Lifestyle

Myanmar Idol ပြိုင်ပွဲဝင် ၁၁ ဦးပါဝင်သီဆိုထားကြတဲ့ IDOL Acoustica Album ထွက်ရှိ

This article has been converted from Zawgyi One to Unicode

Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင် ၁၁ ဦးပါဝင် သီဆိုထားတဲ့ IDOL Acoustica Album ကို ဇူလိုင် ၆ ရက်နေ့က စတင် ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။

နာမည်ကြီးအဆိုတော် တေးသံရှင်များရဲ့အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကို ပြိုင်ပွဲဝင်များက ပြန်လည်သီဆိုထားကြပြီး မူရင်းတေးသံရှင်တွေကတော့ ကိုင်ဇာ၊ ဖြူသီ၊ အောင်ရင်၊ ထူးအိမ်သင်၊ မျိုးကျော့မြိုင်တို့ရဲ့တေးသီချင်းတွေပဲ ဖြစ်ပါတယ်။

ဒီတေးအယ်လ်ဘမ်ဟာ ပြိုင်ပွဲဝင်များထဲက Winner ဆုရှင် စောလားထော်ဝါးရဲ့တကိုယ်တော်တေးစီးရီး မထွက်ခင် ပထမဆုံးထွက်ရှိလာတဲ့ အခွေလည်းဖြစ်ပါတယ်။

ခိုင်သဇင်သင်း
ခိုင်သဇင်သင်း

အခွေထဲမှာ “နာရီပေါ်က မျက်ရည်စက်များ” သီချင်းကို သီဆိုတဲ့ အဆိုတော် ခိုင်သဇင်သင်းက “ဒီသီချင်းလေးက ညီမအတွက် အမှတ်တရသီချင်းလေးပါပဲ။ ဒီသီချင်းကို ပြိုင်ပွဲမှာ ဆိုတဲ့အခေါက်တုန်းက ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အပတ်ပါ။ ဒါပေမယ့် ဆရာဥက္ကာဦးသာက အဲဒီသီချင်းကိုပဲ အခွေထဲမှာ ပြန်ထည့်မယ်တဲ့၊ ပြန်ကျင့်ထားနော်လို့ မှာခဲ့တာ။ အခုပြန်ဆိုတော့ ဆရာထူးအိမ်သင်ရဲ့သီချင်းကို ပြန်ဆိုရတဲ့အခါမှာ သိပ်တာဝန်ကြီးပါတယ်။ ပြန်ဆိုတဲ့အခါ သူလောက် ခံစားချက်မရှိမှာနဲ့ ရသမမြောက်မှာကို စိုးရိမ်မိတယ်။ ပရိသတ်တွေ လက်မခံဘဲ ဆရာထူးအိမ်သင်သီချင်းကို ပျက်သွားအောင်လုပ်တယ်လို့ အပြောခံရမှာလည်း ကြောက်တယ်။ ဒီသီချင်းကလည်း ဆိုရတာ ခံစားချက်ပြင်းတဲ့အထဲမှာလည်း ပါတယ်လေ၊ ဒီသီချင်းကို Mood သွင်းပြီး ဆိုခဲ့တာ နှစ်ရက်လောက်တော့ ကြာခဲ့ပါတယ်။ ပြိုင်ပွဲဝင်တုန်းက ဆိုတဲ့ခံစားချက်နဲ့ အခု ပြန်ဆိုရတဲ့ ခံ စားချက်နှစ်ခုကတော့ မတူတော့ပါဘူး” လို့ ဧရာဝတီ ကို ပြောပြပါတယ်။

ဆိုဖီယာ
ဆိုဖီယာ

ဒီအခွေထဲက ပရိသတ်အားပေးချစ်ခင်မှုကို ရရှိခဲ့ကြတဲ့ ပြိုင်ပွဲဝင် ၁၁ ယောက်လုံးရဲ့ တေးသီချင်းတွေ ပါဝင်တာကြောင့် Myanmar Idol ပရိသတ်များ အကုန်လုံး နှစ်ကြိုက်ကြတဲ့ တေးအယ်လ်ဘမ်လည်း ဖြစ်နေပါတယ်။

ဒီအခွေထဲမှာ တေးသံရှင် အောင်ပြည့်ထွန်းက “နေနဲ့လ အရှေ့နဲ့အနောက်”၊ အောင်တေဇာကျော်က “စမ်းချောင်းထဲက မျက်ရည်”၊ နင်ဇီမေက “အချစ်က အမှား”၊ ခိုင်သဇင်သင်းက “နာရီပေါ်က မျက်ရည်စက်များ”၊ စောလားထော်ဝါးက “ချိန်းတဲ့ည” ၊ M ဇော်ရိန်က “အရမ်းလွမ်းနေပြီ”၊ မေကြည်က “သတိရရင် ပြီးတာပဲ” ၊ RIO က “တကယ်လို့များ”၊ ဆိုဖီယာက “မိုင်ပေါင်းကုဋေ”၊ ဇော်မင်းဦးက “သီးသန့်သီချင်း” ၊ စောထက်နိုင်စိုး က “သေလောက်အောင် ချစ်တော့လည်း” သီချင်းတွေကို အသီးသီး သီဆိုထားကြတာ ဖြစ်ပါတယ်။

IDOL Acoustica Album
IDOL Acoustica Album အခွေပုံ ( ဓာတ်ပုံ/ myanmar idol facebook)

တေးသီချင်းများကို စန္ဒယား၊ ဂစ်တာ လက်သံများနဲ့ သာယာငြိမ့်ညောင်းစွာ သီဆိုထားကြတာမို့ မူရင်းသီချင်းတွေနဲ့ ပုံစံကွဲကာ တမူထူးပြီး နားထောင်ရတာ အရသာတမျိုးပေးတဲ့ တေးအယ်လ်ဘမ်လို့လည်း ဆိုချင်ပါတယ်။
ယခု တေးအယ်လ်ဘမ်ကို တချပ် ၃၀၀၀ ကျပ် သတ်မှတ်ရောင်းချတယ်လို့လည်း သိရပါတယ်။

Loading