ချစ်သူတို့ရဲ့ ကြားမှာ ချစ်ခြင်းမေတ္တာကို နိုးကြားစေတဲ့ အပြုအမူလေးတွေ ရှိနေရင် Oxytocin လို့ ခေါ်တဲ့ ဟော်မုန်း တမျိုး ဖြစ်ပေါ်လာပြီး၊ အဲဒီ ဟော်မုန်းက ချစ်ခြင်းကို ခိုင်မြဲစေသလို ကျန်းမာရေးကိုလည်း ကောင်းမွန် ပြည့်စုံစေတဲ့ အပြင် ခန္ဓာကိုယ်ရဲ့ ဦးနှောက်နဲ့ နာဗ်ကြောတွေ အားကောင်း သန်မာစေပါတယ်။ ဒါကြောင့် အဲဒီ ဟော်မုန်းကို အချစ်နတ်ဆေး ဟော်မုန်းလို့တောင် အမည်ပေးရမှာပါ။ ချစ်သူတွေကြား ချစ်ခြင်းတွေ အတူခံစားကြတဲ့ အခါမှာလည်း ကျေနပ်မှု အပြည့်အ၀ ရစေတယ်ဆိုတဲ့ အဲဒီ အချစ်ဟော်မုန်း ဖြစ်ပေါ်စေတဲ့ အကြောင်း ပြောပြပါမယ်။
တဦးနဲ့ တဦး အကြင်နာ အကြည့်နဲ့ ဆက်သွယ်ပါ
မျက်လုံးများဟာ နှလုံးသားရဲ့ ပြတင်းပေါက်များ ဖြစ်တယ် ဆိုတဲ့အတိုင်း ချစ်သူတွေဟာ တဦးနဲ့တဦး အကြင်နာ မျက်ဝန်း အကြည့်တွေနဲ့ ကြည့်တဲ့ အခါ အချစ်ဟော်မုန်းတွေ ထွက်ပေါ်လာကြပြီး ရင်ခုန်ရခြင်းနဲ့အတူ တဦးနဲ့ တဦးကြား ယုံကြည်မှု ရစေနိုင်ပါတယ်။
တဦးနဲ့ တဦး ကြင်နာစွာ ထွေးပွေ့ပါ
တဦးနဲ့ တဦး ရင်ခွင်ထဲမှာ ကြင်နာစွာ ထွေးပွေ့ကြတဲ့အခါ အချစ်ဟော်မုန်းတွေ ထွက်ပေါ်လာကြပြီး နွေးထွေးတဲ့ ယုယမှုတွေနဲ့ ချစ်ခြင်းတွေ ပိုမို ခိုင်မြဲစေနိုင်ပါတယ်။
ချစ်လက်တွေ မြဲမြဲဆုပ်ထားပါ
ချစ်သူတွေဟာ တဦးနဲ့တဦး ချစ်လက်တွေ မြဲမြဲဆုပ်ထားကြရင်တော့ စိတ်ဖိစီးမှုတွေ ဝေးလွင့်စေတယ်၊ သွေးတိုးနဲ့ နှလုံးရောဂါကို လျော့နည်းစေတယ်၊ တခြား ဓာတ်မတည့်တဲ့ ရောဂါတွေကိုလည်း နည်းပါးစေပါတယ်တဲ့။
ချစ်အနမ်းများ ပေးလိုက်ပါ
ချစ်သူတွေဟာ တဦးနဲ့တဦး ရင်ခွင်ချင်းအပ်ပြီး ကြင်နာနွေးထွေးတဲ့ အနမ်းတွေက ချစ်သူတွေကြားက ချစ်ခြင်းအာရုံကို နိုးကြားစေတဲ့အပြင် တဦးနဲ့တဦး နှောင်ငယ်တွယ်တာ မြတ်နိုးစေပါတယ်။
သီဆိုတီးမှုတ် ကခုန်ကြပါ
ချစ်သူတွေဟာ ဂီတကို အတူခံစားကြမယ်၊ အတူ ဖန်တီးကြမယ် ပြီးတော့ အတူ ကခုန်ကြမယ် ဆိုရင်တော့ နှစ်ဦးစလုံးရဲ့ စိတ်ခံစားမှုကို အားပေးမြှင့်တင်တာ၊ အပြန်အလှန် နားလည်မှုနဲ့ တွယ်တာမှုတွေ ပိုတိုးစေပါတယ်တဲ့။
Source: everydayhealth.com