Lifestyle

ဒူဒဲလ်အတ်နဲ့ ပန်းချီ အောင်ခန့်ကျော်

This article has been converted from Zawgyi One to Unicode

မတ်တပ်ရပ်နိုင်ပြီ၊ လမ်းလည်း စလျှောက်ပြီ၊ တော့တီးတော့တ လမ်းလျှောက်နေတဲ့ ကလေးငယ်တဦးရဲ့ ကျေနပ်မှု ပျော်ရွှင်မှု ဘယ်လို ရှိနိုင်မလဲ။ သူ့ကိုယ်သူလည်း အံ့သြစိတ်နဲ့ ကျေနပ်အားရစိတ်တွေ ခံစားနေရသလို တချိန်တည်းမှာ စူးစမ်းစိတ်လည်း ရှိနေပြန်တယ်။ အဲဒီမှာ ကလေးငယ်ဟာ စူးစမ်း ကျေနပ်အံ့သြစိတ်နဲ့ ဟိုဟိုဒီဒီ တော့တီးတော့တ လျှောက်ရင်း ရှာရင်းနဲ့ ကျေနပ်ပျော်ရွှင်နေပါလိမ့်မည်။ အလားတူ ပန်းချီဖန်တီးမှုမှာလည်း ရည်ရွယ်စိတ်နဲ့ မဟုတ်ဘဲ မသိစိတ်အတိုင်း သိမှုမှတ်မဲ့ ရေးဆွဲရင်း ကျေနပ်နေတဲ့ ဖန်တီးမှုကို Doodle Art လို့ ခေါ်ပါတယ်။

၁၇ ရာစုမှာ စတင် ပေါ်ပေါက်လာတဲ့ Doodle ဆိုတဲ့ စကားလုံး အဓိပ္ပာယ်က ‘နုံအသူ၊ ထင်မိထင်ရာ လုပ်သူ’ ဖြစ်ပြီး ဂျာမန် စကား Dudeltopf or Dudeldop ကနေ ပြောင်းလဲလာတာလို့ ယူကြပါတယ်။ ၁၈ ရာစုလောက်ကျမှ ကြိယာအနေနဲ့ သုံးစွဲမှုတွေ ဖြစ်လာပြီး မော်ဒန်ခေတ် ၁၉၃၀ ခုနှစ်များမှာတော့ လေးကန်ဖင့်နွှဲ၊ အချိန်ဆွဲ၊ အချိန်ကုန်၊ အေးဆေး၊ ဖြည်းနှေး ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးများ အသိများ ထင်ရှားလာတာလို့ သိရပါတယ်။

ပန်းချီ အောင်ခန့်ကျော်
ပန်းချီ အောင်ခန့်ကျော်ရဲ့ ဒူဒဲလ်အတ် ပန်းချီကားများ

၂၀၁၆ ခုနှစ်၊ ဇူလိုင် ၃ ကနေ ၇ ရက်နေ့ အထိ ရန်ကုန်မြို့ ၃၁ လမ်း အောက်ဘလောက်ရှိ Cloud 31 ပြခန်းမှာ လူငယ် ပန်းချီဆရာ အောင်ခန့်ကျော်ရဲ့ The Beauty From Inside (စိတ်တွင်းကလာတဲ့ အလှ) ဆိုတဲ့ အမည်နဲ့ ဒူဒဲလ်အတ် ပန်းချီပြပွဲ ကျင်းပခဲ့ပါတယ်။ တနှစ်ခွဲကျော် ပြင်ဆင်ခဲ့ရတဲ့ အဲဒီ ပြပွဲမှာ ဒူဒဲလ်အတ် ပန်းချီကား ၃၈ ကား ပြသထားပါတယ်။

“ကျနော့်ကို ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ မွေးပြီး ဇာတိကတော့ မန္တလေးမြို့ဖြစ်ပါတယ်။ ရန်ကုန်မှာပဲ ကြီးပြင်းပြီး အ.ထ.က (၅) ဗိုလ်တထောင်ကနေ ဆယ်တန်းအောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ် (ရန်ကုန်) မှာ ပန်းချီအထူးပြုနဲ့ တတိယနှစ် တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်” လို့ ပန်းချီ အောင်ခန့်ကျော် ပြောပါတယ်။

ပန်းချီ အောင်ခန့်ကျော်
ပန်းချီ အောင်ခန့်ကျော်ရဲ့ ဒူဒဲလ်အတ် ပန်းချီကားများ

ဒူဒဲလ်အတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ကိုယ်ပိုင် အယူအဆနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုလည်း ဆက်ပြောပါတယ်။

“ကျနော့် အယူအဆကို မပြောခင် Doodle ရဲ့ သဘောကို အရင် ပြောပြချင်ပါတယ်။ ကျနော်တို့ စာသင်ခန်း၊ အစည်းအဝေး စတဲ့ နေရာတွေမှာ ထိုင်တာကြာလို့ ပျင်းလာတဲ့အခါ ရှေ့မှာလည်း စာအုပ်နဲ့ ဘောလ်ပင်ကလည်း အဆင်သင့် ရှိနေရင် မသိစိတ်က Doodle လို့ ခေါ်ရမယ့် အရုပ်တွေကို တောင်ခြစ် မြောက်ခြစ် လုပ်တတ် ပါတယ်။ ပျင်းတဲ့ စိတ်ကို အာရုံလွှဲလိုက်ခြင်း တမျိုးပေါ့။ ဒီလို မသိစိတ်ရဲ့ လှုံ့ဆော်မှုအရ ဖြစ်လာတာကြောင့် အမှားအမှန် ခွဲခြားနိုင်စွမ်း အားနည်းပြီး သိစိတ်ထက် မသိစိတ် လွှမ်းမိုးမှု ရာခိုင်နှုန်း ပိုများတဲ့ ကလေးတွေမှာ ဖန်တီးနိုင်စွမ်းအား အလွန်မြင့်မား ကြတာကို တွေ့ရမှာပါ။ Doodle Art ကို ကျနော့် အယူအဆအနေနဲ့ မသိစိတ်နဲ့ ကလေးတွေကို ကိုယ်စားပြုတဲ့ Art Form တခုလို့ ဆိုချင်ပါတယ်”

ဒူဒဲလ်အတ် အပြင် သူဟာ အနုပညာသမိုင်း၊ Academic နည်းတွေ၊ ခေတ်အဆက်ဆက် Artist တွေ ဘယ်လို တွေးခေါ်ခဲ့တယ် ဆိုတာတွေ၊ လက်ရာတခုရဲ့ နောက်ကွယ်မှာ Concept အမျိုးမျိုး ရှိနေတဲ့ ကြားက ကမ္ဘာကျော်ခဲ့တဲ့ Conceptတွေ၊ ဘာလို့ ကမ္ဘာကျော်ရတာလဲ စတာတွေကို စိတ်ဝင်တစားနဲ့ လေ့လာဖြစ်တဲ့ အကြောင်းလည်း ပြောပါတယ်။

ပန်းချီ အောင်ခန့်ကျော်
ပန်းချီ အောင်ခန့်ကျော်ရဲ့ ဒူဒဲလ်အတ် ပန်းချီကားများ

သူ့ရဲ့ ဖခင် ပန်းချီ မြတ်ကျော့ကလည်း ထင်ရှားတဲ့ ခေတ်ပြိုင် အနုပညာရှင်တဦး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ပံ့ပိုးအားပေးမှု လမ်းညွှန်မှုတွေရော ရှိနေပါသလားလို့ မေးခဲ့ပါတယ်။ သူ ပြောပြတာက “အဖေက ကျနော့်ကို အပြည့်အဝ ယုံကြည်တယ်ဗျ။ ကျနော် ဘာလုပ်လုပ် အမြဲလွှတ်ထားလေ့ ရှိတယ်။ အကြံပေး၊ လမ်းညွှန်တာတွေထက် အခု ကမ္ဘာမှာ အနုပညာ လမ်းကြောင်း ဘယ်လို ရှိနေတယ်၊ ဘယ် Artist က ဘယ်လိုမျိုးတွေ ထိုးဖောက်နေတယ် ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြတယ်။ ခေတ်ပြိုင် အနုပညာအပေါ် ထားရှိတဲ့ သူ့ရဲ့ အတွေးအမြင်တွေကိုလည်း အခွင့်သင့်သလို ပြောပြတတ်ပါတယ်။ အဲ့ဒါတွေ ကြောင့် ကျနော့် နောက်ပိုင်း အနုပညာဖန်တီးမှုအပေါ် သက်ရောက်မှု အတော်အတန် ရှိနေပါတယ်” လို့ ပြောပါတယ်။

၂၀၁၅ ဖေဖော်ဝါရီ လောက်က Facebook မှာ Sketchey stories ဆိုတဲ့ ဖိလစ်ပိုင် Doodle art ပန်းချီဆရာ တယောက်ရဲ့ Page က လက်ရာတွေ မြင်ပြီး ဒူဒဲလ်ပန်းချီ ဖန်တီးမှုကို နှစ်သက်သွားတဲ့ ပန်းချီ အောင်ခန့်ကျော်ရဲ့ ဒူဒဲလ်အတ်အပေါ် မျှော်လင့်ချက်ကိုလည်း အခုလို ပြောပါတယ်။

ပန်းချီ အောင်ခန့်ကျော်
ပန်းချီ အောင်ခန့်ကျော်ရဲ့ ဒူဒဲလ်အတ် ပန်းချီကားများ

“Doodle Art ကို ဒီနိုင်ငံမှာ အခုထက်ပိုပြီး ကျယ်ပြန့် စေချင်တယ်။ လောလောဆယ် ဒီရည်ရွယ်ချက် တခုပဲ ရှိပါသေးတယ်။ နောက်ပိုင်း အခုထက်ပိုပြီး ကျနော် Specialized ထားတဲ့ ဒီပညာကိုပဲ သင့်တော်တဲ့ စာပေလေ့လာမှုတွေ ပြုလုပ်ပြီး Skill ပိုင်း အပြင် ဉာဏ်ပညာပိုင်းနဲ့ပါ ပေါင်းပြီး ရှေ့ဆက်နိုင်အောင် ရည်ရွယ်ထားပါတယ်”

Loading