ရခိုင်ပြည်နယ်မှာ လက်ရှိကြုံတွေ့နေရတဲ့ ရေကြီးမှုဒဏ်ကို ရင်ဆိုင်နေရသူ လူဦးရေ တသောင်းကျော်အတွက် ကျပ် ၈၆၄ သိန်း တန်ဖိုးရှိ အရေးတကြီး လိုအပ်နေတဲ့ စားသောက်ကုန်များ၊ သောက်ရေနှင့် အခြားထောက်ပံ့မှုများကို တယ်လီနော မြန်မာက ပေးအပ်ကူညီ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အကူအညီများကို တယ်လီနောမြန်မာရဲ့ လုပ်ငန်း လက်တွဲ ဆောင်ရွက်သည့် အဖွဲ့အစည်းတခုဖြစ်တဲ့ Network Activities Group (NAG) မှတဆင့် ပေးအပ်သွားမှာဖြစ်ပြီး တယ်လီနောမှ ရေဘေးဒဏ်သင့် မိသားစု အိမ်ထောင်စုပေါင်း ၂ ထောင် ကို အရေးပေါ်ကာလအတွက် အသုံးပြုဖို့ အိမ်ထောင်စုနဲ့ အဆောက်အအုံဆိုင်ရာ ပစ္စည်းများကိုပါ ထောက်ပံ့ ပေးသွား မယ်လို့ သိရပါတယ်။
“ရေဘေးဒဏ်ခံရသူတွေ လက်ရှိမှာ ယာယီတည်းခိုစရာနေရာတွေမှာ နေနေကြပါတယ်။ သူတို့ရဲ့ လတ်တလော လိုအပ် ချက်တွေကို တယ်လီနောက တဖက်တလမ်းက ကူညီဆောင်ရွက်သွားမှာပါ။ ရေဘေးဒဏ်ခံရတဲ့သူတွေ အားလုံး အကူအညီ ရရှိစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ၊ ရပ်ရွာအခြေပြုလူမှု အဖွဲ့အစည်းတွေနဲ့ ကျမတို့ NAG က ညှိနှိုင်းဆောင်ရွက်သွားမှာပါ” လို့ တယ်လီနောမြန်မာ လူမှုအကျိုးပြုဌာနမှ မခင်ပြည့်ဝန်းသော်တာက ပြောပါတယ်။
တယ်လီနောမြန်မာမှ ရခိုင်ရေဘေးအတွက် ပထမဆုံး ကနဦးဆောင်ရွက်မှု အလှူအဖြစ် ရေဘေးဒဏ်ခံစားနေရသော မင်းပြား၊ကျောက်တော်နှင့် မြောက်ဦးမြို့များမှာရှိတဲ့ တယ်လီနော သုံးစွဲသူများအနေနဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ အလွယ်တကူ ဆက်သွယ်နိုင်စေရန် ဖုန်းဘေလ် ကျပ် ၅၀၀ ဇူလိုင်လ ၈ ရက်နေ့က ထည့်သွင်းပေးခဲ့တယ်လို့ သိရပါတယ်။