များသောအားဖြင့် ဇိမ်ခံမော်ဒယ်ကောင်းတွေကို ဥရောပ အခြေစိုက် ကုမ္ဗဏီတွေပဲ ထုတ်လုပ်မှု များပြီးတော့ အမေရိက အခြေစိုက် နာမည်ကျော် Ford, Chevroletနဲ့ Cadillacတွေက စွမ်းဆောင်ရည်မြင့်ဇိမ်ခံ၊ အကြမ်းခံဇိမ်ခံစတဲ့ မော်ဒယ်မျိုးတွေပဲ ထုတ်လုပ်လေ့ရှိပြီး အခုလို အဆင့်မြင့် ဇိမ်ခံမော်ဒယ်မျိုး ထုတ်လုပ်မှု နည်းပါးတာ တွေ့ရပါတယ်။
အခုတော့ ဥရောပရဲ့ Audi, BMWလို အမှတ်တံဆိပ်တွေရဲ့ ဇိမ်ခံ မော်ဒယ်တွေကို ဈေးကွက် ပြိုင်ဆိုင်ဖို့ CT6ကို ဆွဲဆောင်မှု ကောင်းတဲ့ ရုပ်ထွက်နဲ့ ထုတ်လုပ်လာတာ တွေ့ရပြီး အမှန် တကယ်လည်း ရုပ်ထွက်ပိုင်း ဆွဲဆောင်က မော်ဒယ်ကို လူကြိုက်များနေစေတာလည်း တွေ့ရပါတယ်။
မော်ဒယ်ရဲ့ အားသာချက်တွေကို ပြောရမယ် ဆိုရင် ရုပ်ထွက်ပိုင်းက ဆွဲဆောင်မှု အထူးကောင်းတယ်၊ ဈေးကွက်ဝင် မော်ဒယ်တွေထက် သိသာပေါ်လွင်မှု ရှိတယ်၊ အကြီးစားတန်းဝင် ဆီဒင် ဖြစ်ပြီး ကိုယ်ထည်ပိုင်း အကြမ်းခံနိုင်မှုကို ဦးစားပေးထုတ်လုပ်ထားလို့ စစ်ဆေးချက်တွေအရ စိတ်ချရမှု အမြင့်ဆုံး ရမှတ်တွေရထားတာလည်း တွေ့ရပါတယ်။ နည်းပညာပိုင်း၊ အရည်အသွေး၊ အပြင်အဆင်တွေက အစ အားလုံး ထိပ်တန်းအဆင့်ဖြစ်ပြီး အတွင်းခန်း အထူးကျယ်ဝန်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ အားနည်းချက် အနေနဲ့ ဆိုရင်တော့ V8အင်ဂျင်နဲ့ မရနိုင်တာ တစ်ခုပဲ ပြောစရာ ရှိပါတယ်။
အင်ဂျင်ပိုင်းမှာ ဆိုရင် Twin-turboစနစ် ထည့်ထားတဲ့ ၃ ဒသမ ဝလီတာသုံး V6အင်ဂျင်စနစ် အနေနဲ့ ရနိုင်သလို သူက မြင်းကောင်ရေ ၄၀၀အားထိအောင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ Turboစနစ်နဲ့ သဘောမကျဘူး ဆိုရင်တော့ ၃ ဒသမ ၆လီတာသုံး ပုံမှန် V6အင်ဂျင်စနစ်နဲ့ ရနိုင်သလို ဒီအင်ဂျင်ကတော့ မြင်းကောင်ရေ ၃၃၅ကောင်အား ထုတ်လုပ်ပေး နိုင်မှာပါ။
ဒီလိုမှ အင်ဂျင်အကြီးစားတွေ မကြိုက်ရင်တော့ Turbochargedစနစ် ထည့်ထားတဲ့ ၂ ဒသမ ဝလီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်စနစ်နဲ့လည်း ရနိုင်ပြီး သူကတော့ မြင်းကောင်ရေ ၂၆၅ကောင်အားထုတ်ပေးနိုင်ပါလိမ့်မယ်။
နောက်ခုံတန်းရဲ့ အလယ် လက်တင်ကို ခေါက်သိမ်းလိုက်မယ် ဆိုရင်တော့ ခရီးသည် ၅ယောက်ထိအောင် လိုက်ပါနိုင်ပါတယ်။ Transmissionပိုင်းက Autoစနစ်နဲ့ ဖြစ်ပြီးတော့ ဥရောပ ဈေးကွက်ရဲ့ အကြိုက် ဂီယာချက် ၈ချက်ထိအောင် သုံးပြီး မောင်းနိုင်မှာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၈စက္ကန့်ဝန်းကျင်လောက် ယူပါလိမ့်မယ်။ အင်ဂျင်က အခြေခံ လည်ပတ်အား များလွန်းနေပြီး တစ်မိနစ် အပတ်ရေ ၃၅၀၀ထိအောင် ဖြစ်နေပေမယ့် အမြင့်ဆုံး လည်ပတ်အားကတော့ ၅၇၅၀ပဲ ရှိလို့ ဆီစားတော့ ချိုစေပါလိမ့်မယ်။ Suspensionပိုင်းက ရှေ့ဖက် MacPhersonနဲ့ နောက်ဖက် Multi-linkတွေ ဖြစ်နေတာက ရိုးလွန်းနေပါတယ်။
ထိုင်ခုံပိုင်းတွေမှာလည်း အပူပေးစနစ်၊ ထိုင်ခုံပုံစံ ၈မျိုးပြောင်းနိုင်မှု စနစ်၊ အနိမ့်၊ အမြင့် ချိန်ညှိနိုင်မှု၊ ခရီးသည် ထိုင်ခုံထိအောင် အနိမ့်၊ အမြင့် ချိန်ညှိနိုင်မှုတွေ ပါသလို သားရေသားတွေနဲ့ ဖန်တီးထားတာပါ။ Keylessစနစ်နဲ့ သွားမှာ ဖြစ်ပြီး Power Mirrorနဲ့ Heated Mirrorတွေ တပ်ထားပါတယ်။ လမ်းကြောင်းပြ ကွန်ပျူတာ စနစ်တွေ၊ ပြင်ပ အပူချိန်ပြစနစ်တွေ၊ ဆီအချက်ပြစနစ်တွေ၊ သံလိုက်အိမ်မြှောင်ကအစ နောက်ဆုံး အတွင်းခန်း လေအိတ် လေဖြည့် စနစ်တွေထိအောင်ပါ တပ်ဆင်ထားတာ တွေ့ရပါတယ်။ လက်ကိုင်ဘီးကအစ သားရေနဲ့ ဖြစ်ပြီး အပူပေးစနစ်လည်း ပါပါတယ်။ Boseအမျိုးအစား Speaker ၁၃လုံးထိအောင် ထည့်ထားပြီး Surround စနစ်နဲ့ အသံတွေထုတ်ပေးမှာပါ။
ဈေးကွက်အနေအထားအရတော့ အမေရိကမှာ CT6အနေနဲ့ အောင်မြင်မှု ရနေပြီးတော့ ဥရောပမှာတော့ Audi A8ကို အဓိက ပြိုင်ဆိုင်နေရသလို Mercedes-Benz S-Class, BMW 7-Seriesနဲ့ Lexus LS 460တွေကိုလည်း အသာစီးရဖို့ ကြိုးစားနေရမှာပါ။ ဒါပေမယ့် ဈေးနှုန်းအခုထက် ပိုချိုမယ် ဆိုရင်တော့ ပိုပြီး လူကြိုက်များလာဖို့လည်း ရှိနေတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။