အတွင်းခန်းကျယ်ဝန်းပြီး ဈေးနှုန်းလည်း ချိုသာသလို AD Vanတွေ Proboxတွေ ထက်စာရင် အိမ်စီး မော်ဒယ် အဖြစ် ထားရှိ စီးနင်းနေကြတာ ဖြစ်ပါတယ်။ ဈေးလည်း ချိုသာသလို ရုပ်ထွက်ပိုင်း သိသာပေါ်လွင်မှုကလည်း Wishလို မော်ဒယ်တွေနဲ့တောင် ဈေးကွက် အပြိုင်ဖြစ်ချင်ပါသေးတယ်။ ဒါပေမယ့် Airwaveက လက်ရှိ အချိန် ထိအောင်တော့ ထုတ်လုပ်နေသေးတဲ့ မော်ဒယ် တခု မဟုတ်ပါဘူး။ ပြောရရင် Hondaရဲ့ အောင်မြင်မှု မရရှိတဲ့ မော်ဒယ် တခုလို့ ဆိုရမှာပါ။ ထုတ်လုပ်မှု သက်တမ်း မကြာသေးခင်မှာ ရပ်နားထားတာကြောင့်ပါ။
ဂျပန်အခြေစိုက် Honda Motor Companyရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ Honda Partnerလို့လည်း ခေါ်ကြပါ သေးတယ်။ ၂၀၀၅ခုနှစ်ကမှ စတင် ထုတ်လုပ်လာခဲ့တာ ဖြစ်ပေမယ့် ထုတ်လုပ်မှု သက်တမ်း ၅နှစ် အကြာ ၂၀၁၀ခုနှစ်မှာ ရပ်နားထားတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ Suzukaစက်ရုံမှာ တပ်ဆင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Subcompact Car တန်းဝင်ပါ။
ပြည်တွင်းမှာတော့ Wagonလို့ ခေါ်ပြီး အင်ဂျင်အရှေ့ထိုင်စနစ်နဲ့ Global Small Paltformကို အခြေခံယူ တည် ဆောက် ထားတာပါ။ Hondaရဲ့ အောင်မြင်တဲ့ မော်ဒယ် Fitရယ် နောက်ပြီး Fit Aria၊ Cityမော်ဒယ်တွေနဲ့ တည် ဆောက်မှု ချင်း ဆင်တူပါတယ်။ အင်ဂျင်အပိုင်းမှာ ၁ ဒသမ ၅လီတာသုံး အင်ဂျင် တမျိုးတည်းကိုပဲ ထုတ် လုပ်ခဲ့တာ တွေ့ရပြီး ဂီယာပိုင်းမှာ ဆိုရင် Airwaveအနေနဲ့ CVT Autoနဲ့ရော ၇ချက် CVTအနေနဲ့ပါ ထုတ်လုပ် ခဲ့ပြီး Partner အနေနဲ့ တော့ ၅ချက် Autoနဲ့ ထုတ်လုပ်ခဲ့ပါတယ်။
မော်ဒယ်ခွဲ အနေနဲ့ကတော့ Gနဲ့ Lဆိုပြီး နှစ်မျိုး ထုတ်လုပ်ခဲ့တာ တွေ့ရပြီး Sunroof ပါရှိမှု အပေါ်မှာ ကွဲပြားသွားတာ တွေ့ရပါတယ်။ ရှေ့ဘီးယက် မော်ဒယ် အနေနဲ့ရော လေးဘီးယက်စနစ်နဲ့ပါ ထုတ်လုပ်ခဲ့ပြီး GJ3နဲ့ GJ4မော်ဒယ်ခွဲတွေကိုတော့ Partnerအနေနဲ့ Airwaveထွက်လာပြီး တစ်နှစ်အကြာမှာမှ စတင် ထုတ်လုပ်ခဲ့တာပါ။ ဒီမော်ဒယ်နှစ်မျိုးက နာမည်သာကွဲပြားပေမယ့် အတူတူပါပဲ။ အင်ဂျင်တွေက ရုန်းအား ၁၀၅ပေါင်-ပေရှိပြီးတော့ မြင်းကောင်ရေ ၁၀၉ကောင်အား ထုတ်လုပ်ပေးနိုင်ပါတယ်။ အိမ်စီး တန်ကြေးနည်း မော်ဒယ် အဖြစ်နဲ့ ဈေးကွက်မှာ အောင်မြင်မှု ရပေမယ့် အဓိက ပြိုင်ဖက် Toyotaနဲ့ Nissanတွေရဲ့ Wagon မော်ဒယ်တွေထက် ဈေးနည်းနည်း မြင့်နေတာရယ်၊ အဆင့်မြှင့်တင် ထုတ်လုပ်နိုင်မှု အားနည်းမှုတွေကြောင့် လူကြိုက်နည်းစေခဲ့ပြီး ဆက်လက် ထုတ်လုပ်မှု မရှိတော့တာပါ။
မော်ဒယ်ရဲ့ ရောင်းချရမှု အပိုင်းကို ကြည့်မယ် ဆိုရင် ၂၀၀၅ခုနှစ်မှာ အစီးရေ ၄၃၈၄၆စီး၊ ၂၀၀၆ခုနှစ်မှာ ၃၂၂၅၃စီး၊ ၂၀၀၇ခုနှစ်မှာ ၂၁၁၇၅စီး၊ ၂၀၀၈ခုနှစ်မှာ ၁၅၆၄၈စီးနဲ့ ၂၀၀၉ခုနှစ်အတွင်းမှာတော့ ၉၀၅၂စီး ရောင်းချခဲ့ရပြီး အများစုက ဂျပန်မှာပဲ ရောင်းချခဲ့တာ ဖြစ်ပေမယ့် ပြည်ပကို တင်ပို့ရောင်းချမှု အပိုင်းမှာတော့ ဟောင်ကောင်၊ စင်ကာပူ၊ ပါကစ္စတန်နဲ့ နယူးဇီလန်နိုင်ငံတွေကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။
မော်ဒယ်ကို စတင် ထုတ်လုပ်ခဲ့တဲ့ ရက်စွဲကတော့ ၂၀၀၅ခုနှစ် ဧပြီလ ၇ရက်နေ့မှာ ဖြစ်ပြီး ၂၀၁၀ခုနှစ် သြဂုတ်လအတွင်းမှာ ထုတ်လုပ်မှု ရပ်နားခဲ့တာ ဖြစ်ပါတယ်။