ဖေ့စ်ဘုတ်က ဖြစ်ရပ်မှန်ဟာသတွေကို ပုံဖော်ထားတဲ့ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင်ကားကြီး ရုံတင်ပြီ
This article has been converted from Zawgyi One to Unicode
ဒီတပတ်မှာတော့ ရုံတင်လာတဲ့ ဟာသရုပ်ရှင်ကားကြီးတကားရှိပါတယ်။ ဒါကတော့ နာမည်ကြီး သရုပ်ဆောင်များစွာပါဝင်တဲ့ “ဖေ့စ်ဘုတ်ရွာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ကလိထိုးရယ်နေရတဲ့ ဟာသကားတွေထက် လတ်တလော အဖြစ်အပျက်ပေါ်မှာ မူတည်ပြီး ရိုက်ကူးထားတဲ့ ဖေ့စ်ဘုတ်ရွာ ဟာသကားကြီးက ကြည့်ရှူ့မယ့် ပရိသတ်တွေကို သဘာဝကျကျနဲ့ ရယ်ခိုင်းမှာဖြစ်တဲ့အတွက် စိတ်ကျေနပ်စေမယ့် ကားကြီးတကားလို့ ပြောချင်ပါတယ်။
ဒီဇာတ်ကားကြီးကတော့ လက်ရှိ မြန်မာ့လူမှုကွန်ယက်မှာခေတ်စားနေတဲ့ ဗန်းစကားတွေ၊ အဖြစ်အပျက်တွေကို အခြေခံပြီး တောရွာတရွာမှာ ဖြစ်ပျက်တဲ့ အကြောင်းအရာများကို ပျော်စရာအဖြစ် ရိုက်ကူးထားခြင်းပါ။
တရွာလုံးဖေ့စ်ဘုတ်သုံးပြီး စတေးတပ်တင် ရန်တွေဖြစ်ကြ၊ မီးလောင်တဲ့အခါ မီးငြိမ်းဖို့ထက် ဖေ့စ်ဘုတ်တင်ဖို့ ဓာတ်ပုံတွေ အလုအယက်ရိုက်ကြနဲ့ တချိန်လုံး ဆဲလ်ဖီ(Selfie) ရိုက်ချင်တဲ့သူတွေအကြောင်း ၊ ဖက်ရှင် ရူးသွပ်သူတွေအကြောင်းကို ရိုက်ကူးထားတဲ့ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင်ဇာတ်ကားက လတ်တလော ဖေ့စ်ဘုတ်ပေါ်က အကြောင်းအရာတွေကို ထင်ဟပ်မြင်သာစေအောင် ဟာသနှော ပုံဖော်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကြီးမှာ ဖေ့စ်ဘုတ်ရွာသားကြီး ကွီးမြတ်မင်းအဖြစ် ကျော်ရဲအောင်၊ လူပျိုကြီး ကွီးကြာရိုးအဖြစ် လူမင်း၊ အချစ်ကို ကိုးကွယ်တဲ့ လူငယ်လေးမင်းဗလအဖြစ် သူရိယ၊ အရူးမ လေဒီဂါဂါအဖြစ် ခိုင်သင်းကြည်၊ ချက်စ်ဘောက်မှာ ကြူတတ်တဲ့ မွီးပန်းနွယ်အဖြစ် မြတ်ကေသီအောင်၊ မြို့ကျောင်းတက်နေတဲ့ ဥက္ကဌသမီး စိမ်းကြာဖြူအဖြစ် ယုသန္တာတင်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ပထမကတော့ ဗီဒီယို ဇာတ်ကား အဖြစ် ရိုက်ကူးဖို့ စီစဉ် ထားပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင်ကားကြီး ဖြစ်သွားတဲ့ ဒီဇာတ်ကားကို မကြာခင် သေးခင်ကမှ ရိုက်ကူးပြီးစီး ထားတာလို့ သိရပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ရေပန်းစားနေတဲ့ အကြောင်းအရာ များကို ခေတ်နဲ့အညီ ရိုက်ကူး ထားတာဖြစ်တဲ့အတွက် အချိန်နဲ့ သိပ်မကွာစေရန် ရိုက်ကူးပြီး မကြာခင် ရုံတင်ပြသတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်တန်းစီ ရုံတင်စနစ်အရ သမ္မတ၊ သွင် ရုံကြီးတွေမှာ ရုံတင် ပြသမယ်ဆိုရင် အချိန် ၂ နှစ်ကျော် နီးပါးစောင့်ရမှာ ဖြစ်တဲ့အတွက်ကြောင့် တခြားရုံမှာ ရုံတင် ပြသ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖေ့စ်ဘုတ်ရွာ ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ရာဇဝင်ကို က ရိုက်ကူးပုံဖော်တာဖြစ်ပြီး အောင်သိရီ ထုတ်လုပ်ရေးက ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားကို ရန်ကုန်မြို့ နဝဒေး ရုပ်ရှင်ရုံ၊ မဟာမြိုင်(အင်းစိန်)၊ ရွှေဗဟို(တာမွေ) တွေမှာ ဇူလိုင် ၈ ရက်နေ့က ရုံတင်ပြသနေတာဖြစ်ပြီး နဲ့ Junction Square နဲ့ Junction Mawtin တွေမှာ ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြီး ပြသမှာဖြစ်ပါတယ်။ တခြားမြို့ကြီးတွေကတော့ မန္တလေး၊ နေပြည်တော်၊တောင်ကြီး၊ လာရှိုး၊ ပြင်ဦးလွင်၊ ပုသိမ် အစရှိတဲ့ မြို့ကြီးတွေမှာလည်း ဇူလိုင် ၈ ရက်နေ့က စတင်ပြီး ပြသနေပြီ ဖြစ်ပါတယ်။