ကချင်ပြည်နယ် အထူးဒေသ(၁) နယ်မြေ ဆဒုံးမြို့နယ်ခွဲအတွင်း စိမ်းလန်းတဲ့တောတောင်ရှုခင်းတွေကြား တည်ရှိနေတဲ့ လန်နရေတံခွန် (ဒေသခံများအခေါ် ဆဒုံးရေတံခွန်) ဟာ သဘာဝအတိုင်းလှပနေတဲ့ အပန်းဖြေနေရာတခု ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ကနေ ကားနဲ့တောင်ကြောပေါ်ကလမ်းအတိုင်း မောင်းနှင်းဖြတ်ကျော်ပြီး ၁ နာရီခွဲခန့်အကြာမှာတော့ လန်နေရေတံခွန်ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ လန်နေရေတံခွန်ဟာ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ဆနာကျေးရွာ အုပ်စု၊ အင်ဝမ်ခေါင်ဖွံ့ဖြိုးရေးကျေးရွာအပိုင်ထဲမှာ တည်ရှိတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ကနေ တရုတ်ပြည်နယ်စပ်အထိ လမ်းပေါက်နေတဲ့ ဝိုင်းမော်-ကန်ပိုက်တီးလမ်းမကြီး ဖောက်လုပ်ခဲ့စဉ် လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က လန်ဒရေတံခွန်ကို စတင်တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေတံခွန်သွားရာလမ်းတလျောက် တောတောင်သဘာဝအလှတွေကို မြင်တွေ့ခံစားနိုင်ပြီး ရေတံခွန်ဟာ လမ်းမကြီးရဲ့ တဖက်တောင်ကြောမှာ တည်ရှိတာဖြစ်တဲ့အတွက် လွယ်ကူစွာသွားရောက်လည်ပတ်နိုင်ဖို့ ဟိုယခင်ကတည်းက တည်ရှိနေတဲ့ ဝါးလုံးတံတားနေရာမှာ ကြိုးတံတားအသစ်ကို အစားထိုးတည်ဆောက်ပေးနေတာကို တွေ့ရပါတယ်။
ကြိုးတံတားသစ်ရဲ့ဖွင့်ပွဲကို တရားဝင်ဖွင့်လှစ်ခြင်း မပြုသေးပေမယ့် ဖြတ်ကျော်ခွင့်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ရေတံခွန်ဝင်ကြေးကို တရားဝင်သတ်မှတ် ကောက်ခံခြင်းမျိုးမရှိသေးပေမယ့် အထူးဒေသ(၁) အဖွဲ့က ရေတံခွန် သန့်ရှင်း ရေး လုပ်ငန်းအတွက်ဆိုပြီး တဦးကို ကျပ် ၅၀၀ ကောက်ခံတယ်လို့ ရေတံခွန် ထိန်းသိမ်းကြီးကြပ်ရေးတာဝန်ခံ ဦးလချမ်လွမ်ဒေါင်က ပြောပါတယ်။
ဒေသခံတွေ အဆိုအရတော့ လန်နရေတံခွန်ဟာ ၇ ဆင့်ရှိတယ်လို့ဆိုကြပြီး တချိုးကလည်း ၉ ဆင့်အထိ ရှိတယ်လို့ ဆိုကြပေမယ့် ရေတံခွန်ကို လာရောက်လည်ပတ်သူတွေအနေနဲ့ အဆင့် ၅ ဆင့်လောက်သာ မြင်တွေ့ရမှာဖြစ်တယ်လို့ ဦးလချမ်လွမ်ဒေါင်က ဆိုပါတယ်။
ရေတံခွန်အပေါ် တက်ရာလမ်းကြောင်းကို သစ်သားချောင်း၊ ကျောက်တုံးလေးများနဲ့ ၄ ဆင့်အထိ ပြုလုပ် တည် ဆောက် ပေးထားပြီး လာရောက်လည်ပတ်သူတွေ အနားယူအပန်းဖြေနိုင်ဖို့ နှစ်ထပ်ဘန်ဂလိုတခုနဲ့ သစ်သားတဲများ၊ ခုံတန်းလေးများကိုလည်း ဆောက်လုပ်ပေးထားပါသေးတယ်။
လန်နရေတံခွန်ကို လာရောက်လည်ပတ်တဲူသူတွေအတွက် ညအိပ်တည်းခိုစရာ နေရာမရှိသေးပေမယ့် စားသောက် အပန်းဖြေဖို့အတွက် စားသောက်ဆိုင် ၅ ဆိုင်ခန့် ဖွင့်လှစ်ရောင်းချနေတာကို တွေ့ရပါတယ်။ စားသောက်ဆိုင်တွေမှာ ထမင်း၊ဟင်းနဲ့ ကချင်ရိုးရာအစားအစာတွေကို ဝယ်ယူစားသောက်နိုင်ပါတယ်။
လတ်တလောက မိုးရာသီကာလရောက်နေတော့ လန်နရေတံခွန်ကို လာရောက်လည်ပတ်သူ နည်းပါးနေပြီး ပွင့်လင်း ရာသီနဲ့ သင်္ကြန်ကာလတွေမှာတော့ ရေကစားကြသူတွေနဲ့ စည်ကားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုံးပိတ်ရက် တွေမှာတော့ လာရောက်လည်ပတ်သူ ၁၀၀ ခန့် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လန်နရေတံခွန်ကို ထိန်းသိမ်းကြီးကြပ်နေကြတဲ့ အထူးဒေသ (၁) အဖွဲ့ရဲ့တာဝန်ရှိသူတွေက လာရောက် လည်ပတ်သူ တွေ ဘေးအန္တရာယ်ကင်းစွာနဲ့ အချိန်မရွေးရေကစားနိုင်ဖို့ မကြာခင်ကာလအတွင်း ရေချိုးရေကူးရာ နေရာတွေကို သတ်မှတ် ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
“ရေတံခွန်ထဲမှာ ရေချိုး၊ ရေကစားလို့ရအောင် နှစ်နေရာလုပ်ပေးမယ်၊ ဘေးဘက်တွေ မှာလည်း ပန်ခြံသဘောမျိုး အပင်လေးတွေ စိုက်မယ်၊ ဟိုဘက်ဒီဘက်ကူးဖို့ တံတားလဲ ထိုးပေးဖို့ရှိတယ်”လို့ ဦးလချမ်လွမ်ဒေါင်က ပြောပါတယ်။
လန်နရေတံခွန်ကို ခရီးသွားအပန်းဖြေနေရာတခုအဖြစ် ဖန်တီးပြောင်းလဲဖို့ ပြင်ဆင်တဲ့နေရာမှာ လည်ပတ်သူတွေ တနေ့တာအနားယူအပန်းဖြေနိုင်ဖို့ ဘန်ဂလို၊ တည်းခိုခန်းတွေ ထပ်မံတည်ဆောက်ရမှာ ဖြစ်သလို့ ရေတံခွန်ပေါ် တက်ရာ လမ်းတွေကိုလည်း သစ်သားတံတားတွေ တည်ဆောက်ပေးဖို့ ရှိတယ်လို့ သူကဆိုပါတယ်။
ရေတံခွန်ကို အဆင့်မြင့်တင်ဖို့ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်မယ့်အချိန်နဲ့ တည်ဆောက်ပြီးစီးမယ့် အချိန်ကို တော့ ကြီးကြပ်သူတွေက အတိအကျ ပြောဆိုခြင်းမရှိပါဘူး။ ရေတံခွန်ကို ထိန်းသိမ်းကြီးကြပ်တဲ့အဖွဲ့က လန်န ရေတံခွန် ကို အများပြည်သူ လွတ်လပ်စွာလည်ပတ်နိုင်တဲ့ အပန်းဖြေခရီးသွား နေရာတခုအဖြစ် ဖန်တီးတည်ဆောက်ဖို့ လိုအပ်တာတွေကို ပြင်ဆင်စုဆောင်းနေပြီလို့ ပြောဆိုပါတယ်။
လန်နရေတံခွန် တည်ရှိတဲ့နေရာက ပြည်တွင်းခရီးသွားဧည့်သည်တွေ အလွယ်တကူသွားလာလို့ မလွယ်ကူပေမယ့် မြစ်ကြီးနားခရိုင်အနီးတဝိုက်က ဒေသခံတွေအတွက် သွားရောက်တဲ့လမ်းခရီးမှာ လုံခြုံရေး အနည်းငယ် တင်းကျပ်ပေမယ့် အပန်းဖြေလည်ပတ်နိုင်တဲ့ နေရာကောင်းတခုလို့ပဲ ဆိုရမှာဖြစ်ပါတယ်။