ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာအမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒက ကိုယ်ဝန်ဆောင် ကာလ အဆင့်အဆင့် ကိုလိုက်ပြီးတော့ အပြောင်းအလဲ ရှိတယ်ဆိုပေမယ့် လိင်ဆက်ဆံမယ်ဆိုရင်လည်း အမျိုးသမီး အများစုအတွက် ဘေးကင်းစိတ်ချရမှု ရှိပါ တယ်။ အခြေအနေအရ ချိန်ဆပြောင်းလဲရမှာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။
အမျိုးသမီးတယောက် ကိုယ်ဝန်ဆောင် စဉ်မှာ ကြုံတွေရတဲ့ အပြောင်းအလဲတွေထဲမှာ လိင်စိတ်ဆန္ဒမြင့်မားလာတာ၊ ကိုယ်ဝန်ဆောင်ကာလရဲ့အချို့အဆင့်တွေ မှာ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်ကို နက်နက်နဲနဲ ရတတ်တာမျိုးတွေလည်း ပါဝင်ပါတယ်။
တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့ သားအိမ်ခေါင်းကိုလည်း ရောဂါပိုးမွှားမဝင်နိုင်အောင် ထူ ထပ် တဲ့ အချွဲ အကျိတွေနဲ့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတယ်လို့ သူကပြောပါတယ်။ စိတ်ခံစားမှု အမြင့်ဆုံး အထွတ် အထိပ်အချိန်မှာ သားအိမ် အနည်းငယ် ကျုံ့သွားတတ်ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့လဲ ဆိုပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ရဲ့ လိင်စိတ်ဆန္ဒက ကိုယ်ဝန် သက်တမ်း ၁၃ ပတ်နဲ့ ၂၇ ပတ်ကြားမှာ မြင့်တက် လာလေ့ ရှိပါတယ်။ အမျိုးသမီး အင်္ဂါထဲကို သွေးစီးဆင်းမှုတိုးလာတာကြောင့် လိင်ကိစ္စအကြောင်းကို ပို စဉ်းစားမိမယ် လို့ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ လိင်အင်္ဂါထဲမှာ သွေးတွေပြည့်လာပြီး အင်္ဂါက ထွက်တဲ့ ချောဆီ အရည်လဲ များလာတာကြောင့် အကျိုးဆက်အနေနဲ့ လိင်စိတ်ဆန္ဒတွေ မြင့်တက်လာတာ၊ အထွတ်အထိပ်ရောက်ချိန်မှာ ပြင်းပြင်းထန်ထန် ခံစားရတာတွေ ဖြစ်လာပါတယ်။
တကယ်လို့ ပထမဆုံး ကိုယ်ဝန်ဖြစ်မယ်ဆိုရင် မိဘ ဘဝအတွက် တာဝန်တွေကို မခံစားတတ်သေးတဲ့ အရင်လတွေထက် ပိုပြီးတော့ ဇနီးမောင်နှံတွေကြားမှာ ရင်းနှီးကျွမ်းဝင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လိင်စိတ်ဆန္ဒက အမြင့်ဆုံးဖြစ် နေတဲ့ အတွက် ကိုယ်ဝန်ဆောင်တယောက် အတွက် သက်တောင့် သက်သာရှိစေမယ့် ချိန်ညှိမှုတွေ ကို ကိုယ်ဝန် သက်တမ်း အလိုက် ပြုလုပ်ဖို့လည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို အချိန်မှာ သတိထားသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)လိင်ဆက်ဆံဖို့ ပုံစံ အနေအထားသစ်တွေကို စမ်းသပ်ကြည့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းဗိုက်က ပူနေပြီး ကိုယ် အလေးချိန်ကလည်း တိုးနေမှာ ဖြစ်တဲ့ အတွက် တစောင်းလှဲပြီး ဆက်ဆံဖို့ ကြိုးစားကြည့်ပါလို့ ဒေါက်တာ Annette Perez-Delboy က အကြံပြုပါတယ်။
အမျိုးသမီးက အပေါ်ကနေတဲ့ အနေအထားကလည်း သက်တောင့် သက်သာ ဖြစ်စေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထဲကိုဝင်တဲ့ အတိမ်အနက်ကို အမျိုးသမီးက ထိန်းချုပ်နိုင်လို့ ဖြစ်ပါတယ်။ လေးဘက် ထောက်ထားတဲ့ အမျိုးသမီးရဲ့ နောက်ကနေ အမျိုးသားက ဒူးထောက်ဆက်ဆံတဲ့ ပုံစံနဲ့ အမျိုးသမီးက အမျိုးသားရဲ့ ပေါင် ပေါ်မှာ ထိုင်ပြီး ဆက်ဆံတာမျိုးလည်း ရွေးချယ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးက ပက်လက်လှန်ပြီး ဆက်ဆံတာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ဒေါက်တာ Annette Perez-Delboy က ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးရဲ့ အလေးချိန်နဲ့ အမျိုးသားရဲ့ ကိုယ်အလေးချိန်က inferior vena cava လို့ခေါ်တဲ့ နှလုံးသွေးပြန်ကြောပေါ်ကို ဖိအားသက်ရောက်စေလို့ ဖြစ်ပါတယ်။ အဲဒါဆိုရင် မူးမော်တာ၊ နှလုံးခုန် မြန်လာတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
(၂) ဘေးကင်းလုံခြုံမှုကို ဦးစားပေးပါ။ ကိုယ့်ရဲ့ အဖော်က လိင်ဆက်ဆံမှုကနေ တဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ(STD) ဖြစ်ဖူးတဲ့ ရာဇဝင်ရှိတယ် သို့မဟုတ် ဖြစ်နိုင်ချေရှိတယ်ဆိုရင် ကွန်ဒုံးကို သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ HIV နဲ့ STD ရောဂါတွေ ကလေးကို ကူးစက်နိုင်လို့ ဖြစ်ပါတယ်။
anal sex လို့ခေါ်တဲ့ စအိုကို ဆက်ဆံခြင်းကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လုံး၀ မပြုလုပ်ဖို့ ဆရာဝန်တွေက တားမြစ်ပါ တယ်။ဘာကြောင့်လဲဆိုတော့ စအိုကနေ အမျိုးသမီး အင်္ဂါကို ဘက်တီးရီးယားတွေ ပျံ့နှံ့ပြီး ရောဂါပိုးဝင်ရောက်စေနိုင်လို့ ဖြစ်ပါတယ်။
(၃) ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။ အမျိုးသမီးမှာရော အမျိုးသားမှာပါ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံမှုနဲ့ ပတ် သက်လို့ ကွဲပြားတဲ့ စိတ်ကူးတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် တယောက်နဲ့ တယောက် လိုအပ်တဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ တိုင်ပင်ပါ။ တကယ်လို့ လိင်ဆက်ဆံရတာ အခက်အခဲရှိတယ်ဆိုရင် (အထူးသဖြင့် ကိုယ်ဝန်ရင့်လာတဲ့ အချိန် မှာ) အထဲကို ထိုးသွင်းဆက်ဆံတာ အစား ပွေ့ပိုက်ပွတ်သပ်ပေးပြီး စိတ်ဖြေသိမ့်တာလိုမျိုး တခြားနည်းလမ်းတွေ သုံးစွဲ သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံမှုမပြုသင့်ဘူးလို့ ဆရာဝန်တွေက တားမြစ်တဲ့ အခြေအနေတွေကတော့
-ကိုယ်ဝန်ပျက်ကျ နိုင်တဲ့ အန္တရယ်ရှိသူတွေ
-စောပြီးမွေးနိုင်တဲ့ အခြေအနေရှိသူတွေ
-ကလေးရဲ့ အချင်းက သားအိမ်ခေါင်းကို ဖုံးလွှမ်းနေတဲ့ ဒါမှမဟုတ် ရှေ့ကိုရောက်နေတဲ့ သူတွေ
-အမျိုးသမီး အင်္ဂါက သွေးဆင်းနေသူတွေ
-ရောဂါပိုးတမျိုးမျိုး ဝင်ရောက်ခံထားရသူတွေ
-ရေမွှာပေါက်ပြီးသား သူတွေနဲ့ သားအိမ်ခေါင်း တိုနေသူ သို့မဟုတ် ပွင့်နေသူတွေ ဖြစ်ပါတယ်။
Source: everydayhealth.com