“ငါသည်အောင်ဆန်း” ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းပြဇာတ်ကို ဇာတ်မင်းသားဖိုးချစ်က မနက်ဖြန်မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရအဖြစ် ယနေ့ နှင့် မနက်ဖြန် ၂ ရက်တိုင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကပြဖျော်ဖြေမယ်လို့ သိရပါတယ်။
ဒီ “ငါသည်အောင်ဆန်း” ပြဇာတ်ကို ဗိုလ်ချုပ်မွေးနေ့ အမှတ်တရအဖြစ်လည်း ဖေဖော်ဝါရီလအတွင်းက ကပြ ဖျော်ဖြေခဲ့ဖူးပြီး အဲ့ဒီကာလတွေတုန်းကလည်း လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။
ယနေ့ည ကပြဖျော်ဖြေမယ့် “ငါသည်အောင်ဆန်း” ပြဇာတ်နဲ့ ပတ်သက်ပြီး ဖိုးချစ်သဘင်ရဲ့တာဝန်ရှိသူ ကိုမျိုးမင်းထိုက်က “ကျနော်တို့ ပြဇာတ်ကို အရင်ပြဇာတ်အတိုင်း ကပြပါမယ်။ နည်းနည်းလေးတော့ ပြောင်းထားတယ် ထပ်ဖြည့်လိုက်တဲ့သဘောပေါ့။ ဥပမာပြောရရင် ဦးစောကို ကြိုးပေးလိုက်တဲ့အခန်းတွေ ထပ်ဖြည့်ထားတယ်။ ကပြ ဖျော်ဖြေချိန်က အရင်အတိုင်း သုံးနာရီ နီးပါး ပါပဲ။ ပြီးရင်တော့ ဖိုးချစ်က နှစ်ပါးသွားကိုလည်း ခဏ ဖျော်ဖြေ ပေးဦးမှာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
အဆိုပါ ပြဇာတ်ရဲ့ ဇာတ်ညွန်း ဒါရိုက်တာမှာ အကယ်ဒမီ မောင်ယဉ်အောင် (မြို့တော်) ဖြစ်ပြီး ပြဇာတ်ကို ကပြ ဖျော်ဖြေ တင်ဆက်ရတဲ့ ရည်ရွယ်ချက်ကလည်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအားကျပြီး တိုင်းပြည်ကို ကာကွယ်လိုတဲ့၊ တိုင်းပြည်ကို ချစ်တဲ့လူငယ်များစွာ ပေါ်ထွက်လာစေချင်တဲ့အတွက်ပဲ ဖြစ်တယ်လို့ ကိုမျိုးမင်းထိုက်က ဆိုပါတယ်။
“ငါသည်အောင်ဆန်း” ပြဇာတ်ကို ပထမဆုံးအကြိမ်ကပြ တင်ဆက်ဖို့ စီစဉ်တဲ့အခါမှာလည်း အနုပညာဦးစီးဌာနက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု ခွင့်ပြုချက် ရယူပြီးမှ ကပြဖျော်ဖြေခွင့်ကို ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီတခေါက် ကပြ ဖျော်ဖြေမှာနဲ့ ပတ်သက်ပြီး ကိုမျိုးမင်းထိုက်က “ကျနော်တို့ ဒီတခေါက်လည်း ဆိုင်ရာဆိုင်ရာတွေ ဆီက ခွင့်ပြုချက် တောင်းရတယ်။ နယ်မြေတွေရော ခန်းမဆိုင်ရာတွေရော ဌာနဆိုင်ရာတွေရော အကုန် ထပ်တောင်းရတယ်။ ဒါပေမယ့် အခုက ခန်းမအတွင်းမှာ ပြဇာတ်တိုက်နေတဲ့ ကျနော ်တပည့်လှမ်းပြောတာတော့ အဲဒီဘက်က ကျနော်တို့ဆီမပြောဘဲ ဈေးဆိုင်ခန်းတွေတော့ ချနေတယ်ပြောတယ်။ ကျနော်တို့က နှစ်ညကပြဖို့ အဲဒီဘက်ကို ၅၇ သိန်း သွင်းထားရပါတယ်” လို့ ပြောပါတယ်။
ယနေ့ည ကပြမယ့် ထိုင်ခုံလက်မှတ်အားလုံးပေါင်း ၁၄၀၀ ကျော် ရောင်းချပြီး ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများ ကို ၅ ထောင်၊ ၁ သောင်း နဲ့ ၁ သောင်းခွဲ သတ်မှတ်ရောင်းချပေးမယ်လို့ သိရပါတယ်။