လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ အင်္ဂါနေ့မှာကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လူငယ်တချို့က သူတို့တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပါဝင် လှုပ်ရှားသွားကြမယ့် လူငယ်တွေအနေနဲ့ ဘယ်လို ပုံစံမျိုးတွေနဲ့ အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုကြမလဲဆိုတာ ဧရာဝတီသတင်းထောက် သီဟတိုးနဲ့ ထက်ဦးဝေ တို့က မေးမြန်းထားပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည် (လူငယ်ရေးရာ တက်ကြွလှုပ်ရှားသူ)
၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ဝါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်ခဲ့သော လူငယ်ရေးရာ လှုပ်ရှားသူများကို အမေရိတန်သမ္မတကတော် မီရှဲလ်အိုဘားမားက ပေးအပ်တဲ့ ဂုဏ်ပြုလွှာအား လက်ခံရယူခဲ့သူ အမျိုးသမီး လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ သဉ္ဇာရွှန်းလဲ့ရည်က အာဇာနည်နေ့ နံနက်ပိုင်းမှာ ဘာသာပေါင်းစုံပါဝင်မယ့် လူငယ်များစုပေါင်းပြီး ဝန်ကြီးများရုံးကို ချီတက်အလေးပြုကြဖို့ ရှိတယ်လို့သိရပါတယ်။
“အဲ့ဒီနေ့မနက်ပိုင်းမှာ ဝန်ကြီးများရုံးကို စုပေါင်းချီတက်ပြီး အလေးပြုမယ်။ ပြီးရင် ကဗျာတွေ၊ စာတွေ ရွတ်ဖတ်ကြမယ်။ ဘာသာခြား လူငယ်တွေလည်း ပါမယ်။ အဓိက ကတော့ ကျဆုံးသွားတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ လူမျိုးခြားတွေလည်း ပါတယ်လေ။ အဲ့ဒီတော့ သူတို့အားလုံးကို တပြေးညီတည်း ဘာသာမတူတဲ့ လူငယ်တွေကပါ အလေးပြုကြတဲ့ သဘောပါ” လို့ မသဉ္ဇာရွှန်းလဲ့ရည်က ဧရာဝတီကို ပြောပါတယ်။
ကိုအောင်ဇင် (Myanmar Youth Capacity Building Network ဥက္ကဋ္ဌ)
Myanmar Youth Capacity Building Network အဖွဲ့ကို ၂၀၁၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ ကိုအောင်ဇင်က အာဇာနည်နေ့မှာ အဖွဲလိုက် အာဇာနည်ကုန်းကို သွားရောက်လေ့လာဖို့ ရှိမယ်လို့ သိရပါတယ်။
“အာဇာနည်နေ့ကျရင် ကျနော်တို့ အဖွဲ့အနေနဲ့ မနက်ပိုင်းမှာ အာဇာနည်ကုန်းကို အရင်သွားမယ်၊ အာဇာနည်ကုန်းမှာ ပန်းခွေချလို့ ရမရ၊ နှစ်တိုင်းကတော့ လုံခြုံရေး အခြေအနေအရ ချလို့မရတာ များတယ်။ အဲဒီတော့ ကျနော်တို့ အာဇာနည်ကုန်းကို သွားပြီး အလေး ပြုမယ်။ ပြီးတော့ ဒီနှစ်က ပြောင်းလဲတာလေးတွေ တွေ့ရတယ်။ “အာဇာနည် ဂူဗိမာန်” ဆိုရင်လည်း အသစ်လုပ်ထားတာ တွေ့ရတယ်၊ အဲဒီမှာ သွားလေ့လာမယ်” လို့ ကိုအောင်ဇင်က ဧရာဝတီကို ပြောပါတယ်။
သူကဆက်ပြီး “ဝန်ကြီးများရုံးကလည်း အဲဒီနေ့မှာ ဝင်ခွင့်ပြုထားတဲ့အတွက် ဝန်ကြီးများရုံးကို သွားမယ်။ အဲဒီကနေ တဆင့် ဗိုလ်ချုပ်ပြတိုက် (ဗိုလ်ချုပ်အောင်ဆန်း နေအိမ်) ကိုသွားမယ်။ ပြီးရင် ဗိုလ်ချုပ်ပြတိုက် အနီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုရှိတဲ့ဆီ သွားပြီး ပန်းခွေချမယ်။ အလေး ပြုမယ်။ အဲဒါပြီးရင် တာမွေမှာရှိတဲ့ ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးရဲ့ အုတ်ဂူဆီသွားပြီး အလေးပြုမယ်။ အဲဒီအစီအစဉ်တွေ ရှိပါတယ်။ ခါတိုင်းနှစ်တွေလည်း နှစ်စဉ်နှစ်တိုင်း သွားပါတယ်၊ ဒီနှစ်နဲ့ဆို ၃ နှစ် ရှိပါပြီ။ ကျနော်တို့ အဖွဲ့အစည်းက ကျနော် အပါအဝင် လူငယ်တွေချည်းပဲ အယောက် ၂၀ သွားကြ မှာပါ” လို့ အာဇာနည်နေ့ အစီအစဉ်ကို ပြောပြပါတယ်။
အာဇာနည်နေ့အပေါ် စိတ်သဘောထား ခံယူချက်ကိုတော့ “ကျနော်တို့ ‘အာဇာနည်’ဆိုတာ စွန့်လွှတ် အနစ်နာခံမှသာလျှင် ဖြစ်ပေါ်လာတဲ့ လူပုဂ္ဂိုလ်ပေါ့။ အဲဒီတော့ စွန့်လွှစ် အနစ်နာခံပြီးတော့ အာဇာနည် ဖြစ်လာတဲ့ လူပုဂ္ဂိုလ်တွေကို ကျနော်တို့အနေနဲ့ လေးစားတယ်။ သူတို့ကို ဂုဏ်ပြုတဲ့ အာဇာနည်နေ့ကို ကျနော်တို့က လေးလေးစားစားနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အလေးပြုမယ်” လို့ ဆိုပါတယ်။
Myanmar Youth Capacity Building Network ဥက္ကဌ ကိုအောင်ဇင်ဟာ ၂၀၁၅ ရွေးကောက်ပွဲ ကာလမှာလည်း ရွေးကောက်ပွဲ ပညာပေးအစီအစဉ်တွေ ပြုလုပ်ခဲ့ပြီး ယခု လက်ရှိမှာ ဥပဒေ ကျောင်းသားတွေ စုပြီး ရွေးကောက်ပွဲခုံရုံးမှာ ရွေးကောက်ပွဲအမှုတွေ သုတေသန ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ကိုရဲရင့်ဟိန်း (ခဲပန်းချီရေးဆွဲသူ၊ 3 Pencils)
“3 Pencils” အဖွဲ့ဟာ ပြီးခဲ့တဲ့ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် မွေးနေ့တုန်းက ဗိုလ်ချုပ်ပုံကို ခဲပန်းချီရေးဆွဲခဲ့တဲ့ လူငယ်အဖွဲ့ထဲမှ အဖွဲ့ဝင်တဦးဖြစ်သူ ကိုရဲရင့်ဟိန်းက လာမယ့် အာဇာနည်နေ့ကို အဖွဲ့အနေနဲ့မဟုတ်ဘဲ တကိုယ်တော် ဂုဏ်ပြုသွားဖို့ရှိတယ်လို့ သိရပါတယ်။
“အဖွဲ့အနေနဲ့တော့ လုပ်ဖြစ်မှာမဟုတ်ဖူး။ ကျနော်တယောက်တည်း အနေနဲ့တော့ အာဇာနည်ကိုးယောက်ရဲ့ ပုံတွေကို ကြက်ဥပေါ်မှာ ဓားနဲ့ခြစ်ပြီး ပုံဖော်ဖြစ်မယ်” လို့ ကိုရဲရင့်ဟိန်းက ဧရာဝတီကို ပြောပါတယ်။
“3 Pencils” အဖွဲ့ စတင်ခဲ့တဲ့ကာလက စတင်ပြီး အထိမ်းအမှတ်ပုံအဖြစ် သီတင်းကျွတ်လပြည့်နေ့က မြတ်စွာဘုရားပုံတူ 3D ခဲပန်းချီကိုလည်းကောင်း၊ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ပုံတူ 3D ခဲပန်းချီကိုလည်းကောင်း ရေးဆွဲဖြစ်ခဲ့တာပါ။
၎င်းအဖွဲ့ဟာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် 3D ခဲပန်းချီ ပုံတူကို ရေးဆွဲခဲ့ပြီး သူတို့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ဖေဖော်ဝါရီ ၁၃ ရက်မှာ တင်ခဲ့တာကြောင့် လူအများစိတ်ဝင်စားခြင်းခံခဲ့ရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
ကိုဇွဲရန်နိုင် (အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ)
အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူ ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၅ ခုနှစ်အတွင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အသင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုဇွဲရန်နိုင်က အာဇာနည်နေ့မှာ အဖွဲအနေနဲ့ လိုအပ်လို့ ကူညီစရာရှိရင်တော့ ဝိုင်းဝန်းကူညီဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
“ကျနော်ကတော့ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူ ဖွံ့ဖြိုးရေးအသင်း အဖွဲ့အနေနဲ့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး လတ်တလောအားဖြင့် ထွေထွေထူးထူး လှုပ်ရှားမှုမျိုး မရှိပါဘူး။ အဖွဲ့ အနေနဲ့ ဆိုရင်တော့ လိုအပ်လို့ ကူညီစရာတွေရှိရင်တော့ ဝိုင်းဝန်းကူညီပေးဖို့ အစီအစဉ်ပဲရှိပါတယ်” လို့ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ဧရာဝတီကို ပြောပါတယ်။
သူက ဆက်ပြီး “ကျနော် ပုဂ္ဂိုလ်ရေး အရကတော့ မြန်မာနိုင်ငံသားတယောက်အနေနဲ့၊ တိတိကျကျ ပြောရရင် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ရယူပေးခဲ့တဲ့ မြန်မာနိုင်ငံမှာနေတဲ့ နိုင်ငံသားတယောက် အနေနဲ့ တာဝန်တခုလို မသတ်မှတ်ဘဲ တကယ်နှလုံးသားထဲက ပါဝင်ပြီးတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို သွားပြီး အလေးပြုမယ်။ အာဇာနည်ဂူဗိမာန်ကိုသွားပြီး အလေးပြုမယ်။ အတွင်းဝန်ရုံးတို့၊ ဗိုလ်ချုပ်ပြတိုက်တို့ကို သွားပြီး ဗိုလ်ချုပ်လုပ်ခဲ့တဲ့ အရာတွေကို သွားရောက် လေ့လာမယ်။ အဲဒီလို လုပ်ဖို့ ကျနော် စဉ်းစား ထားပါတယ်။ နှစ်တိုင်းလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျနော် သွားရောက် ဖြစ်ပါတယ်” လို့ အာဇာနည်နေ့ အစီအစဉ်အပေါ် သူက ပြောပါတယ်။
“အာဇာနည်နေ့” အပေါ် သူ့အမြင်က “အလေးပြုရုံနဲ့ မပြီးပါဘူး။ နောက်လာနောင်သားတွေ၊ လူငယ်လူကြီးတွေ အားလုံး အာဇာနည်ခေါင်းဆောင်ကြီးတွေကဲ့သို့ စိတ်ဓာတ်မျိုးတွေနဲ့ နိုင်ငံတော်ရဲ့ တည်ဆောက်ရေး ကဏ္ဍတွေမှာ ကျနော်တို့ အဖက်ဖက်ကနေ ဝိုင်းဝန်းပါဝင်တည်ဆောက်ပေးဖို့ လိုတယ်လို့ ကျနော် ထင်တယ်” လို့ သူကဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူ ဖွံ့ဖြိုးရေးအသင်းအနေနဲ့ ရန်ကုန်မြို့တွင်း ဖြစ်ပွားလျက်ရှိသော အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်များကို ၂၄ နာရီ အခမဲ့ ကူညီထောက်ပံ့ပေးလျက်ရှိပြီး မြန်မာနိုင်ငံတွင်း သဘာဝဘေးအန္တရာယ်များအတွက် ကူညီလှှုဒါန်းများကိုလည်း လစဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။