ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ရုံတင်လာတဲ့ ရုပ်ရှင်ကားကြီးက နာမည်နဲ့တင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒါကတော့ ခိုးဆိုးလုနှိုက် ဆိုတဲ့ ဇာတ်ကားပါ။
နာမည်ကြောင့်ပဲလားတော့မသိ ရုံမတင်ခင်ကတည်းက ပရိသတ် စိတ်ဝင်စားခြင်းခံနေရတဲ့ ရုပ်ရှင်ကားကြီးတကားလည်းဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ဇာတ်ကားကြီးဟာ သရုပ်ဆောင် မိုးဟေကိုရဲ့ မိုးထုတ်လုပ်ရေး ကနေ ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ကျူးကျော်ရပ်ကွက်ထဲမှာ ကြီးပြင်းလာတဲ့ အောင်ဝမ်း၊ နီတွတ်၊ ဆံပြာ၊ ဂျစ်တူးတို့ သူငယ်ချင်း လေးယောက်က ကြီးပြင်းလာတဲ့အခါ အတွဲညီညီ ခိုးဆိုးလုနှိုက်တဲ့ အလုပ်ကို လုပ်ကိုင်ကြပါတယ်။ ခိုးဆိုးလုနှိုက် တင်မကဘဲ ဉာဏ်များပြီး လိမ်လည်တတ်တဲ့ သူတို့အဖွဲ့က သေမထူးနေမထူး ဆိုးကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ အောင်ဝမ်းက ပိုက်ဆံရှိတဲ့ သူဌေးသမီး နှင်းဆီနီနဲ့ ချစ်ကြိုက်တဲ့အခါ မိဘက သဘောမတူဘဲ သူတို့နှစ်ယောက်ရဲ့ ဘ၀ ကွာခြားမှုတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုပညာပေးပြီး ရိုက်ကူးထားတယ်ဆိုတာ ယခု ရုံတင်ပြသနေတဲ့ ခိုးဆိုးလုနှိုက် ဇာတ်ကားကြီးမှာ တွေ့မြင်ရမှာပါ။
ဒီ ဇာတ်လမ်းကို တကယ့်ကျူးကျော်ရပ်ကွက်မှာ သွားရောက်ရိုက်ကူးထားပြီး ဘဝသရုပ်ဖော်ထားတဲ့ဇာတ်ကား စစ်စစ် ဆိုရင်လည်းမမှားပါဘူး။ အခြေခံလူတန်းစားတွေရဲ့ ဘဝတွေ၊ ဒုက္ခတွေကို လက်တွေ့ကျကျ ပုံဖော်ထားပြီး မိဘတွေ အနေနဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းက ဆိုဆုံးမမှုမရှိတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာ တွေကို အသိပညာပေးထားတဲ့ ဒီဇာတ်ကားဟာ ရုံမတင်ခင်ကတည်းက လူငယ်ပရိသတ်တွေ စိတ်ဝင်စား နေကြတာလည်း ဖြစ်ပါတယ်။

အောင်ဝမ်းအဖြစ် မြင့်မြတ်၊ နီတွတ်အဖြစ် ခင်လှိုင်၊ ဆံပြာအဖြစ် ထွန်းထွန်း၊ ဂျစ်တူးအဖြစ် နေဒွေး၊ နှင်းဆီနီ အဖြစ် သင်ဇာဝင့်ကျော် တို့က ပါဝင်ထားကြပြီး ဒါရိုက်တာကတော့ စတီးလ်(ဒွေးမေတ္တာ) ပဲဖြစ်ပါတယ်။
“ချစ်သူဆိုတာ ဘုရားကပေးတဲ့အပြစ်ဒဏ်၊ သူငယ်ချင်းဆိုတာကတော့ ဘုရားက ပေးတဲ့ဆုလာဒ်” “ဆိုးချင်ဆိုးမယ် မိုက်ချင်မိုက်မယ် ဒါပေမယ့်မယုတ်မာဘူး” “သူဌေးလည်း သေရင်မြေမြှပ်ရမှာပဲ” စတဲ့ စကားလုံးတွေနဲ့ ပုံဖော်ထားတဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၁၅ ရက်က စတင်ပြီး ရန်ကုန်မြို့ရှိ သမ္မတ၊ သွင်၊ မင်္ဂလာ၊ စံပြ စတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသနေပြီး မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ထားဝယ် အစရှိတဲ့ မြို့ကြီး တွေမှာလည်း တပြိုင်နက်တည်း ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။