လုပ်ငန်းခွင်ကိုသွားခါနီး အမျိုးသားတယောက်က ကြည့်မှန်ရှေ့မှာ အချိန် ဘယ်လောက်ယူတယ်လို့ သင် ထင်ပါ သလဲ။ ဆံပင်လေး တသသလုပ်နေကြတဲ့ လူငယ်အမျိုးသားတွေကို တွေ့ဖူးပါသလား။
ဒီနေ့ခေတ်မှာ မြို့ပြက ယောကျာ်လေးအများစုက လှချင်ပချင်လာကြတယ်။ အလှအပကို မိန်းကလေးတွေသာမက ယော က်ျားလေးတွေပါ ခုံမင်လာကြတယ်။ အမျိုးသားသုံးအလှကုန်တွေကလည်း အမျိုးမျိုးပါပဲ။ ဦးခေါင်းတခုကို သုံးရတဲ့ အလှ ကုန်ပစ္စည်းချည်းကပဲ မျိုးစုံရှိတယ်။
ခေါင်းလျှော်ရည်မှာတင် မျိုးကွဲပေါင်း များစွာရှိနေတယ်။ လွန်ခဲ့တဲ့ နှစ်၃၀လောက်ကတော့ လက်တဝါးစာလောက်သာရှိတဲ့ သံပုရာခြမ်း ခေါင်းလျှော်ရည်သည်ပင် ပုံမှန်သုံးနိုင်ဖို့ မလွယ်ဘူး။ အဲဒီတုန်းက ခေါင်းလျှော်ရည်တထုပ် (ငါးမတ်) တကျပ် နှစ်ဆယ့်ငါးပြားသာ ပေးရပေမယ့် နှစ်ခါလောက် ခွဲလျှော်ခဲ့ကြရတယ်။
အခုခေတ်မှာ ခေါင်းလျှော်ရည်တံဆိပ်တွေက တပတ်အတွင်း အမျိုးအစားမထပ်ရအောင် နေ့စဉ်လျှော်လို့ရနေပြီ။ ခေါင်း လျှော်ရည် အမှတ်တံဆိပ်တမျိုးတည်းကပဲ ဆံပင်နှစ်ခွဖြစ်သူများအတွက် အရောင်တမျိုး၊ ဘောက်ထသူတွေအတွက် အရောင်တမျိုး၊ ဆံပင်သားကြမ်းသူတွေအတွက် အရောင်တမျိုး မရိုးနိုင်အောင် သုံးစွဲသူတွေအကြိုက် အမျိုးမျိုး ထုတ်ပေး နေတယ်။
ဒီနေ့ခေတ် လူငယ်တွေက ခေါင်းလျှော်ရည်တမျိုးတည်းနဲ့ ပြီးတာမဟုတ်ဘူး။ ဆံပင်ပျော့ဆေးတို့ ဆံပင်ပေါင်းဆေးတို့ ကလည်း သုံးကြရသေးတာပေါ့။ ခေါင်းလျှော်ပြီးချိန်မှာတော့ ခေါင်းလိမ်းဆီ အမျိုးမျိုးကို လိမ်းခြယ် ပေးရပြန်ပါတယ်။
မိရိုးဖလာ အုန်းဆီသုံးသူက သိပ်မရှိတော့ဘဲ ပုံသွင်းချင်ကြတဲ့ လူငယ်တွေက ဂျယ်ပါတဲ့ ခေါင်းလိမ်းဆီကို အသုံးပြုကြပြန် တယ်။ အမှတ်တံဆိပ်တမျိုးတည်းကပဲ ဟာ့ဒ်ဂျယ်ရယ် ကူးလ်ဂျယ်ရယ်ဆိုပြီး အမျိုးအစားကွဲသွားပြန်သေးတယ်။ ဟာ့ဒ် ဂျယ်တွေ သုံးရင် ဆံပင်တွေက အတောင့်လိုက် ထောင်နေလေ့ရှိပြီး ကူးလ်ဂျယ်ကတော့ ဆံပင်ပုံသွင်းလိုသူတွေ သုံးကြ တယ်။
တချို့ကတော့ ခေါင်းလိမ်းဆီခရင်မ်ကိုပဲ သုံးကြတယ်။ ဟဲကုတ်အဆီကိုမှ လိမ်းကြတဲ့လူငယ်တွေလည်း အများအပြား ရှိပါသော်ကော။ ဂျယ်လိမ်းပြီးရင် ဖြစ်စေ ခရင်မ်လိမ်းပြီးရင်ဖြစ်စေ ဦးခေါင်းအလှပြင်ခြင်းနဲ့ ပတ်သက်လို့ နောက်ဆုံးအဆင့်ကိုရောက်ပါပြီ။ အကဲပိုသူတွေကတော့ စပရေးပါ ဖြန်းလိုက်ရမှ ကျေနပ်ကြတာလည်း ရှိတယ်။
ဆံပင်ကို မိမွေးတိုင်းဖမွေးတိုင်းအရောင်ကနေ ပြောင်းလဲချင်သူတွေအတွက်လည်း ဆံပင်အရောင်ဆိုးဆေးတွေက ဈေး ကွက်ထဲမှာ စုံစုံလင်လင်ရှိနေတယ်။ တခေါင်းလုံး မဆိုးချင်ဘူး။ နည်းနည်းပါးပါးလောက်သာ ဆိုးပြီး ဟိုက်လိုက် ဖောက်ချင်သူတွေအတွက်လည်း ဗြူတီးဆလွန်းတွေက ဝန်ဆောင်မှု ကောင်းကောင်းပေးပြီး ကောင်းကောင်းယူပါလိမ့် မယ်။
တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံအစုံအလင်က ဆံပင်ဆိုးဆေးတွေ ပြည်တွင်းဈေးကွက်မှာ လွယ်လင့် တကူ ဝယ်လို့ရနေပါပြီ။ မျက်နှာအတွက်လည်း ရေချိုးတိုင်း ဆေးကြောသန့်စင်ကြရပြန်သေးတယ်။
ကျနော်တို့ ခပ်ငယ်ငယ် ၁၉၈၀ ပြည့်လွန်နှစ်တွေကတော့ ကာဘော်လစ်ဆပ်ပြာ နီရဲရဲကိုသာ အကောင်းလုပ် သုံးခဲ့ကြ ရတယ်။
တခါတလေတော့ စက်မှုဆေးဝါးက ထုတ်တဲ့ မွှေးဆပ်ပြာကို သမဝါယမနဲ့ ကုန်တိုက်တွေက ခွဲတမ်းရတဲ့အခါ သုံးခဲ့ရဖူး တယ်။ နောက်ပိုင်းမှာတော့ ဈေးကွက်စီးပွားရေးခေတ်ဦးမှာတော့ ဗန္ဓုလကုမ္ပဏီက တင်သွင်းတဲ့ LUX ဆပ်ပြာကို သုံးခွင့် ရလာတယ်။
အဆီပြန်သူတွေအတွက် အစိမ်းရောင်ဆပ်ပြာ၊ အသားအရေ မွဲခြောက်နေသူတွေအတွက် အဖြူရောင်ဆပ်ပြာ၊ အသား အရေ ချောမွေ့လိုသူတွေအတွက် ပန်းရောင်ဆပ်ပြာတွေ သုံးနိုင်ကြောင်း ရုပ်ရှင်မင်းသမီးတွေနဲ့ ကြော်ငြာထိုးခဲ့ကြတယ်။
ကျနော်တို့တော့ ကိုယ့်အသားအရေက ဘာဆိုတာ ခွဲခြားမနေမိခဲ့ပါဘူး။ ကုန်စုံဆိုင်က အရောင်းစာရေးမ ထိုးရောင်းပေး လိုက်တဲ့ဆပ်ပြာကို အရောင်အမျိုးမျိုးနဲ့ သုံးခဲ့ကြတာပါပဲ။ ဆပ်ပြာကို ပတ်ထားတဲ့စက္ကူကို မဆုတ်မပြဲအောင် သေချာခွာပြီး စာအုပ်ကြား ညှပ်ခဲ့ကြတာ အမှတ်ရမိသေးတယ်။ လွယ်အိတ်ထဲက ဆပ်ပြာခဲကို ပတ်ထားတဲ့ စက္ကူပါတဲ့ စာအုပ်ထုတ် လိုက်ရင် မွှေးပျံ့နေတာ အမှတ်ရမိတယ်။
အခုခေတ်မှာတော့ ဆပ်ပြာတွေက ဖောချင်းသောချင်းဖြစ်နေပါပြီ။ ရိုးရိုးဆပ်ပြာခဲတင်မက ဆပ်ပြာကို အရည်ပြုလုပ်ပြီး ဘူးသွပ်ရောင်းတဲ့ခေတ်ကို ရောက်နေပါပြီ။ ညအိပ်ညနေ ခရီး ယာယီထွက်ရင် ဆပ်ပြာရည်ဘူးတွေက အိတ်ထဲထည့် သယ်ရတာ အဆင်ပြေတယ်။
မိတ်ဆွေတွေနဲ့ ခရီးထွက်ရင်လည်း ဘူးဆိုတော့ ဆပ်ပြာခဲပါမလာလို့ ယူသုံးစေဦးတော့ ကရိကထ မများဘူး။ ဆပ်ပြာခဲ တွေကလည်း တံဆိပ်မျိုးစုံ အရွယ်အစားစုံ ဒီဇိုင်းစုံ နိုင်ငံအနှံ့က ဝင်နေတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း ဝင်နေသလို ဂျပန်တို့ ဥရောပတို့လိုနိုင်ငံတွေကလည်း ဝင်တယ်။
ရေချိုးရာမှာ မျက်နှာသစ်ဖို့သုံးတဲ့ ဖေရှယ်ဖောင် (မျက်နှာသန့်ဆေး)ကလည်း အမျိုးသမီး၊ အမျိုးသား သုံးစွဲတဲ့ အလှကုန် ဖြစ်တယ်။ တချို့လူတွေက ရေချိုးခန်းမှာ အဲဒီလိုဘူးတွေ နှစ်မျိုး သုံးမျိုးဆောင်ထားကြတယ်။ မျက်နှာချေး ချွတ်စေဖို့ တဘူး၊ အဆီပြန်ခြင်း ကင်းပြီး ဆားဝက်ခြံတွေ ဖယ်ရှားပေးစေတယ်ဆိုတဲ့ ဘူးက တဘူး၊ အကဲပိုသူတွေကတော့ မျက်နှာ လေး ချောမွေ့စေတယ်လို့ ကြော်ငြာထားတဲ့ ဆေးဘူးလည်း သုံးကြသေးတယ်။
ကျနော်တို့ကတော့ ကာဘော်လစ်နဲ့ပဲ မျက်နှာရော ခေါင်းရော ခန္ဓာကိုယ်ရော သရီးအင်ဝမ်းသုံးပြီး လူလားမြောက်ခဲ့သူတွေ ဆိုတော့ ကြော်ငြာတွေ ပြောတိုင်းမယုံနိုင်ဘူး။ ကြော်ငြာတွေကလည်း ကျနော်တို့လို ဘိုးတော်ပေါက်စအရွယ်တွေကို ပစ် မှတ်မထားဘူး။ သူတို့ပစ်မှတ်ထားတာက ဆယ်ကျော်သက်အရွယ် ဝင်ငွေအသင့်အတင့်ရှိတဲ့သူတွေ။
ဒီနေ့ခေတ်လူငယ်တွေက ရေချိုးပြီးချိန်မှာ မျက်နှာအဆီမပြန်အောင် ချောမွေ့အောင်ဆိုပြီး တိုနာသုံးကြရပြန်တယ်။ တိုနာ သုံးရုံနဲ့မပြီးသေးဘူး။ ကိုရီးယားရုပ်ရှင်တွေရဲ့တန်ခိုးနဲ့ နို့ရည်ဆိုတာ လိမ်းကြပွတ်ကြရသေးတယ်။
ဘော်ဒီလိုးရှင်းအလှကုန်ပစ္စည်းကိုလည်း လူငယ်အမျိုးသားတွေ နှစ်နှစ်ခြိုက်ခြိုက်သုံးကြပါတယ်။ ခန္ဓာကိုယ်အနှံ့ မွှေးပျံ့ ကြိုင်သင်းနေအောင် လိမ်းကြတာပါ။ အမျိုးသားသုံး ဘော်ဒီလိုးရှင်းဆိုပြီး အလှကုန်ဈေးကွက်မှာ သီးသန့်ရှိပါတယ်။ ကျ နော်တို့ငယ်ငယ်ကတော့ အသားအရေစိုပြေစေချင်ရင် အသီးအနှံစားရတယ်ဆိုတဲ့ လူကြီးသူမတွေရဲ့သြဝါဒအောက်မှာ လူလားမြောက်ခဲ့ရတော့ ဘော်ဒီလိုးရှင်းဆိုတဲ့ လူသုံးကုန်ပစ္စည်းဟာ ကျနော်တို့လို ဖိုးတီးအိုဗာတွေရဲ့ အသားမာတွေကို ဖြိုချနိုင်ပါ့မလား။
ဆောင်းတွင်းအသားပတ်ရင် သုံးခဲ့တာက စက်မှု(၁)က ထုတ်တဲ့ ဂရစ်စလင်းလို့ ခေါ်တဲ့အလှဆီ။ ဒါတောင် ရေလေးနည်း နည်းစပ်ပြီး လိမ်းခဲ့ကြရတာ။ ငယ်ငယ်ကျောင်းသားဘဝကတော့ ဆောင်းတွင်းကာလတွေရောက်လို့ အသားပတ်ရင် ပြည် တွင်းဖြစ် စနိုးတွေ အမေက လိမ်းပေးခဲ့ဖူးတယ်။
ရိုးလ်အွန်တွေကတော့ လူငယ်ဆယ်ကျော်သက်တွေအတွက် မရှိမဖြစ် အလှကုန်ပစ္စည်းပါပဲ။ လုပ်ငန်းခွင်မှာ စာသင်ခန်းမှာ ချွေးန့ံ့ မနံအောင် အသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်တယ်။ လူကြီးလူငယ် အသုံးများတဲ့ အလှကုန်ပစ္စည်း ဖြစ်ပါတယ်။ ဝှိုက်တနင်း ပါတဲ့ ရိုးလ်အွန်တွေက ချိုင်းဖြူစေပါသတဲ့။
မျက်နှာလေး ဖြူဖွေးသန့်စင်ချင်လို့ သုံးတယ်ဆိုရင် နားလည်ပေးလို့ရသေးတယ်။ ဘယ်သူတွေကများ ချိုင်းဖြူမဖြူ စောင့် ကြည့်နေပါလိမ့်လို့ တွေးထင်ချင်စရာပါပဲ။ ဒါပေမယ့် လက်တွေ့ အလှကုန်ပစ္စည်းဈေးကွက်မှာတော့ ဝှိုက်တနင်းပါတဲ့ ရိုးလ် အွန်တွေ ရောင်းရတယ်။
ရေမွှေးကတော့ လူငယ်တွေအားလုံးအတွက် ခရေစီဖြစ်စေတဲ့ အလှကုန်ပစ္စည်းဖြစ်တယ်။ မြို့ပြက လူငယ်တွေရော ကျေး လက်က လူငယ်တွေပါ ရေမွှေးကြိုက်သူများတယ်။ ပုလင်းသွပ်ရေမွှေးတွေလည်း နိုင်ငံစုံက လာသလို သံဘူးနဲ့ထည့်ထား တဲ့ ဘော်ဒီစပရေးဆိုတာတွေလည်း ရှိတယ်။
ကျပ်ထောင်ဂဏန်းကနေ ကျပ်သိန်းဂဏန်းအထိရှိတယ်။ ပင်နယ်စလင်ပုလင်းအရွယ်လောက်ကနေ ရေသန့်ဘူး အရွယ်ထိ အရွယ်စုံဒီဇိုင်းစုံ ဝင်တယ်။ ရေမွှေးဈေးကွက်က အခိုင်အမာရှိနေတော့ ဆိုင်ကြီးကန္နားကြီးနဲ့ ဟိုတယ်ကြီးတွေမှာ အခန်းခ ဈေးကြီးပေးပြီး ရေမွှေးသီးသန့်ရောင်းချတဲ့ဆိုင်တွေက သက်သေပြနေတယ်။
တချို့လူငယ်တွေက ရေမွှေးပုလင်း လေးငါးမျိုးဆောင်ထားကြတယ်။ နေ့စဉ်ဆွတ် ရေမွှေးက တမျိုး၊ အလှူမင်္ဂလာဆောင် သွားရင် ဆွတ်တဲ့ ရေမွှေးက တမျိုး၊ ညနေခင်းပွဲတွေဖြစ်တဲ့ ဒင်နာတို့ စတိတ်ရှိုးတို့ သွားရင်တမျိုး သွားမယ့် နေရာဒေသ အလိုက် မျိုးကွဲတွေ ထားပြီး ဆွတ်ကြတာလည်း ရှိတယ်။ ကိုယ်လိမ်းပေါင်ဒါသုံးသူ အရေအတွက်ကတော့ သိသိသာသာ နည်းသွားပါပြီ။
နေပူထဲထွက်တဲ့အခါ ရာသီဥတုဒဏ် ခံနိုင်စေဖို့ ဒေးခရင်မ်ကို ထုတ်လုပ်ထားတယ်ဆိုပေမယ့် အမျိုးကောင်းသားအချို့က အဲယားကွန်းခန်းထဲမှာ နေရောင်မထိဘဲ လုပ်နေကြရပေမယ့် ပုံမှန် အသုံးပြုကြတယ်။ ညရောက်တော့လည်း နိုက်ခရင်မ် ဆိုတာကို လူးပြီး အိပ်ကြတဲ့ လူငယ်တွေရှိပါတယ်။
လူငယ်တွေအတွက် အလှကုန်ဈေးကွက်က အကြီးကြီးဖြစ်ပါတယ်။ အလှကုန်အတွက် ကုမ္ပဏီဝန်ထမ်း အချို့ လစဉ် သောင်းဂဏန်းအသုံးပြုနေကြတယ်။ လစဉ်ဝင်ငွေ နှစ်သိန်းဝန်းကျင်ရကြတဲ့ လူငယ်တွေက ဝင်ငွေရဲ့၁၅ ရာခိုင်နှုန်းကို အလှကုန်ပစ္စည်းဝယ်ယူမှုမှာ သုံးနေကြပါတယ်။
အလှပြင်ဆိုင်သွားပြီး ဆံပင်အလှပြင်တာ မပါသေးဘူး။ မျက်နှာအဆီချ ပေါင်းတင်ရွှေသွင်းတာတွေ ရှိသေးတယ်။ မြန်မာ နိုင်ငံလို အစစအရာရာ ပြန်လည်ထူထောင်ရေးလုပ်နေရတဲ့ နိုင်ငံအတွက် အလှကုန်ပစ္စည်းဝယ်ယူရာမှာ သုံးနေရတဲ့ ငွေ တွေက နှစ်စဉ် အသုံးစရိတ်မှာ ကျပ်ဘီလီယံနဲ့ ချီနေမှာ သေချာပါတယ်။
ပြည်တွင်းကိုဝင်နေတဲ့ အလှကုန်တွေထဲမှာ တရားဝင်လမ်းကြောင်းက ဝင်တာတွေလည်းရှိသလို တရားမဝင် အောက်လမ်း ကနေ နည်းလမ်းပေါင်းစုံနဲ့ ဝင်နေတာလည်း ရှိနိုင်ပါတယ်။
ဘတ်ဂျက်လိုငွေ အမြဲပြလေ့ရှိနေတဲ့ နိုင်ငံအတွက် အလှကုန် တွေ လမ်းကြောင်းပေါင်းစုံက ဝင်ရောက်နေတာကို ဘယ်လို ထိန်းချုပ်ကြမလဲ။
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် ချောမောလှပ ပြေပြစ်သော အမျိုးသားကောင်း တွေနဲ့ချည်း တည်ဆောက်ကြတော့မှာလား။
အမျိုးသားကောင်းတွေကတော့ လှချင်ရဲ့စက်စက်ယိုတွေ ဖြစ်နေကြတယ်။