စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အတွင်းမှာရှိတဲ့ ဇလုံတောင်က စိမ်းလန်းတဲ့ တောအုပ် ညှို့မှိုင်းတဲ့ တောင်တန်းတွေရဲ့အလယ်မှာရှိနေတာပါ။ ဗန်းမောက်မြို့ရဲ့ မြောက်ဘက် ၁၄ မိုင် ၆ ဖာလုံ အကွာမှာရှိပြီး ဗန်းမောက်မြို့နယ်ထဲက အနီးဆုံး(ခမိုးကျေးရွာ)နဲ့ ၁၀ မိုင်ကျော် ကွာဝေးပါတယ်။
ခမိုးရွာလွန်တာနဲ့ သစ်ကြီးဝါးကြီး လျှိုမြောင် ချိုင့်ဝှမ်းတွေနဲ့ တောညို့ညို့တောင်စိမ်းစိမ်းတွေက မြို့ပြ ခရီးသွားတွေကို ဖမ်းစားနိုင်ပါလိမ့်မယ်။ ဇလုံတောင်ဟာ ပင်လယ်ရေ မျက်နှာပြင်အထက် (၃၀၉၀)ပေ မြင့်မားပြီး ပြည်တွင်းခရီးသွားတွေ အရောက်အပေါက် နည်းနေသေးတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ မူလက သလွန်တောင်လို့ ခေါ်တွင်ခဲ့ပေမယ့်ဇလုံတလုံး မှောက်ထားသလို ဖြစ်နေတာကြောင့် အခုအခါ ဇလုံတောင်လို့ အမည်တွင် လာတာပါ။
တပို့တွဲ၊ တပေါင်း၊ တန်ခူး စတဲ့ ပွင့်လင်းရာသီကာလတွေမှာ တောင်ပေါ်အထိ ကားတွေနဲ့ တက်ရောက်နိုင်ပေမယ့် အခုလို မိုးတွင်းကာလမှာတော့ (မိုးမရွာတဲ့နေ့တွေမှာ) ဆိုင်ကယ် တမျိုးတည်းကိုသာ သုံးပြီး တက်ရောက်နိုင်ပါတယ်။ မိုးရွာရင် တောင်ပေါ်လမ်းဖြစ်လို့ (လမ်းလည်း သိပ်မကောင်းလို့) မသွားသင့်ပါဘူး။ ခြေကျင်းဝတ်လောက်အထိ မြုပ်တဲ့ တောင်ကျချောင်းတွေကို ဖြတ်ကျော်ရမှာမို့ မိုးသည်းရင် ဖြတ်ဖို့မလွယ်လှပါဘူး။ တောင်တက်လမ်းက မြေသားလမ်းသာဖြစ်ပြီး သဲဆန်တဲ့မြေ၊ ဂဝံဆန်တဲ့မြေ၊ ရွှံ့စေးဆန်တဲ့ မြေတွေ မျိုးစုံ တွေ့ရပါတယ်။ တချို့နေရာတွေရဲ့ ဖို့မြေတွေက အသားမသေသေးဘူး။
ဒါ့ထက် လမ်းခရီးတလျှောက် လူနေထိုင်တဲ့ ကျေးရွာရယ်လို့ မရှိတဲ့အတွက် သွားလာတဲ့အခါမှာ မိမိ ဆိုင်ကယ် ကောင်းဖို့လိုသလို စားသောက်စရာတွေပါ ကိုယ်နဲ့ တပါတည်း ယူဆောင်သွားဖို့ လိုပါလိမ့်မယ်။
စမ်းရေစီးသံ၊ ကျေးငှက်သာရကာတွေရဲ့တေးသီသံတွေက စိတ်ကြည်နူးစရာကောင်းလှတဲ့အပြင် အောက်ချင်း ငှက်၊ ဒေါင်းငှက်၊ စွန် တို့ ပျံသန်းနေကြတာဟာလည်း စိတ်ကြည်နူးစရာ မြင်ကွင်းတခုလို ဖြစ်လို့နေပါတယ်။ ဒါ့အပြင် တောပန်း၊ တောင်ပန်းရနံ့တွေကလည်း သင်းပျံ့လို့ပါ။ တောဝက်၊ ချေ၊ ဆတ်၊ ဝက်ဝံ၊ မျောက်၊ တောင်ဆိတ် စတဲ့ တောရိုင်းတိရစ္ဆာန်တွေ တောတွင်းမှာ ကျက်စားကြတာပါ။ ဝက်ဝံနဲ့ တောဝက်တွေက မျှစ်ပေါတဲ့ မိုးဦးကာလမှာ ကားလမ်းအနီးထိ ရောက်လာလေ့ ရှိပါတယ်။ မျောက်တွေဆိုရင် ကားလမ်းအနီးက သစ်ပင်တွေပေါ်မှာတင် အလွယ်တကူ မြင်တွေ့ရနိုင်ပါတယ်။
ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက “ဇလုံတောင်ဒေသကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေချင်တယ်။ ဇလုံတောင်ရှိရာနေရာကိုလည်း နန့်ခေါင်ဟူး ကြိုးဝိုင်းအဖြစ် သတ်မှတ်ထားတယ်။ ဧက ၅၃၀၀၀ ကျော်တယ်။ ဒီဒေသက ဆန်ရယ်၊သစ်ရယ်၊ ရွှေရယ် ထွက်တာ။ သဘာ၀ အခြေခံ ခရီးသွားဖွံ့ဖြိုးရင် မြို့လူထုအတွက်လည်း အဆင်ပြေနိုင်တယ်” လို့ဆိုပါတယ်။
အခုလို မိုးတွင်းကာလမှာတော့ ဇလုံတောင်ကို သွားတဲ့သူ နည်းပါးပါတယ်။ ဇလုံတောင်က နန့်ခေါင်ဟူး သစ်တောကြိုးဝိုင်းအတွင်းမှာ သီးသန့်တည်ရှိနေတာမဟုတ်ပဲ ကန့်လန့်တောင်၊ လေသာတောင်တို့နဲ့ ဆက်စပ်တည်ရှိနေတာပါ။ တောင်တက်တောင်ဆင်းတွေက အင်္ဂလိပ် အက္ခရာ “ဗီ” ပုံသဏ္ဌန်ဖြစ်ပြီး ဆင်ခြေလျှောတွေနဲ့ မက်စောက်ပါတယ်။ မိုးတွင်းကာလတွေမှာ တောင်ပြို၊ မြေပြို အန္တရာယ်ကြုံတွေ့ရနိုင်ပါ တယ်။ လမ်းခရီးမှာ ရေတံခွန်လေးတွေလည်း တွေ့ရနိုင်ပါတယ်။ ဗန်းမောက်မြို့တွင်းက ဆိုင်ကယ်တက္ကစီတွေနဲ့ သွားလို့ရပြီး ငှားရမ်းခက အသွားအပြန်ခရီးအတွက် ကျပ်၂၀၀၀၀ (နှစ်သောင်း) ဝန်းကျင် ကုန်ကျနိုင်တယ်။ ပွင့်လင်းရာသီမှာတော့ ဗန်းမောက်မြို့တွင်းကနေ ဇလုံတောင်အထိ လိုင်းကားနေ့စဉ် ပြေးဆွဲပါတယ်။
ပွင့်လင်းရာသီတွေမှာတော့ တောလမ်းခရီးကို ခြေလျင်လျှောက်လိုသူတွေ အကြိုက်တွေ့နိုင်တယ်။ လျှိုမြောင် စိမ့်စမ်းတွေကို ဖြတ်သန်းသွားရတဲ့ ခရီးက ဘဝအမောတွေ အထိုက်အလျှောက် ပြေလျော့စေမှာ ဖြစ်ပါတယ်။ တောပန်းတောင်ပန်းတွေက စိတ်ကို လန်းဆန်းစေပါတယ်။ မိုးထိမြင့်မားတဲ့ သစ်ပင်မြင့်မြင့်ကြီးတွေနဲ့အတူ ထောက်ကြံ့၊ အင်ကြင်း၊ ပိတောက်၊ တမလန်း၊ သစ်ရာ၊ ကညင်၊ အင်၊ သစ်မင်းနဲ့ ဝါးအမျိုးမျိုးတို့ ပေါက်ရောက်ပါတယ်။ ဇလုံတောင်ဒေသကို သွားတဲ့အခါ အနက်ရောင် အဝတ်အထည်နဲ့ အသုံးအဆောင်တွေ ယူသွားရင် အန္တရာယ်နဲ့ ကြုံတွေ့လေ့ရှိတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
ခြေကျင်းဝတ်လောက်မြုပ်တဲ့ တောင်ကျချောင်းလေးတွေ အများအပြားကို လမ်းခရီးမှာ ကျော်ဖြတ်ရပါတယ်။ လမ်းခုလတ် စမ်းချောင်းအနီးမှာ ရေကစားနေတဲ့ သစ်ထုတ်လုပ်ရေး ဆင်စခန်းက ဆင်မိသားစုကိုကြည့်ရင်း တောတွင်းသဘာ၀ ဆင်တွေ နေထိုင်ပုံကို ခရီးသွားဟန်လွှဲ လေ့လာမိလိုက်ပါသေးတယ်။
မိုင်တိုင်အမှတ် ၁၄ ရောက်တဲ့အခါ ပြန့်ပြူးတဲ့မြေပြင်နဲ့ တယ်ပင်မြင့်မြင့်တွေက ဆီးကြိုနေမှာပါ။ အဲဒီ တယ်ပင်စခန်းမှာ ဝါးတိုင်တွေကို တိုင်ထူထားပြီး သက်ကယ်မိုးထားတဲ့ တဲတန်းရှည်ဆိုင်ခန်းတွေရှိပေမယ့် ပွင့်လင်းရာသီ မဟုတ်လို့ ဆိုင်တွေအားလုံးပိတ်ထားတာပါ။ တ
ယ်ပင်စခန်းရောက်ရင် ကိုးခန်းဇရပ်မှာခေတ္တခဏ နားနေနိုင်ပါတယ်။ အဲဒီစခန်းက သွပ်မိုး ပျဉ်ကာ တထပ်အဆောက်အဦးဖြစ်ပြီး သံဃာတော် အနည်းငယ်လည်း သီတင်း သုံးပါတယ်။ ယခုလက်ရှိ ဆရာတော် ဦးဒေဝိန္ဒတပါးသာ သီတင်းသုံးနေထိုင်တယ်။ ဆရာတော် ဦးဒေဝေဒ က “ကျုပ်လည်း တောင်ပေါ်(ဇလုံတောင်ပေါ်) နဲ့ တောင်အောက်(တည်ပင်စခန်း) သွားနေရတာပဲ။ တယ်နှစ်တွေလာပြီး ဖောက်ကြတဲ့သူတွေက ရှိတယ်။ အခုလို မိုးတွင်းဆိုရင် အလှူရှင်တွေ လှူထားတာလေး တွေ ခြိုးခြံစားနေရတာပဲ” လို့ မိန့်ပါတယ်။
တယ်ပင်စခန်းက လှမ်းမျှော်ကြည့်လိုက်ရင် ဇလုံတောင်ထိပ်မှာ ရွှေရောင်ဝင်းဝင်း စေတီတော်ကို ဖူးတွေ့ ရနိုင်ပါတယ်။ ဇလုံတောင် စေတီအနီးမှာ တောင်ပေါ်ဘုန်းတော်ကြီးကျောင်းရှိပြီး သံဃာတော်အနည်းငယ် သီတင်းသုံးနေထိုင်ကြတာပါ။ နှစ်စဉ် နှစ်ဆန်း (၁) ရက်နေ့တိုင်း ဒုလ္လဘပွဲရှိပြီး ဒေသခံတွေသာမက အခြားမြို့ရွာတွေကပါ ဒုလ္လဘ လာဝတ်ကြသူတွေရှိပါတယ်။ မနှစ်က ဒုလ္လဘသံဃာ အပါး ၅၀ နဲ့ သီလရှင် ၁၅ ပါး လာရောက်ဝတ်ခဲ့ကြပါတယ်။ စေတီတော်ရဲ့ တောင်ဘက် ၂ မိုင်အကွာမှာ တောင်ထိပ် ကျောက်ဖျာကြီးပေါ်မှာ တည်ထားကိုးကွယ်တဲ့ ကျောက်မဏ္ဍပ် ဘုရားတည်ရှိတယ်။ ကျောက်မဏ္ဍပ် ဘုရားကိုလည်း ဆိုင်ကယ်နဲ့ သွားရောက် ဖူးမြော်နိုင်ပါသေးတယ်။
မိုးတွင်းကာလဆိုပေမယ့် ရာသီဥတု ကြည်ကြည်လင်လင် ရှိတဲ့နေ့တွေမှာ ဘုရားဖူးရင်း အပန်းဖြေ ခရီးအဖြစ် လည်း သွားချင်ကြတယ်ဆိုရင် ဗန်းမောက်မြို့က ဇလုံတောင်ကို သွားရောက်လည်ပတ်ဖို့ ညွှန်းဆိုချင်ပါတယ်။ သဘာ၀ အရိုင်းဆန်ဆန် လှနေတဲ့ ဇလုံတောင်ကို ခရီးသွားတွေ အသွားအလာကျဲနေသေးလို့ သဘာ၀ ပတ်ဝန်းကျင် မပျက်စီးသေးဘူးလို့ ဆိုရပါမယ်။ မြို့ပြရဲ့ မွန်းကျပ်မှုတွေအောက်က ဖြေဖျောက်ဖို့ရာ တောတွင်းခရီးတစ်ခုလို့ ဆိုချင်ပါတယ်။