လူတိုင်းမှာ ငယ်ဘ၀ ရှိကြပါတယ်။ ငယ်ငယ်တုန်းက ကလေးဘဝကို အရွယ်ရောက်တဲ့အခါ ပြန်တွေး ကြည့်ရင် လူတိုင်း အမှတ်ရစရာတွေ ကိုယ်စီဘဲရှိကြတာပါ။ ငယ်ငယ်တုန်းက ရှင်သန်နေထိုင် ကြီးပြင်း ခဲ့ပုံတွေဟာ လူကြီး ဖြစ်လာတဲ့အခါ မတူညီပဲ ခြားနားသွားပါတယ်။ တချို့က နေထိုင်ပုံ အကျင့် စရိုက်တွေ ပြောင်းလဲသွားပြီး တချို့က ရုပ်ရည်အသွင်အပြင်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။
တချို့က အသက်ကြီးလာတဲ့အထိ ငယ်ရုပ်မပြောင်းတဲ့ သူတွေရှိသလို၊ ငယ်ငယ်တုန်းကပုံနဲ့ လက်ရှိပုံ မမှတ်မိလောက်အောင် ပြောင်းလဲသွားတဲ့ သူတွေလည်း ရှိပါတယ်။ လူတိုင်းကိုယ်စီမှာရှိခဲ့တဲ့ ငယ်ဘ၀ တွေဟာ တယောက်နဲ့တယောက် မတူညီဘဲ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အဲဒီထဲမှာမှ LGBT လို့ခေါ်တဲ့ (Lesbian, Gay, Bisexual, Transgender) တို့ရဲ့ ဘဝက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ယောကျာ်လေးတယောက် ဖြစ်ပေမယ့် ငယ်ငယ်ကတည်းက မိန်းကလေးဖြစ်ချင်စိတ် ရှိခဲ့ပြီး ယခု အသက် ၂၂ နှစ်အရွယ်မှာ မိန်းကလေး တယောက်လို ပြင်ဆင်ပြုမူနေထိုင်နေတဲ့ Miss International Queen Myanmar 2015 ဂေးလ် အလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘဝကလည်း စိတ်ဝင်စားစရာပါ။
ဖခင် ဦးစန်းငွေ၊ မိခင် ဒေါ်သန်းသန်းရီတို့မှ မွေးဖွားပြီး မွေချင်း အစ်ကို အကြီးဆုံး ကိုအောင်ဆန်းဦး၊ အငယ်ဆုံးညီ ကိုကျော်ဇင်ကိုနဲ့ မိသားစု ၅ ယောက်မှာ သူက အလတ်ဖြစ်ပါတယ်။
သူငယ်တန်းကနေ ၄ တန်းအထိ မန္တလေး အ.မ.က (၈) မှာ ကျောင်းတက်ခဲ့ပြီး ၅ တန်း ကနေ ၁၀ တန်းအထိက မန္တလေး အ.ထ.က (၁၂) ကျောင်းမှာ ပညာသင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ မန္တလေး နည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။
“ငယ်ငယ်တုန်းက စကားပြောရင် “ဘာဖြစ်တာတော့” ဆိုပြီး စကားပြောရင် ‘တော့’လို့ ပြောတာ ညီမ အဖိုးက မကြိုက်ဘူး။ အဲဒီလို ပြောတဲ့အခါမျိုး နည်းနည်း မိန်းကလေး ဆန်သွားတဲ့ အခါမျိုးဆို အဖိုးက ညီမ ဗိုက်ခေါက်ကို ဆွဲလိမ်တယ်။ ညီမအဖိုးကတော့ ညီမ ၂ တန်းလောက်ကတည်းက ဆုံးသွားတယ်။ အဖိုးသာရှိရင် ညီမ ဒီလိုမျိုး ဖြစ်လာမယ်မထင်ဘူး။ ငယ်ငယ်တုန်းက အဖိုးကို ကြောက်ရတယ်” လို့ မျိုးကိုကိုစန်းက သူ့ငယ်ဘဝကို ပြောပါတယ်။
“ငယ်ငယ်တုန်းကတည်းက တယောက်တည်းပဲ နေခဲ့တယ်။ အပေါင်းအသင်းလည်း သိပ်မရှိဘူး။ ယောကျာ်လေး သူငယ်ချင်းတွေလည်း မရှိဘူး။ ယောကျာ်လေး ကစားနည်းတွေလည်း မကစား ခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေတယ်။ စာလုပ်တယ်၊ တခါတလေ မိန်းကလေး တွေနဲ့ ကစားတယ်” လို့ သူက ဆက်ပြောပါတယ်။
ပထမ စစချင်းတော့ မိသားစုမှာ အစ်ကိုနဲ့ ညီက ညီအစ်ကို ၃ ယောက်မှာ မတူညီ ကွဲပြားနေတဲ့ မျိုးကိုကိုစန်းကို လက်မခံနိုင်ပေမယ့် အမေဖြစ်သူရဲ့ စကားကြောင့် အခုတော့ တဖြည်းဖြည်း လက်ခံလာပြီလို့ သူကဆိုပါတယ်။
မိန်းကလေးတယောက်လို ပြောင်းလဲဝတ်ဆင် ပြုမူနေထိုင်ဖြစ်လာတာကတော့ Miss International Queen Myanmar 2015 ပြိုင်ပွဲမှာ သရဖူရရှိပြီးနောက်မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ကျောင်းတက်နေရင်း အိမ်က မသိအောင် ဝင်ပြိုင်ခဲ့တဲ့အတွက် သရဖူရရှိပြီးနောက် နိုင်ငံခြားမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်အကြောင်း အိမ်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး နေထိုင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပထမတော့ အဖေက လုံးဝလက်မခံဘူး။ ညီမကို စကားလည်း မပြောဘူး။ အမေကတော့ ညီမ စိတ်ကို နဂိုကတည်းက ရိပ်မိသိနေလို့လားမသိဘူး။ ညီမသေချာပြောပြ ရှင်းပြတော့ လက်ခံတယ်။ အဖေက စစချင်းမှာ ညီမကို စကားတခွန်းမှ လုံးဝမပြောဘဲ အခုတော့ အဖေက ညီမကို နားလည် လက်ခံလာပါပြီ” လို့ ဆိုပါတယ်။
LGBT တယောက်ဖြစ်နေလို့ ငယ်ငယ်တုန်းက စနောက်ခံခဲ့ရတာတွေ ရှိပေမယ့် အေးဆေး နေတတ်တဲ့ သူ့ပုံစံကြောင့် ရွယ်တူ သူငယ်ချင်းတွေကြားမှာ အနိုင်ကျင့်ခံရတာမျိုး မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
“ငယ်ငယ်က ဖြစ်ချင်ခဲ့တာက အနုပညာတက္ကသိုလ်တက်ပြီး မြန်မာ့ သဘင်ပညာကို သင်ယူ ချင်တယ်။ ပြီးတော့ နိုင်ငံကျော် Professional သဘင်ပညာရှင်တယောက် ဖြစ်ချင်ခဲ့တာပါ”လို့ မျိုးကိုကိုစန်းက သူ့ရဲ့ ငယ်ဘ၀ စိတ်ကူးအိပ်မက်ကို ပြောပြပါတယ်။
လက်ရှိမှာတော့ သူဟာ ၂၀၁၅ ခုနှစ်၊ Miss International Queen Myanmar 2015 ပြိုင်ပွဲမှာ သရဖူ ရရှိခဲ့တဲ့ အလှမယ်တဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Miss International Queen 2015 ကို သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ပွဲမှာ သရဖူနဲ့ လွှဲခဲ့ရပေမယ့် မျိုးကိုကိုစန်းကို ခေါင်းဆောင် မင်းသမီး အဖြစ် ရုပ်ရှင်ရိုက်ဖို့အထိ ကမ်းလှမ်းခံခဲ့ရဖူးပါတယ်။
အကြောင်းကြောင်းတွေကြောင့် မရိုက်ဖြစ်တော့တဲ့ ရုပ်ရှင်ဇာတ်ကား အကြောင်းကိုတော့ “မရိုက်ဖြစ်ဘူးဆိုတာက ပထမအချက်က ညီမအသံပိုင်းပေါ့။ ညီမအသံကို မိန်းကလေး တယောက် အသံနဲ့ အစားထိုးပြီး ရိုက်မယ်ဆိုတော့ ပထမတခါ မရိုက်တော့ဘူးလို့ လုပ်လိုက်သေးတယ်။ သူငယ်ချင်းတွေနဲ့ Organization က ညီမကို ရိုက်ပါ။ ဒါကိုယ့်ရဲ့အခွင့်အရေးတခုပဲ၊ အသံ အစားထိုးလည်း ကိစ္စမရှိဘူးဆိုပြီး ဖျောင်းဖျကြတယ်။ ဒါပေမဲ့ ရိုက်ဖြစ်တဲ့အချိန်မှာ နည်းနည်း ကတောက်ကဆ ဖြစ်သွားတယ်။ အဲ့ဒီလို ကတောက်ကဆလေးတွေကြောင့် ဒီကိစ္စကိုလည်း မရိုက်တော့ဘူးဆိုပြီး ညီမဘက်က စငြင်း လိုက်တယ်” လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ မျိုးကိုကိုစန်းအနေနဲ့ လိင်ပြောင်းဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ ဒီလို လိင်ပြောင်းလဲမှုလုပ်ရခြင်းဟာလည်း မိန်းမစစ်စစ် မဟုတ်ဘူး ဆိုရင်တောင် မိန်းမတယောက်နဲ့ အနီးစပ်ဆုံး တူတဲ့ မိန်းမအဖြစ် ယုံကြည်မှုရှိချင်တာကြောင့်လို့ သူ့ရဲ့ခံယူချက်ကိုပြောပြပါတယ်။ တကယ်လို့များ လုပ်ဖြစ်မယ်ဆိုရင်တော့ ရင်သားခွဲစိတ်မှုကို အရင်ပြုလုပ်ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
LGBT တွေရဲ့ အချစ်ရေးကလည်း စိတ်ဝင်စားဖို့ ကောင်းတော့ သူ့အချစ်ရေးကို အနည်းငယ် မေးမြန်းကြည့်တဲ့အခါ “အမှန်အတိုင်းဝန်ခံရရင်တော့ ချစ်သူရည်းစား ရှိပါတယ်။ ကိုယ်အနေနဲ့ ဒီတယောက်နဲ့ အသက်ထက်ဆုံး တွဲချင်တယ်ပေါ့။ ဒါပေမယ့် သူ့ဘက်က ဘယ်လိုလဲ ဆိုတာ သေချာမသိဘူး။ သူ့ဘက်က ဒီလိုမျိုး လူတယောက်နဲ့ သေသေချာချာ လက်တွဲနိုင်ပါ့မလား။ သူ့ကိုယ်သူ ယုံကြည်မှုရှိလား၊ သူ့ကိုယ်သူ သတ္တိရှိလား၊ နောက်ဆုံး သူ့အသိုင်းအဝန်းက သိသွားရင် သူသတ္တိရှိလား။ နှစ်ဖက်မိဘ အဲ့ဒါလေးတွေရှိတော့ သူ့အပေါ်မှာလည်း အများကြီး မူတည်ပါတယ်” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး “LGBT ဖြစ်တာ ရှက်စရာ မဟုတ်ဘူး။ ရှက်စရာဖြစ်နေရင်တောင် အများက အထင်သေး မခံရအောင် အပြုအမူ၊ အပြောအဆို အနေအထိုင်တွေ ဆင်ခြင်ပြီး ပြောင်းလဲမယ်ဆိုရင် LGBT အပေါ် အထင်မြင် သေးနေတဲ့ အမြင်တွေလည်း ပြောင်းလဲသွားမှာပါ” လို့ မျိုးကိုကိုစန်းက သူ့သဘောထားကို ပြောဆိုပါတယ်။ ။