Dr Myanmar ကျန်းမာရေးဝက်ဘ်ဆိုဒ်မှ အမျိုးသမီးဆိုင်ရာ ကျန်းမာရေး မေးခွန်းများကို သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ Dr. ဦးစိုးလွင်မှ “ပန်းကလေးများထံမှ ပေးစာများ” ဗီဒီယိုအစီအစဉ်မှာ ဖြေကြားပြီး အပတ်စဉ်တင်ဆက်သွားမယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်အပြင် ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက်လည်း ကိုယ်ဝန်ဆောင် ယောဂ လေ့ကျင့်ခန်းများကို ဗီဒီယိုများနှင့် တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်တခု ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ယောဂလေ့ကျင့်ခန်းများကို ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်ဝန်ဆောင်ကာလ ၃ လခွဲ အထက်မှ ၇ လ အတွင်းရှိသော နေ့စဉ်ပုံမှန် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ စီစဉ်ထားတဲ့ အစီအစဉ်တခု ဖြစ်တယ်လို့ Dr Myanmar ဝက်ဘ်ဆိုဒ်ရဲ့ Content Director ကိုအောင်အောင်က ပြောပါတယ်။
“ကျနော်တို့ ဝက်ဘ်ဆိုဒ်ကို စတင်မိတ်ဆက်ပြီး ၄ လအတွင်းမှာ ဝင်ရောက်ကြည့်ရှုသူ အရေအတွက် သိသိသာသာ တိုးတက် များပြားလာခဲ့ပါတယ်။ နေ့စဉ် မေးမြန်းနေတဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကိုလည်း တရားဝင် Facebook Page ကနေ နေ့စဉ်ဖြေကြားပေးလျက် ရှိပါတယ်။ အခုဆိုရင် အသုံးပြုသူတွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်ကောင်းတွေ ဝက်ဘ်ဆိုဒ်မှာ ထပ်မံ ဖြည်းဆည်း တင်ဆက်ပေးဖို့ ကြိုးစားနေပါတယ်” လို့ သူက ဆိုပါတယ်။
Dr Myanmar ဝက်ဘ်ဆိုဒ်ကို မြန်မာနိုင်ငံမှ ဆရာဝန်များနဲ့ နည်းပညာ ကျွမ်းကျင်သူများက ၂၀၁၄ ခုနှစ်မှာ စတင် ဖန်တီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ ဝက်ဘ်ဆိုဒ်ကို စတင် အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်း လိပ်စာများ၊ ဖုန်းနံပါတ်များ၊ အရေးပေါ် ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ်များ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ၊ အထွေထွေ ဗဟုသုတများကို အပတ်စဉ်၊ နေ့စဉ် ပုံမှန်တင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။