Lifestyle

ပြည် ဘားကမ့် ၂၀၁၆ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ယခုနှစ်မှာ (၅) ကြိမ်မြောက် ပြုလုပ်မယ့် Barcamp Pyay 2016 ကို ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ ပြည်မြို့ အ.ထ.က (၁) ကျောင်းဝင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
Barcamp Pyay ကို ၂၀၁၂ ခုနှစ်မှာစတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး Barcamp ပွဲမှာ လူငယ်များအတွက် နိုင်ငံတကာမှာ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာများ၊ အသိပညာများ၊ အတွေ့အကြုံများ နှီးနှောဖလှယ်တဲ့ပွဲ ဖြစ်ပြီး ပွဲတက်ရောက်သူများ အချင်းချင်း အပြန်အလှယ် နှီးနှောဖလှယ် ဆွေးနွေးနိုင်တဲ့ ပွဲတပွဲ ဖြစ်ပါတယ်။

ပြည် ဘားကမ့်ဟာ နည်းပညာတခုတည်းအတွက် ရည်ရွယ်ကျင်းပတာ မဟုတ်ဘဲ စိုက်ပျိုးရေး၊ ရှေးဟောင်းယဉ်ကျေးမှု၊ စီးပွားရေး၊ လူငယ်နဲ့ ပရဟိတ ဆောင်ရွက်မှု၊ လူငယ်များ အတွက် အထွေထွေ ကျန်းမာရေး ဗဟုသုတ၊ ကလေးသူငယ်များ အတွက် အခြေခံ လူ့အခွင့်အရေး စောင့်ရှောက်မှု၊ နိုင်ငံသားတိုင်းအတွက် အခြေခံ သိထားသင့်သော ဥပဒေရေးရာများ စတဲ့ ကဏ္ဍပေါင်းစုံကို အချက်အလက်များနဲ့ ခေါင်းစဉ်မျိုးစုံ ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။

ဘားကမ့်ဆိုတဲ့ အတိုင်း မည်သူမဆို လာရောက်ပြီး မိမိတို့ရဲ့ အတွေ့အကြုံ၊ ဗဟုသုတ အသိပညာ တွေကို လွတ်လပ်စွာ နှီးနှောဖလှယ် ဆွေးနွေးနိုင်တဲ့ပွဲပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်တခုကို ဆွေးနွေးချိန် ၄၅ မိနစ် ခွင့်ပြုထားပြီး Projector များနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းများကို ကူညီပေးနိုင်မယ့် Volunteer များ၊ Organizer များကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Barcamp လို့ခေါ်တဲ့ နည်းပညာ အသိပညာတွေ ဖလှယ်တဲ့ပွဲတွေကို နည်းပညာ စိတ်ဝင်စားသူတွေ က ၂၀၁၀ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံအနှံ့မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ လားရှိုး စတဲ့ မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ နိုင်ငံတကာမှာ ကျင်းပလျက်ရှိတဲ့ ဘားကမ့်တွေထဲမှာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့တဲ့ Barcamp Yangon 2010 ဟာ တက်ရောက်သူ ၃၀၀၀ ကျော်နဲ့ တက်ရောက်သူ အများဆုံး စံချိန်ချိုးခဲ့ပါတယ်။

ပြည် ဘားကမ့်ဟာဆိုရင် ၂၀၁၂ ခုနှစ် မှာ တက်ရောက်သူ ၆၀၀ ကျော်၊ ၂၀၁၃ ခုနှစ်မှာ တက်ရောက်သူ ၁၁၀၀ ကျော်၊ ၂၀၁၄ ခုနှစ်မှာ ၂၂၀၀ ကျော်၊ ၂၀၁၅ ခုနှစ်မှာ ၃၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အဆိုပါ Barcamp Pyay 2016 ပွဲကို ပဲခူးတိုင်းဒေသကြီး ကွန်ပျုတာရှင် အသင်းနဲ့ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့က ကြီးမှုးကျင်းပခြင်းဖြစ်ပြီး ပွဲဖြစ်မြောက်ရေးကို တယ်လီနော မြန်မာက Main Sponsor အဖြစ် ကူညီ ထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။

Loading