အခုလို နေ့စဉ်ရက်ဆက် ရွာနေတဲ့ မိုးတွေကြောင့် ရာသီဥတု မိုးအေးအေးနဲ့ ထုံထုံထိုင်းထိုင်းဖြစ်နေလို့ ခရီးသွား ချင်သူများအတွက် မြန်မာနိုင်ငံရဲ့ မိုးရာသီကို ရှောင်ရှားရင်း ဈေးနှုန်းသက်သက်သာသာနဲ့ ခရီးသွားနိုင်တဲ့ ပြည်ပ ခရီးစဉ်တခုရှိပါတယ်။
အဲဒါကတော့ မြန်မာနိုင်ငံသားများအနေနဲ့ ၁၄ ရက်တာ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်လည်ပတ်နိုင်မယ့် ဗီယက်နမ် ခရီးစဉ် ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင် ရန်ကုန် – ဟိုချီမင်း ခရီးစဉ် အပါအဝင် နိုင်ငံတကာ ခရီးစဉ်များစွာ လက်မှတ်ရောင်းချနေတဲ့ အာရှရဲ့ ဈေးနှုန်းသက်သာ စရိတ်နည်း လေကြောင်းလိုင်း Vietjet Air Line နဲ့ သွားရောက်နိုင်ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော် အစားအစာများကို အရသာမြည်းစမ်းချင်သူတွေနဲ့ ဗီယက်နမ်ရဲ့ ရိုးရာ ယဉ်ကျေးမှုကို လေ့လာချင်သူတွေ၊ ပြည်ပမှာ ဈေးဝယ်ထွက်ပြီး လည်ပတ်ချင်သူတွေ အတွက် ဗီယက်နမ် နိုင်ငံရဲ့ လည်ပတ်စရာ နေရာတွေကို Vietjet လေကြောင်းလိုင်းက မိတ်ဆက်ပေးထားပါတယ်။
(၁) Vung Tau ကမ်းခြေ
Vung Tau ကမ်းခြေက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရဲ့ အနီးအနားမှာ တည်ရှိပြီး ကမ်းခြေကို တနာရီခန့် ကားမောင်းရုံဖြင့် သွားရောက်လည်ပတ်နိုင်ပါတယ်။ အဆိုပါ ကမ်းခြေက ဗီယက်နမ်မှာရှိတဲ့ အလှပဆုံး ကမ်းခြေများထဲမှာ တခု အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ ဖြူဖွေးနေတဲ့ သဲသောင်ပြင်၊ ပင်လယ် ရေပြာပြာနဲ့ ကျောက်ဆောင်များ အဆုံးမှာ တောင်တန်းတွေ ကာရံထားတဲ့ အလှအပကို ကမ်းခြေမှာ ခံစားနိုင်ပါတယ်။ ကမ်းခြေမှာ နေပူစာလုံ၊ ရေကူး ဒါမှမဟုတ် St.George အနားမှာ တောင်တက်ခရီး သွားရောက်နိုင်ပါတယ်။
(၂) Cu Chi ဒေသ
နောက်ထပ် သွားရောက်နိုင်တဲ့ တနေရာကတော့ Cu Chi ဒေသမှာရှိတဲ့ ၇၅ မိုင် (၁၂၁ ကီလို) ရှည်လျားပြီး ဝင်္ကဘာသဖွယ်ဖြစ်နေတဲ့ လိုဏ်ခေါင်းများ တည်ရှိရာနေရာ ဖြစ်ပါတယ်။ အဲဒီနေရာကို ဗီယက်နမ်အစိုးရမှ ထိန်းသိမ်း စောင့်ရှောက်ထားပြီး အဆိုပါ လိုဏ်ခေါင်းများကို Ben Dinh နှင့် Ben Duoc ဆိုပြီး ပြသ ထားပါတယ်။ နိုင်ငံခြားခရီးသည်များ အများဆုံး သွားရောက်လေ့လာ လည်ပတ်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
(၃) FITO ပြတိုက်
FITO ပြတိုက်ကတော့ ဗီယက်နမ် ရိုးရာဆေးပညာကို လေ့လာချင်သူများအတွက် သမိုင်းဝင် နေရာတခု ဖြစ်ပါတယ်။ ကျောက်ခေတ်က ဗီယက်နမ်ရိုးရာ ဆေးပညာတွေအထိ စုဆောင်းထားတဲ့ ဆေးဝါး အမျိုးအစားပေါင်း ၃၀၀၀ ကျော် ပြသထားတဲ့ နေရာတခု ဖြစ်ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာ ဆေးပညာ သမိုင်းအကြောင်း ရိုက်ကူးထားသည့် “A Century of Health Care Experiences” မှတ်တမ်းရုပ်ရှင် အပါအဝင် ဗီယက်နမ်ရဲ့ ဆေးပညာရပ်ဆိုင်ရာ စာအုပ်များ၊ စာရွက်စာတမ်းများကို အဲဒီပြတိုက်မှာ ပြသထားပါတယ်။
အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်ပြီးရင် ဟိုချီမင်းမြို့တော် အနီးအနားမှာ တည်ရှိတဲ့ Dam Sen Water Park ကို သွားရောက် လည်ပတ်နိုင်ပါသေးတယ်။ Vietjet လေကြောင်းလိုင်းက အပတ်စဉ် တနလာၤ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ရန်ကုန်မှ ဟိုချီမင်းမြို့ကို တပတ် ငါးကြိမ် ပျံသန်းလျက်ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့်မို့လို့ မိုးရာသီမှာ ခရီးသွားချင်သူတွေ မြန်မာနိုင်ငံရဲ့ မိုးရာသီကို ရှောင်ရှားရင်း ၁၄ ရက် ဗီဇာမလိုတဲ့ ပြည်ပခရီးစဉ်၊ ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်နိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။