ဇူလိုင်လ ၂ ရက်နေ့ နံနက်က GYM ကစားရင်း ရုတ်တရက် သေဆုံးသွားခဲ့တဲ့ အလှမယ် ပိုးစန္ဒာခင်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ သို့လောသို့လော ဝေဖန်ပြောဆိုနေမှုအပေါ် သူ့ရဲ့ မိခင်ဖြစ်သူက ဧရာဝတီက တဆင့် ပြန်လည်ဖြေရှင်း ပြောကြားလိုက်ပါတယ်။
“သမီးက Gym ကစားဖို့သွားတယ်၊ သူဘာမှတောင် မလုပ်ရသေးဘူး လမ်းလျှောက်တယ်။ အဲဒီမှာမနားဘဲ ရေသောက်ချလိုက်တယ်။ သမီးက စုံသွားတာလည်းပါတယ်။ ညဘက်မှာလည်း မီးပျက်တော့ မအိပ်သေးဘဲ နောက်ကျတော့ အိပ်ရေးကလည်း ပျက်ထားတယ်။ မနက်ကျတော့ လမ်းလျှောက်စက်ပေါ်ကနေ ချက်ချင်း ရေသောက်လိုက်တာရောကြောင့် စုံသွားတယ်။ သမီးက အစကတည်းက အဆုတ်က အားနည်းတယ်လေ။ သူများ တွေက နှလုံးကြောင့်လို့ထင်ကြတယ်။ ဒါပေမယ့် နှလုံးမဟုတ်ဘူး။ အဆုတ်အားနည်းနေတဲ့အချိန် Gym ကလည်း ချက်ချင်းကစားပြီး ရေသောက်ချလိုက်တော့ ရေက လမ်းကြောင်းမှားပြီး အဆုတ်ထဲကို ဝင်သွားတာ။ အဲမှာ အမော ဆို့သလိုဖြစ်ပြီး လဲကျသွားတာပါ။ အဆုတ်က မလှုပ်ရှားနိုင်တော့ဘဲ နောက်ကျောနံရံမှာ သွားကပ်နေတာလေ။ သမီးကို ဘာကြောင့်ဖြစ်တယ်ဆိုတာသိချင်လို့လည်း ရင်ခွဲခိုင်းလိုက်တာပါ” လို့ သေဆုံးသူ အလှမယ် ပိုးစန္ဒာခင်ရဲ့ မိခင်ဖြစ်သူက ဧရာဝတီကို ပြောပြပါတယ်။
အသက် ၂၄ နှစ်အရွယ် အလှမယ် ပိုးစန္ဒာခင်ဟာ Miss Myanmar World 2016 ပြိုင်ပွဲတွင် နောက်ဆုံး စကာတင် ၅ ယောက်ထဲအထိ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
အလှမယ် ပိုးစန္ဒာခင် သေဆုံးမှုမှာ ပိန်ဆေးသောက်သုံးခဲ့ခြင်းနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်း တချို့ ကြီးထွားချင်တာ ကြောင့့် တခြား ဘာဆေးညာဆေး သောက်သုံးခဲ့ခြင်းတွေနဲ့ သက်ဆိုင်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာခဲ့တာပါ။
ဒီလို ကောလာဟလ ထွက်ပေါ်တာတွေနဲ့ ပတ်သက်လို့ ပိုးစန္ဒာခင်ရဲ့ မိခင်က “သမီးက ပိန်ဆေးမသောက်ပါဘူး။ သူက ခန္ဓာကိုယ်ဝတဲ့အထဲမှမပါတာ။ အသားအရေကျစ်ချင်တာတော့ရှိတယ်။ အဲ့ဒီအတွက် Gym ကစားတယ်။ တချို့က ပြောကြတယ် သူက ကိုယ်လုံးကြီးချင်လို့ ဆေးတွေသောက်လို့ ဒီလိုဖြစ်တယ်ဆိုပြီး မဟုတ်ပါဘူး။ သူကိုယ်လုံးက ပိန်စရာလည်း မလိုသလို ဝစရာလည်းမလိုပါဘူး။အတော်ပါပဲ။ အားကစားလုပ်တယ်ဆိုတာ သူ့ကျန်းမာရေးအတွက် လုပ်ဖြစ်တာပါ။ ဒီလိုဖြစ်သွားတော့လည်း သူရဲ့ ကံပါပဲ။ အဲ့ဒီ မနက်က အိမ်ကထွက်သွားတော့ သူကို ကြက်ဥနှစ်လုံးတောင် ကြော်ကျွေးလိုက်သေးတယ်။ နွားနို့လေး သောက်သွားတယ်” လို့ ဆိုပါတယ်။
အလှမယ် ပိုးစန္ဒာခင်ဟာ Miss Myanmar International 2016 ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နေထိုင်နေတဲ့ ဒေါက်တာ တင့်ဆွေကို ကျန်းမာရေး ပရိသတ်တွေ က အခုလို Gym ကစားရင်း ရေသောက်ခြင်းဟာ အန္တရာယ်ရှိနိုင်သလား။ အဆုတ်ကပ်တယ်ဆိုတာ ရှိပါသလား။ စသဖြင့် မေးမြန်ထားမှုအပေါ် ဒေါက်တာ တင့်ဆွေက သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ပြန်လည် ဖြေရှင်း ပြောကြားထားပါသေးတယ်။
“ဆေးသုတေသနတခုမှာ သေဆုံးသွားသူ လူ (၁၇) ယောက်ကိုလေ့လာခဲ့တယ်။ Ventricular arrhythmia ခေါ်တဲ့ နှလုံးအောက်ခန်းနဲ့ဆိုင်တဲ့ နှလုံးခုန်မမှန်လို့ သေဆုံးကြရတာကို တွေ့ပါတယ်။ လူတွေကဝလို့ ပိန်ချင်ကြတယ်။ (၅) လကြာ အလတ်စား အစားအသောက်ထိန်းမှု လုပ်ခဲ့ကြတယ်။ကာဗွန်ဟိုက်ဒရိတ် ခေါ် ကစီ (သကြားဓာတ်) မစားဘဲ (ပရိုတင်း) သာ အဓိကစားကြတယ်။ပိုတက်ဆီယမ် ဆေးတော့သောက်တယ်။ တနေ့မှာ ကယ်လိုရီ (၃ဝဝ) ကနေ(၄ဝဝ) သာရတဲ့ အစားအသောက်သာ စားတယ်။အဲလိုနှလုံးမှာဖြစ်လာတာမျိုးဟာ အာဟာရချို့တဲ့သူတွေမှာ ဖြစ်တာမျိုး အတိုင်းဖြစ်တယ်”
“Sudden cardiac death ရုတ်တရက်နှလုံးရပ်သွားခြင်းဟာ အားကစားလုပ်သူ လူ ၂ သိန်းမှာ ၁ ယောက် ဒါမှမဟုတ် ၁ သန်းမှာ ၁ ယောက်သာရှိတယ်။ အသက်ကြီး အားကစားသမားတွေဆိုရင် Coronary Artery Disease နှလုံးသွား သွေးကြောရောဂါကို စဉ်းစားရမယ်။အပြေးသမား ၁ သောင်း ၆ ထောင်မှာ ၁ ယောက်တွေ့ရတယ်။ အသက်မကြီးတဲ့ အားကစားသမားတွေဆိုရင် စဉ်းစားစရာတွေပိုများတယ်။ Hypertrophic Cardiomyopathy နဲ့ Coronary Artery abnormalities ဆိုတဲ့နှလုံးရောဂါတွေလည်းပါမယ်။ အားကစားသမားတွေမှာ ရောဂါအခံရှိနေတာ ၁ သောင်းမှာ ၁ ယောက်နှုန်းကနေ ၂ သိန်းမှာ ၁ ယောက်နှုန်းရှိတယ်”
“ကနေဒါမှာ တနှစ်မှာ လူပေါင်း ၄ သောင်းဟာ cardiac arrest နဲ့ သေဆုံးကြရတယ်။ ၄ ယောက်မှာ ၃ ယောက်က အသက် ၁၈ နှစ်ကနေ ၄ဝ အတွင်းကဖြစ်ကြတယ်။ ၇၂% ဟာ အိမ်မှာသာသေဆုံးတယ်။ ၉% သာ လေ့ကျင့်ခန်း လုပ်နေရင်းသေဆုံးတယ်။
အားကစားလုပ်နေရင်း ရုတ်တရက်သေဆုံးတာမှာ အဆုတ်နဲ့ဆိုင်တာ ခုထိတော့ မတွေ့သေးပါ။ မော်ဒယ်လ်သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို မသိပါ” လို့ ရေးသားဖော်ပြထားတာပါ။
အလှမယ် ပိုးစန္ဒာခင်ရဲ့ ရုပ်အလောင်းကို ဇူလိုင်လ ၄ ရက်နေ့ နံနက်က သဂြိုလ်ခဲ့ပြီးဖြစ်ပါတယ်။