Lifestyle

စိတ်ကူးထဲက တို့ရဲ့မြေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒီဇာတ်ကားဟာ ကမ္ဘာကျော် စာရေးဆရာကြီး ဂျွန်စတိန်းဘက်ရဲ့ ကမ္ဘာကျော်ဂန္ထဝင် ဝတ္ထုတပုဒ်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ်လောက်က စတင်ထုတ်ဝေခဲ့ပြီး ဒီနေ့အထိ အကြိမ်ကြိမ် ပြန်လည်ပုံနှိပ် နေရဆဲ ဝတ္ထုတပုဒ်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ် မရိုက်ကူးခင် ပြဇာတ်အဖြစ်နဲ့ နယူးယောက်ရဲ့ ဘရော့ဒ်ဝေး ပြဇာတ်ရုံကြီးမှာ ပထမဆုံး တင်ဆက် ကပြခဲ့ကြပါတယ်။

ရုပ်ရှင်ဇာတ်ကား အဖြစ်နဲ့ကတော့ ၁၉၃၉ ခုနှစ်မှာ ရိုက်ကူးဖြစ်တာပါ။ မင်းသားကြီး ရန်ဒီ ကွိတ် (Randy Quaid) နဲ့ ရောဘတ် ဘလက်ခ် (Robert Black) တို့ နှစ်ယောက်က အဓိက သရုပ်ဆောင်ထားပါတယ်။ အဖြူ အမည်း ဇာတ်ကားပါ။ ၂ နာရီနဲ့ မိနစ် ၃၀ ကြာမြင့် ပါတယ်။ ဒီဇာတ်ကားကို ၁၉၈၅ ခုနှစ်က ဇန်နဝါရီလ အတွင်းမှာ ရုပ်မြင်သံကြား ဇာတ်လမ်းအဖြစ်နဲ့ အမေရိကန် တနိုင်ငံလုံးကို ပြသခဲ့ပါတယ်။

ဂျွန်စတိန်းဘက်ရဲ့ ဒီဝတ္ထုကို ဒီခေါင်းစဉ် အတိုင်းပဲ၊ ဒုတိယအကြိမ် ဆေးရောင်စုံဇာတ်ကား အဖြစ်နဲ့ ၁၉၉၃ ခုနှစ်က ဒါရိုက်တာ ဂယ်ရီ ဆီးနစ် (Gary Sinise) က ဂျော့ အဖြစ်နဲ့ သူကိုယ်တိုင် ပါဝင်သရုပ် ဆောင်ပြီး၊ ပြင်သစ် မင်းသားကြီး ဂျွန် မယ်လ်ကိုးဗစ်ချ် (John Malkovich) ကို လင်နီစမော နေရာမှာထားကာ သူကိုယ်တိုင် ဇာတ်ညွှန်း ခွဲပြီး၊ နှစ်ယောက် အပြိုင်ကြဲထားပါတယ်။ အခု ခံစားတင်ပြမှာကလည်း ဒုတိယ ဗားရှင်း ဖြစ်တဲ့ ဆေးရောင်စုံ ဒီဇာတ်ကားကိုပဲ ဖြစ်ပါတယ်။

ဉာဏ်ရည်မမီ သူတဦးနဲ့ အနစ်နာ ခံတတ်သူတဦးတို့ရဲ့ အပြန်အလှန် ခင်မင်တွယ်တာမှု၊ စိတ်ကူးယဉ် မျှော်လင့်ချက်နဲ့ အားပေး ကူညီမှုတွေကြား မမျှော်လင့်ဘဲ ရောက်လာတဲ့ ကြီးမားတဲ့ ပဋိပက္ခကြောင့် မျှော်လင့်စိတ်ကူးလည်း ပျောက်ဆုံးသွားရသလို အသက်ပါ စတေးဆုံးရှုံးသွားရတဲ့ အကြောင်း ဆွတ်ပျံ့ဖွယ် တင်ဆက်ထားတဲ့ ဒီရုပ်ရှင်မှာ စာနာမှု၊ သနားကရုဏာ၊ နားလည်ပေးမှုနဲ့ မေတ္တာတရားတွေဟာ လူ့အဖွဲ့အစည်း အတွင်း အမြဲ လိုအပ်နေတယ်ဆိုတာ မီးမောင်း ထိုးပြလိုက်တာပါပဲ။

Of Mice and Men
Of Mice and Men ဇာတ်ဝင်ခန်း တခု

ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်၊ အနီရောင်ရဲရဲ အင်္ကျီအပြဲ ဖရိုဖရဲနဲ့ မိန်းမတယောက် ကိုင်းပင်ချုံပုတ်တွေ ကြားမှာ အမောတကော ပြေးလွှားနေပုံနဲ့ ရုပ်ရှင်ကို စတင်ထားပါတယ်။ အဲဒီနောက် လူနှစ်ယောက်က အသက်လုပြီး ပြေးနေကြ ပြန်တယ်။ နောက်က လူအုပ်ကြီးကလည်း ညာသံပေးပြီး လိုက်လို့၊ သေနတ်ကိုယ်စီ၊ မြင်းကိုယ်စီနဲ့ အမဲလိုက် အနံ့ခံခွေးကြီး နှစ်ကောင်နဲ့။

ပြေးနေရတဲ့ လူနှစ်ယောက်ကို ကြည့်ရတာ လုံး၀ မလိုက်ဖက်။ တယောက်က လူကောင်ကြီးကြီး၊ ထွားထွား ကျိုင်းကျိုင်းကြီး။ တယောက်ကတော့ လူဖလံလေး။ လူထွားကြီးရဲ့ နာမည်က “လင်နီစမောလ်”တဲ့။ လူဖလံလေးရဲ့ နာမည်ကတော့ “ဂျော့မစ်လ်တန်”။ သူတို့ ပြေးနေရတဲ့ အကြောင်းရင်းက လုပ်ငန်းခွင်အတွင်းမှာ လုပ်ကိုင်နေရင်း လင်နီစမောလ်က မိန်းမတယောက် ဝတ်ထားတဲ့ အနီရဲရဲ အင်္ကျီကို ကြည့်ပြီး စိတ်ထဲမှာ မချင့်မရဲဖြစ်လာလို့ ကိုင်ကြည့်မိတာမှ အမျိုးသမီးက သူ့ကို ကြောက်ပြီးလန့်အော် သူက မအော်ဖို့ ဆွဲပြီးတားနဲ့ နားလည်မှုတွေ လွဲကာ လုပ်ငန်းခွင်ထဲမှာ မတရားစော်ကား တတ်တဲ့ အလုပ်သမား နှစ်ယောက်ပဲလို့ ထင်မြင်ယူဆ ခံရပြီး သူတို့ကို လိုက်သတ်ခံရတာ။

အခုတော့ သူတို့ ကံကောင်းသွားတယ်။ ချုံနွယ်ပိတ်ပေါင်းတွေ ရှုပ်ထွေးပြည့်နှက်နေတဲ့ ချောင်းငယ်လေးထဲ နှစ်ယောက်သား အားလွန် ကျသွားတာနဲ့ ရေထဲက ထပြီး ပုန်းနေလို့ အမဲလိုက်ခွေးဟာ အနံ့မရတော့ဘဲ လမ်းလွဲသွားတဲ့အတွက် သူတို့ နှစ်ယောက် အသက်ရှင်ခွင့် ရသွားတယ်။ ဒီတော့ သူတို့ နှစ်ယောက် ဒီနယ်မြေမှာ ဆက်နေလို့ မဖြစ်တော့တဲ့အတွက် ညအချိန် တံတားပေါ် အရှိန်နှေးပြီး မောင်းလာတဲ့ ရထားကို တွယ်ကပ်ပြီး တက်လိုက်လာခဲ့ကြတယ်။

လင်နီစမောလ်က ခန္ဓာကိုယ်ကြီး ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်း ဖြစ်သလောက် မှတ်ဉာဏ် မကောင်း။ မကြာခဏမေ့တတ်ပြီး ဉာဏ်ရည်က ထုံထုံထိုင်းထိုင်း၊ ကလေးစိတ်သာသာ။ အမွေးနူးနူး ညံ့ညံ့ရှိတဲ့ တိရစ္ဆာန် ကလေးတွေကို အလွန်တရာ သဘောတွေ့တတ်ပြီး အမြဲပွတ်သပ်နေချင်တာ တခုပဲ သိတယ်။ အထူးသဖြင့် သူ သဘောကျလေ့ ရှိတဲ့ ယုန်ကလေးတွေ၊ ခွေးပေါက်ကလေးတွေ၊ ကြွက်ကလေးတွေ။

အလွယ်တကူ ရတဲ့ ကြွက်ကလေးတွေ ဆိုရင် အင်္ကျီအိတ်ထဲ ထည့်ပြီး သူပွတ်တဲ့ ဒဏ်တွေကြောင့် ကြာကြာ အသက်ရှင်ခွင့် မရဘဲ ခဏအတွင်းမှာ သေသွားလေ့ ရှိတယ်။ ဒါပေမယ့်လည်း လင်နီဟာ သေလို့ သေမှန်းမသိ ပုပ်စော်နံတဲ့အထိ လွှင့်မပစ်ဘူး။ ဒါတွေကြောင့် ဂျော့က ယူပြီးလွှင့်ပစ်ရတာ မကြာခဏပဲ။ ဆူရငေါက်ရ သင်ကြား ဖျောင်းဖျရနဲ့။ ပြီးတော့ အသိစိတ် ကင်းလွတ်ပြီး ကလေးတယောက်လို ငိုပြန်ရော။

နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ဒီအကြောင်း၊ ဒီစကားကိုပဲ ပြောနေရင်းက မှတ်ဉာဏ်မှာ မကြာခဏ မေ့တတ်တဲ့ အတွက်ကြောင့် လမ်းမ တလျှောက်လုံး ဟိန်းဟောက်ပြီး သိစိတ် မလွတ်အောင် သတိပေးနေရတယ်။ နွားထုံနွားထိုင်းကို ကြိမ်တို့ပြီး မောင်းနေရသလိုမျိုးနဲ့ ပေါင်းဖော်နေရတယ်။ လင်နီစမောကို တနေရာမှာ စွန့်ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းသွားဖို့ ဆုံးဖြတ်မိတဲ့အထိ ဖြစ်မိပေမယ့် ဂျော့ မစွန့်ပစ် နိုင်ခဲ့ရှာပါဘူး။ ကိုယ်လွယ်မွေးရတဲ့ သားတယောက်လို ဘဝတလျှောက်လုံး တာဝန်ယူနေရ ရှာတယ်။

ဒီလိုနဲ့ လာခဲ့ကြရင်း အလုပ်သမား မှတ်ပုံတင်ရုံးတခုရဲ့ အကူအညီနဲ့ နောက်လုပ်ငန်းရှင် တယောက်ဆီ ရောက်တော့ သူဌေးက မေးမြန်းသမျှကို ဂျော့ကချည်းပဲ ဒိုင်ခံဖြေပေး နေရတယ်။ လင်နီကို လာခဲ့စဉ် လမ်းမှာကတည်းက စကားကို ဘာတခွန်းမှ ဝင်မပြောမိ စေဖို့ အကြိမ်ကြိမ် သတိပေးလာခဲ့ရပါတယ်။ အမှားအယွင်းတွေ ဖြစ်ပြီး ခြံသူဌေးက အလုပ် မခန့်ဘဲ ပြန်လွှတ်တာမျိုး ဖြစ်မှာ စိုးလို့။

Of Mice and Men
Of Mice and Men စာအုပ်မျက်နှာဖုံး

မေးသမျှဒိုင်ခံ ပြောနေတဲ့ ဂျော့ကို အလုပ်ရှင် သူဌေးက သံသယဝင်လာပြီး “နေစမ်းပါဦး ကိုယ့်လူ၊ သူ့ဆီက ဘာတွေ မျှော်လင့်ထားလို့လဲ” သူ့လုပ်အားခကို မင်းယူဖို့များ စိတ်ကူထား သလား၊ လူတယောက် အတွက် ကြားဝင်ပြီး ဒုက္ခခံတာ ငါတခါမှ မတွေ့ဖူးဘူး” လို့ အပြုံးတဝက် မျက်နှာနဲ့ ပြောတော့၊ ဂျော့က လင်နီဟာ သူ့နဲ့ ညီအစ်ကို ဝမ်းကွဲ တော်စပ်ကြောင်း၊ ငယ်ငယ်က ခေါင်းကို မြင်းကန်ထားလို့ မှတ်ဉာဏ် သိပ်မကောင်းတော့ကြောင်း၊ အလုပ်ကိုတော့ ကျွဲလိုနွားလို လုပ်နိုင်တဲ့သူ ဖြစ်ကြောင်း ပြောပြတော့မှ ခြံပိုင်သူဌေးက သူတို့ နှစ်ယောက်စလုံးကို လယ်ကွက်ထဲက ဂျုံခင်းတွေမှာ အလုပ် ပေးလိုက်ပါတယ်။

မြေလေးတကွက်လောက် ပိုင်ဆိုင်ချင်စိတ်နဲ့ အေးအေးဆေးဆေး အလုပ် လုပ်ပြီး ပိုက်ဆံစုဆောင်းမယ့် သူတို့ နှစ်ယောက်မှာ ပြဿနာကောင်နဲ့ ကြုံရပြန်တယ်။ အဲ့ဒီလူကတော့ တခြားမဟုတ် မိုက်မိုက်ကန်းကန်း စိတ်ကြီးဝင်နေတဲ့ အလုပ်ရှင် သူဌေးရဲ့သား “ကာလေး” ဆိုတဲ့ လူကောင်သေးသေး တယောက်ပါပဲ။ လင်နီစမောလ်ကို တွေ့တော့ အကြောင်းမဲ့ ရန်စတယ်။ ထိုးမယ်ကြိတ်မယ် တကဲကဲ လုပ်တယ်။

လင်နီက စိတ်ညစ်သွားပြီး စိုးရိမ်ကြီးနေတဲ့ လေသံနဲ့ “ဂျော့ရယ် တခြားအလုပ်ကို ပြောင်းကြရအောင်ကွာ” တဲ့။ လေသံပြော့ပြော့လေးနဲ့ ပြောရှာတယ်။ ဂျော့ကလည်း သည်းခံပြီး ခဏလောက် စောင့်ပါဦးကွာ၊ ငွေလေးစုပြီးမှ တို့နှစ်ယောက် နေရာသစ်တခုကို ရွေးချယ်ပြီး နေကြမယ်လို့ ချော့မော့ထားရတယ်။
သူတို့ နှစ်ယောက် ကိုယ်ပိုင်မြေလေးပေါ်မှာ အေးချမ်းတဲ့ ဘဝလေးတခု အဖြစ်နဲ့ စိုက်ပျိုးနေထိုင်မယ့် အစီအစဉ်ကို တကောင်ကြွက်ဘဝနဲ့ လက်တဖက်ပြတ်နေတဲ့ အလုပ်သမားအိုကြီး “ကင်စီ” က ကြားတော့ သူလည်း စုဆောင်းထားတဲ့ ငွေလေးထည့်ဝင်ပြီးတော့ အတူနေပါရစေ၊ ထမင်းချက် ရေခပ်၊ ခြံစောင့် ဖြစ်ဖြစ် လုပ်ပါ့မယ်လို့ ဆိုရှာတယ်။ ဒီလိုနဲ့ သူတို့ သုံးယောက်က သဘောတည်း ဖြစ်သွားကာ ကျိတ်ပြီး ကြိုးစားလုပ်ကိုင် နေလာခဲ့ကြတယ်။

ဒါပေမယ့် တနေ့မှာတော့ ကံကြမ္မာဆိုးက ဝင်လာပါတော့တယ်။ တနင်္ဂနွေနေ့ရဲ့ အားလပ်ရက်မှာ ဂျော့အပါအဝင် အလုပ်သမား အားလုံးအိမ်နဲ့ ခပ်ဝေးဝေးက ကွက်လပ်တခုမှာ သံကွင်းပစ် လောင်းကစားတာကို အပျင်းပြေ ကစားနေကြတုန်းမှာ လင်နီ တယောက်တည်းရှိတဲ့ မြင်းဇောင်းဂိုဒေါင်ထဲကို ကာလေးရဲ့ မိန်းမရောက်လာပြီး မြူဆွယ်တယ်၊ နူးညံ့တဲ့ အရာဝတ္ထုတွေကို ပွတ်သပ်ရတာ သဘောကျမှန်းသိလို့ သူမရဲ့ ဆံပင်တွေကို ပွတ်သပ် ခိုင်းတယ်။

လင်နီက အားမလို့ အားမရ ဖြစ်ပြီး သူ့လက်ချောင်းကြီးတွေနဲ့ ဆံပင်တွေကို ထိုးမွှေပစ်လိုက်တဲ့အခါ သူဟာ စိတ်ဆိုးပြီး အော်ဟစ်တယ်။ လင်နီက ဂျော့ကြားသွားမှာစိုး၊ ပြီးတော့ ဂျော့အပါအဝင် တခြားသူတွေလည်း ကြားသွားမှာ စိုးရိမ်ပြီး သူ့ရဲ့ ပါးစပ်ကို အတင်း လိုက်ပိတ်တယ်။ နှစ်ယောက်သား ရုန်းရင်းကန်ရင်း ပိတ်ထားတဲ့ လက်ကို ကြောက်အားလန့်အားနဲ့ ထပ်အားထည့် ဖိမိလို့ မိန်းကလေးဟာ အသက်ရှုရပ်ကာ ပျော့ခွေ လဲကျပြီး သေဆုံးသွားပါတော့တယ်။

“အရေးကြုံရင် တို့ပုန်းနေခဲ့ဖူးတဲ့ တောစပ်ကို ရောက်အောင်ပြေး” လို့ ဂျော့ မှာထားဖူးတဲ့ စကားကို ပြန်သတိရပြီး “ကာလဆန်” ဆိုတဲ့ အလုပ်သမား တယောက်ရဲ့ အခန်းထဲကို ဝင်ကာ ခေါင်းအုံးအောက်မှာ ဝှက်ထားတဲ့ သေနတ်ကို ယူပြီး ထွက်ပြေး သွားတော့တယ်။ အလုပ်သမားအားလုံးက ဒီ မိန်းမပျက်သာသာပဲ ရှိတဲ့ ကာလေးရဲ့ မိန်းမ အပြစ်မှန်း သိကြတယ်။ ဒါပေမယ့် ကာလေးရဲ့ မိန်းမဟာ သူဌေးရဲ့ ချွေးမဖြစ်နေတော့ သူတို့ ကျေနပ်အောင် သေနတ်ကိုယ်စီ၊ မြင်းကိုယ်စီနဲ့ ထွက်ခဲ့ကြတယ်။

အားလုံး ထွက်သွားတော့မှ ဂျော့မစ်လ်တန်က လင်နီစမောလ် ရှိရာကို ဖြတ်လမ်းကနေ အမြန်ရောက်အောင် ပြေးရတယ်။ မှာထားတဲ့ အတိုင်းပါပဲ၊ ချောင်းစပ်က ချုံနွယ်တွေကြားမှာ ငူငူကြီးထိုင်နေတဲ့ လင်နီကို တွေ့ရပါတယ်။

လင်နီက အားကိုးတဲ့ မျက်နှာလေးနဲ့ “ဂျော့ရယ် မင်းငါ့ကို စိတ်ဆိုးသလားကွာ” လို့ မေးရှာတယ်။ ဂျော့က “မင်း မှန်ပါတယ်၊ ငါဘာလို့ စိတ်ဆိုးရမှာလဲကွာ၊ ချောင်းတဖက်ကမ်းက မြေကွက်လပ်ဆီကို လှမ်းမျှော် ကြည့်လိုက်စမ်း၊ အဲ့ဒီ မြေကွက်လပ်မှာ တို့နှစ်ယောက် အတူနေကြပြီး၊ မင်းကြိုက်တဲ့ ယုန်ကလေးတွေ မွေးမယ်၊ ကြောင်ကလေးတွေ မွေးမယ်၊ ဘယ်လောက် သာယာလိုက်သလဲ ကြည့်စမ်းပါဦးကွာ” လို့ ဂျော့က အာရုံပြောင်း ပေးတဲ့ စကားအတိုင်း ဝမ်းသာ အားရကြည့်ရှာတယ်။ လင်နီခမျာမှာ သူ့သူငယ်ချင်းက သူ့ကို မသတ်မဖြစ် သတ်ရတော့မယ် ဆိုတဲ့ ရင်နာစရာ အဖြစ်ဆိုးကို မသိရှာဘူး။

ဒီအဖြစ်ကို ကြည့်နေရတဲ့ ရုပ်ရှင်ကြည့် ပရိသတ်ရဲ့ ရင်ထဲမှာ သူ့အတွက် ဆို့နစ်ကြေကွဲလာတယ်၊ နောက်က လူအုပ်ကြီးကလည်း ညာသံပေးပြီး လိုက်ရှာနေတာ တဖြည်းဖြည်းဝေးရာက နီးလာနေပြီ။ လင်နီရဲ့ အိတ်ထဲက သေနတ်ကို အာရုံပြောင်းကာ နှိုက်ယူပြီး၊ လင်နီရဲ့ နောက်စေ့ကို ချိန်ထားရတဲ့ ဂျော့ရဲ့ လက်တွေဟာ ဝမ်းနည်းကာ ဆို့နင့်ကြေကွဲခြင်းတွေနဲ့ တုန်ခါနေပါတယ်။

“ညီအစ်ကို အရင်းထက် ပိုပြီး ငါချစ်ခင်တွယ်တာရတဲ့ သူငယ်ချင်းကို သူများ သတ်တာတော့ ငါ မခံဘူး၊ သတ်စရာရှိ ငါ့လက်နဲ့ ငါပဲ သတ်မယ်” လို့ စိတ်ထဲမှာ တကိုယ်တည်း ပြောရင်း အားတင်းလိုက်ချိန်၊ နီးလာပြီ လူအုပ်ကြီးနီးလာပြီ။ နောက်ဆုံးတော့ တုန်ခါနေတဲ့ ဂျော့ရဲ့ ညာဘက်လက်နဲ့ သေနတ်ဟာ လင်နီရဲ့ နောက်စေ့ထဲ ကျည်ဖူးကို ပစ်ထည့် လိုက်ပါတော့တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading