ပြည်တွင်းကားဈေးကွက်မှာ အရင်ကတည်းက ဇိမ်ခံ အမှတ်တံဆိပ်အနေနဲ့ လူကြိုက်များပြီးသား Lexusရဲ့ Hatchback ကိုယ်ထည် အမျိုးအစားနဲ့ ရနိုင်တဲ့ မော်ဒယ် CT200hနဲ့ မိတ်ဆက်ပေးပါရစေ။ အခု မော်ဒယ်က ထူးခြားချက် အနေနဲ့ ဆိုရင် မော်ဒယ်မြင့် အနေအထား၊ ဒါပေမယ့် ဈေးချိုချိုနဲ့ ရနိုင်မှာပါ။ ပုံမှန် ဆိုရင်တော့ Lexusရဲ့ SUVနဲ့ Sedanကိုယ်ထည်အမျိုးအစား မော်ဒယ်တွေကိုပဲ ပြည်တွင်းမှာ စီးနင်းမှု များပါတယ်။ အခုလို ကိုယ်ထည်နဲ့ကတော့ ဈေးကွက်ဝင်တာလည်း နည်းပြီး ဇိမ်ခံ မော်ဒယ် အနေနဲ့လည်း လူစီးနည်းတာ ဖြစ်ပါတယ်။
အင်ဂျင်အပိုင်းမှာ ၁ ဒသမ ၈လီတာသုံး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာ တွေ့ရပြီး ဒါက ပုံမှန် ဇိမ်ခံ မော်ဒယ် တွေရဲ့ အင်ဂျင်မျိုးထက်စာရင် တော်တော်လေးကို သေးငယ်နေတာပါ။ ဒီတော့ ခရီးဝေး သွားလာမှုက အစ အကူစနစ်နဲ့ ဖျော်ဖြေရေးစနစ်တွေ စိတ်ကြိုက်သုံးနိုင်မှုအပိုင်းမှာ အားနည်းလာစေနိုင်ပါတယ်။ ဒီနေရာမှာ အဆိုပါ ခရီးဝေး မောင်းနှင်မှု အတွက် ဒီလို စနစ်တွေ သုံးလို့ မရဘူးလား ဆိုတော့ ရပါတယ်။ ဒါပေမယ့် ရေရှည်အတွက်ကိုတော့ မသုံးစေချင်ပါဘူး။
အင်ဂျင်က တည်ဆောက်မှုရော စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အပိုင်းမှာပါ အားကောင်းအောင် ဖန်တီးထားတာ မှန်ပါတယ်။ ဒါပေမယ့် ခရီးဝေးအတွက် စိတ်ကြိုက် အသုံးပြုမှုကိုတော့ မဖြစ်စေချင်ပါဘူး။ ဒီလို အင်ဂျင်ပိုင်း အားနည်းနေမှု တစ်ချက်က မော်ဒယ်ကို ဈေးချိုလာစေပါတယ်။
နောက်ထပ် ညာမောင်း အနေနဲ့ အသားကျပြီး လူကြိုက်များတဲ့ ပြည်တွင်းကို မော်ဒယ်က ဘယ်မောင်း အနေနဲ့ လည်း ဈေးကွက် ဝင်လာပါတယ်။ ဒီတချက်ကလည်း ဈေးချိုလာစေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး အနေနဲ့ ပြောချင်တဲ့ အချက် တစ်ချက်က ကီလိုများနေပြီးသား မော်ဒယ်တွေပဲ ဈေးကွက်မှာ တွေ့ရတာ ဖြစ်ပါတာယ်။ ဒီတော့ ကားဝယ်လက် တစ်ယောက်က မောင်းနှင်ပြီး ကီလို ကြည့်လိုက်တာနဲ့ များနေရင် သိပ်မကြိုက်ကြ၊ ဈေးမပေးချင်ကြတော့ပါဘူး။ ဒီလို အနေအထားမှာ CT200hက ဈေးချိုချိုနဲ့ ရလာနိုင်စေတော့တာပါ။ ဟုတ်ပါပြီ၊ ဒါတွေက အားနည်းချက်တွေဆိုတာထက် ဘာကြောင့် မော်ဒယ် ဈေးချိုတယ် ဆိုတာကို ရှင်းပြတာပါနော်။
အတွင်းခန်းမှာ သားရေ အပြင်အဆင်နဲ့ ဇိမ်ခံ မော်ဒယ်စစ်စစ် ဖန်တီးထားတယ်၊ ဓါတ်ဆီအင်ဂျင်စနစ်နဲ့ လာ မယ်၊ ဆူညံသံနည်းတယ်၊ Smart Keyလည်း သုံးနိုင်မယ်၊ Sunroofပါရှိတာ တစ်ချက် မော်ဒယ်ကို ရုပ်လုံး ပိုလှလာစေတယ်၊ ရန်ကုန်လိုင်စင် အနေနဲ့ ရနိုင်တယ်၊ ဒါကလည်း အခု နောက်ပိုင်း ရန်ကုန်လိုင်စင်တွေ နည်းနည်း ရှားလာလို့ ထည့်ပြောလိုက်တာပါ။
လူကြိုက်များတဲ့ အဖြူရောင် အဖြစ် ရနိုင်တယ်၊ အသက်ကယ် လေအိတ်စနစ် အပြည့်အစုံပါတယ်၊ TV-DVD ထည့်ထားပြီး ဖြစ်မယ်၊ မော်ဒယ်မြင့် အနေအထား ၂၀၁၁ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်ကို ရနိုင်မယ်၊ ကီလို တစ်သိန်းနှစ်သောင်းကျော်လောက် မောင်းထားပြီး ဖြစ်တဲ့ မော်ဒယ်ကို ခေါ်ဈေး သိန်း ၅၂၀လောက် ရှိပြီး အရည်အသွေး စိတ်ချရသလို ဝယ်လက် အကြိုက်ဖြစ်တာကြောင့် ဈေးမာပါလိမ့်မယ်။
တကယ်လို့ အခု ကီလိုထက် များနေမယ်၊ အနက်ရောင် ဖြစ်မယ်၊ သားရေထိုင်ခုံ၊ Power Steeringပျောက်မယ်၊ လိုင်စင်နပတ် ရှေ့ကျမယ်၊ ဒီလိုမျိုး ဆိုရင်တော့ ဈေးက အကျဘက်မှာ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် မော်ဒယ်မြင့် Harrierတွေနဲ့စာရင် အရည်အသွေး ပိုပြီး စိတ်ချရသလို ဈေးလည်း ချိုချင်တဲ့ CT200hကတော့ အဝယ်စာရင်းဝင် မော်ဒယ် တစ်ခုပါပဲ။