် ရှင်းပြပြီး လက်ခံနိုင်အောင်ပြောမယ်လို့ စဉ်းစားထားတယ်။
ကျမအနေနဲ့တက်တူးမထိုးပေးခင်က လူကစိတ်မကြည်လင်ဖြစ်ချင်ဖြစ်နေမယ်။ တက်တူးစက်ကို ကိုင်ပြီး တက်တူးစထိုးပေးပြီဆိုရင်တော့ စိတ်က တက်ကြွပြီး ဈာန်ဝင်နေတာ။ တက်တူးထိုးပေးနေရရင်ကို ပြီးပြည့်စုံနေသလို ခံစားရတယ်။ ဒီအလုပ်ကို သိပ်ကို သဘောကျပြီး ရူးသွပ်နေတာ။ တက်တူးကို အားတဲ့နေ့တွေမှာ အင်တာနက်ကနေ ထူးခြားတဲ့ ထူးဆန်းတဲ့ဒီဇိုင်းလေးတွေ ရှာပြီးလေ့လာတယ်။ ပန်းချီသင်တန်းလည်း တက်ဖြစ်နေတယ်။ ကိုယ့် ဒီဇိုင်းနဲ့ ကိုယ် အဆန်းလေးတွေ တီထွင်နိုင်အောင်လည်း ကြိုးစားနေတယ်။ အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီး တက်တူး ပညာရှင်က ဘာတွေကွာခြားနိုင်မလဲဆိုရင် ကျမက အခုယောက်ျားလေးတွေ ထိုးကြတဲ့ ပုံအကြီးကြီးတွေတော့ သိပ်မနိုင်သေးဘူး။ အဲဒီအတွက် လေ့ကျင့်နေတယ်။ ပုံလေးတွေမှာလည်းကိုယ့်စိတ်ခံစားမှုနဲ့လိုက်ပြီး အဓိက ဖန်စီဖြစ်မယ့်ပုံလေးတွေ ထိုးသွားမယ်လို့ စဉ်းစားထားတယ်။ လောလောဆယ်မှာတော့ ဖန်စီဖြစ်ပြီး Customers အကြိုက်ပုံလေးတွေပဲ ထိုးပေးဖြစ်တယ်။ ဖန်စီပုံလေးတွေဆိုရင် ကျမက အချိန်ကို အနည်းဆုံး နာရီဝက်ကနေ အချိန် ၂ နာရီကျော်ကျော်လောက် ပေးပြီးထိုးရပါတယ်။ ဒါပေမယ့် တက်တူးထိုးမယ်ဆိုရင် အချိန်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲလေ။
မြန်မာလူမှုပတ်ဝန်းကျင်မှာ အရင်တုန်းကတော့ တက်တူးထိုးတာကို တော်တော်ကို လက်ခံမပေးကြပါဘူး။ အခု နောက်ပိုင်းကျတော့ ခေတ်ရေစီးကြောင်းအရ လူကြီးတွေပါ လက်ခံလာကြပါတယ်။ တခါတလေ ဆိုင်မှာ ကျမဆီကို မိန်းကလေးငယ်လေးတွေ တက်တူးလာထိုးကြတယ်။ အဲဒီအခါကျရင် သူတို့ရဲ့ အမေတွေက ထိုးမယ့် တက်တူး ပုံလေးတွေ လိုက်ရွေးပေးကြတာ ရှိပါတယ်။ ဆိုလိုတာက မိဘတွေလက်ခံပေးလာကြတယ်ပေါ့။ ဒါပေမယ့် မိန်းကလေးနဲ့ သင့်တော်တဲ့ပုံစံ ဒီဇိုင်းမျိုးလေးတွေ ထိုးကြတာပေါ့။ ကိုယ်တိုင်ကလည်း အဲဒီသူတွေ လုပ်ငန်းခွင် ဝင်တဲ့အခါ သူတို့နဲ့အမြင်မသင့်တော်တဲ့ အရမ်းဟဲဗီးဖြစ်တဲ့ဒီဇိုင်းတွေတော့ မထိုးပေးချင်ဘူး။ သူတိုနဲ့လိုက်ဖက်မယ့် လက်ခံနိုင်မယ့်ဒီဇိုင်းမျိုးတွေကိုပဲ မိန်းကလေးအတွက်ဆို ထိုးပေးချင်တယ်။
အခုလောလောဆယ်မှာ ကျမတက်တူးကို ဆရာတယောက်ရဲ့ ဖွင့်ထားတဲ့ ဆိုင်မှာပဲ ထိုးပေးနေပါတယ်။ လောလောဆယ်မှာတော့ ကိုယ်ပိုင်ဆိုင်လေးဖွင့်ဖို့ အဆင်မပြေသေးဘူး။ ဆိုင်က ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်း မှာ ရှိပါတယ်။