မော်ဒယ်က ပြည်တွင်း ဈေးကွက်မှာ သူ့ရဲ့ ပြိုင်ဖက်တွေကို အနေနဲ့ ဆိုရင် Honda Civicတို့ Toyota Beltaတို့လို ဈေးသိပ်မကွာတဲ့ မော်ဒယ်တွေ ရှိနေမှာပါ။ တပ်ဆင် အင်ဂျင်၊ အရည်အသွေး၊ စွမ်းဆောင်ရည် မကွာလှတဲ့ အနေ အထားပါ။
ဒါပေမယ့် Civicက ရုပ်ထွက်လှတယ်၊ Beltaကျစ်လစ်ပြီး စွမ်းဆောင်ရည်ကောင်းတယ်၊ ဒီလိုနဲ့ ဈေးကွက် နေရာတွေ ရထားသလို အခု Latioကလည်း အတွင်းခန်း ကျယ်ဝန်းမှုကြောင့် လူကြိုက်များပါတယ်။ ရှေ့ပိုင်း ဈေးကွက်ဝင်ချိန်မှာတော့ Latioက အရောင်ပိုင်းမှာက အစ ဇိမ်ခံ မော်ဒယ်တွေရဲ့ အရောင်မျိုး ဇီးရောင် တ မျိုးတည်းပဲ အများဆုံး ဝင်တာကြောင့် ပြည်တွင်းမှာ လူသိပ်မကြိုက်ပါဘူး။
ဒါပေမယ့် အဲဒီကတည်းက မော်ဒယ်မြင့် အနေအထားနဲ့ ဈေးကွက်ဝင်တာဖြစ်လို့ ဝယ်လက်တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဖြူ အပါအဝင် အနက်ရောင်တွေနဲ့ အရောင်ပိုင်း ရွေးချယ်နိုင်မှု အားကောင်းကောင်း ဈေးကွက်ဝင်လာသလို တစ်ဖက်ကလည်း ရုပ်ထွက်ပိုင်းမှာ အနည်းငယ် ပြင်ဆင်လာတာကြောင့် ဆွဲဆောင်မှု ကောင်းလာပြီး လူကြိက်များလာတာ တွေ့ရပါတယ်။
၁ ဒသမ ၂လီတာသုံး အင်ဂျင်စနစ်ကို တပ်ဆင်ထားတာ ဖြစ်ပြီး မြို့တွင်းသုံး မော်ဒယ် အနေနဲ့ အသင့်တော် ဆုံးပါပဲ။ ခရီးဝေး မောင်းနှင်မှုတွေ အတွက်လည်း သုံးမယ်ဆိုရနိုင်ပေမယ့် ၁ ဒသမ ၃လီတာသုံးနဲ့ အထက် ဝန်းကျင်တွေကပဲ စိတ်ကြိုက်မောင်းနှင်နိုင်ဖို့ ပိုကောင်းမှာပါ။ မော်ဒယ်ခွဲ အနေနဲ့တော့ Gတစ်မျိုးတည်းပဲ ဈေးကွက်မှာ အတွေ့ရများပြီး မောင်းနှင်ပြီး ကီလို ၁သောင်းခွဲ ဝန်းကျင်လောက်နဲ့ကို ရနိုင်နေတာပါ။
ဒါဟာ တခြား မော်ဒယ်တွေထက် လူကြိုက်များ၊ စိတ်ချရသွားစေတဲ့ အချက် ဖြစ်ပြီး မောင်းနှင်ရမှု အပိုင်း မှာလည်း Autoနဲ့ သွားမယ်၊ ညာမောင်း ပုံစံနဲ့ ရနိုင်မယ်၊ ဓါတ်ဆီသုံး အင်ဂျင်ဖြစ်မယ်၊ Smart Keyနဲ့ သုံးရမယ်၊ အတွင်းခန်း တပ်ဆင် ပစ္စည်း အပြည့်အစုံပါမယ်၊ Oriပစ္စည်း အများဆုံး ဖြစ်မယ်၊ Air-Con ကောင်းမယ်၊ အသက်ကယ် လေအိတ်စနစ် လေးလုံးပါမယ်၊ အပြစ်အနာအဆာကင်းမယ်၊ အောက်ပိုင်း ကိုင်ပြီးသား ဖြစ်မယ်၊ ဒါတွေက တော်တော်လေး ပြန်လှည့်ကြည့်စရာ မလိုစေတဲ့ အချက်တွေ ဖြစ်လာပါတယ်။
၂၀၁၀ခုနှစ်ဝန်းကျင်ထုတ် မော်ဒယ်တွေဆိုရင်တော့ အရောင်အပိုင်းမှာ အဖြူ၊ အနက်ရယ် ရဖို့ ခက်ပေမယ့် အခု ပြောနေတဲ့ ၂၀၁၂ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေဆိုရင်တော့ စိတ်ကြိုက်ရွေးလာနိုင်ပါပြီ။ နောက်တချက် ရှေ့ထွက် မော်ဒယ်တွေရဲ့ ကိုယ်ထည်ပိုင်းမှာ နောက်ဖက် ခရီးသည်ခန်းရဲ့ အရပ်ကို မြင့်အောင် ရည်ရွယ်ပြီး ပုံမှန်ထက် မြှင့်ထားပါတယ်၊ ဒါက ရုပ်ထွက် ကြည့်မကောင်းစေပါဘူး။ ပြောရရင် မပြေပြစ်ပါဘူး။
ဒီပြစ်ချက်ကို အခု ၂၀၁၂ခုနှစ်နဲ့ နောက်ပိုင်း မော်ဒယ်တွေမှာ ပြင်ဆင်လာတာ တွေ့ရပါတယ်။ ဇိမ်ခံ ဆီဒင် ပုံစံ ချိုးဆစ်လာပြီး Sportတွေရဲ့ အခြေခံ ဖန်တီးမှုမျိုး တွေ့လာရပါတယ်။ ဒါကြောင်းလည်း ဈေးနှုန်းပိုင်းအရ Axioလို မော်ဒယ်နဲ့ ပြိုင်ဖက်ဖြစ်လာခဲ့ပြီး ၂၀၁၂ခုနှစ်ထုတ် အဖြူ၊ အနက် ကီလို ၁သောင်းခွဲ ဝန်းကျင်ကို ခေါ်ဈေး ၁၇၅သိန်းလောက် ဖြစ်လာပါတယ်။ ဒါပေမယ့်Axioတွေ လူကြိုက်ပိုများနေတာ တစ်ချက်က မော်ဒယ်ကို ဈေးမာဖို့တော့ ခက်စေပါတယ်။ တစ်ခုရှိတာက သိန်း ၁၇၀ ဝန်းကျင်ဆို Axioတွေက ၂၀၁၀မော်ဒယ်လောက်ပဲ ရနိုင်ပြီး အခု ၂၀၁၂ခုနှစ်ထုတ် မော်ဒယ်ရလာမှာ ဖြစ်လို့ ဈေးအရမ်း မနှိမ်မိဖို့တော့ လိုအပ်ပါလိမ့်မယ်။