မြန်မာတွေ စည်းကမ်းပိုင်းမှာ အားနည်းနေသေးတယ်လို့ မနေ့ကကျရောက်ခဲ့တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ ကျော်သူ ပရဟိတကွန်ရက်အသင်းနဲ့အတူ ရန်ကုန်မြို့နေရာ ၄ ခုမှာ အမှိုက်ကောက်ခဲ့တဲ့ အလှမယ် နန်းခင်ဇေယျာက ဧရာဝတီကို ပြောပါတယ်။
“နန်းခင်ပြောချင်တာက အမှိုက်နဲ့ပတ်သက်ပြီး လူထုက အခုထိအမှိုက်ကို စည်းနဲ့ကမ်းနဲ့ပစ်ဖို့ လိုနေသေးတယ်။ တချို့နိုင်ငံမှာ အမှိုက်ပစ်တာနဲ့ ဒဏ်ငွေဆောင်ရတယ်။ ဒီမှာက ချက်ချင်း လုပ်လို့မရသေးဘူး။ အမှိုက်ပစ်တာ ရှက်စရာလို့ မြင်စေချင်တယ်။ နန်းခင်တို့ အဲဒီနေရာမှာ အမှိုက်ကောက်ပြီးလို့ နောက်ထပ် နာရီဝက်ကြာရင် အဲဒီနေရာမှာ အမှိုက်တွေ ပြန်ပြန်တွေ့နေရတယ်။ စည်းကမ်းပိုင်း အားနည်းနေသေးတယ်” လို့ နန်းခင်ဇေယျာက ဆိုပါတယ်။
ဆက်လက်ပြီး သူ့အနေနဲ့ ကျော်သူ ပရဟိတကွန်ရက်၊ နာရေးကူညီမှုအသင်း တို့နဲ့ လက်တွဲကာ အလျဉ်းသင့်သလို လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေရင်း အခုလို အာဇာနည်နေ့မှာ အမှိုက် ကောက်ခြင်းဟာ ယခုနှစ်နဲ့ပါဆို ၃ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့၊ NLD ရုံးရှေ့၊ အာဇာနည်ဗိမာန်ရှေ့နဲ့ ရန်ကင်းကလေးဆေးရုံရှေ့တို့မှာ အမှိုက်ကောက်ခဲ့ကြတယ်လို့ နန်းခင်ဇေယျာက ပြောပါတယ်။
ယခုနှစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး နန်းခင်ဇေယျာက “ ဒီနေ့လူငယ်လေးတွေမှာ အာဇာနည်နေ့ကို မသိကြတာလည်း တွေ့ခဲ့ရတယ်။ ကိုယ်နဲ့မဆိုင်တဲ့ ရက်လို့ ထင်တာတွေ ရှိနေကြသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေ လူတွေစုနေတာကို ဘယ်နားမှာ မီးလောင်လို့လဲတဲ့ မေးကြတယ်။ ဒီလောက်အရေးကြီးတဲ့နေ့ကိုတောင် မသိဘူး ဆိုတော့ ရင်ထဲမှာ တမြေ့မြေ့ ခံစားရတယ်။ ဘာလို့မသိကြရတာလဲပေါ့။ အခုနောက်ပိုင်း ကျောင်းသင်ခန်းစာ တွေမှာလည်း လူငယ်တွေကိုပြန်ပြီး သေချာသင်ပေးစေချင်တယ်။ လူကြီးတွေကလည်း ဒီနေ့ဟာ နိုင်ငံ ခါင်းဆောင် တွေ အသက်တွေ ချွေးတွေ သွေးတွေ ပေးသွားတဲ့နေ့ဆိုတာ လူတိုင်းသိအောင်လုပ်စေချင်တယ်။ အခုလို မသိဘူး ဆိုတော့ ဒါဟာ အရမ်းရှက်ဖို့ကောင်းတယ်။ မြန်မာပြည်သူ တယောက်ဖြစ်ရင် ဒီရက်ကို မမေ့သင့်ဘူးလို့မြင်တယ်” လို့ သူရဲ့ အမြင်ကိုပြောပြပါတယ်။
ဒါ့အပြင် ယခုနှစ် အာဇာနည်နေ့မှာ အမျိုးသားခေါင်းဆောင်ရဲ့ဗိမာန်ကို လာရောက် အလေးပြုသူ ပိုများလာတဲ့ အတွက်တော့ ကျေနပ်မိကြောင်းလည်း နန်းခင်ဇေယျာက ဆိုပါတယ်။