သဘင်အနုပညာရှင်များကို အရေးပေါ် အသက်ကယ်သင်တန်းပေး
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၊ သဘင်လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီနဲ့ မြန်မာနိုင်ငံ RESCUE လူမှုကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်တဲ့ နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်သင်တန်းကို ပထမ ဆုံးအကြိမ်အဖြစ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
မတော်တဆဖြစ်မှုများ ဖြစ်ပွားလာပါက အသက်ဆုံးရှုံးမှု မရှိစေရန် ကူညီ ကယ်ဆယ်ရေး အတွက် သဘင်အနုပညာရှင် သင်တန်းသား အယောက် ၁၈၀ ကျော်ကို သင်တန်းမှာ သင်ကြားပေးတာ ဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး သဘင်လူမှု ကူညီစောင့်ရှောက်ရေး ကော်မတီရဲ့ ဒု ဥက္ကဋ္ဌ ဦးဟန်ဇာမိုးဝင်းက “ကျနော်တို့ အခု သဘင်လူမှုကယ်ဆယ်ရေးစောင့်ရှောက်မှုက စီစဉ်တာပါ။ လုပ်ဖြစ်တာက ကိုဖိုးချစ်တို့ရဲ့ သဘင်ခြံထဲမှာ ပါ။ တာဝန်ခံက ကိုအောင်သော်ပါ။ လုပ်ဖြစ်တာက ကျနော်တို့ သဘင်သည်တွေ ဆိုတာက ခရီးသွားနေရတဲ့ သူတွေလေ၊ လမ်းမှာ မတော်တဆ ကား accident ဖြစ်လာခဲ့ရင် ကိုယ့်လူကို ကိုယ် ကယ်တင်နိုင်အောင်လို့ပါ။ နောက်ပြီး အပြင်က ပရဟိတ အသင်းက သူတွေလည်း သင်ချင်တဲ့ သူတွေ လာသင်လို့ ရပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

သဘင် အနုပညာရှင်များ အနေနဲ့ မတော်တဆထိခိုက်မှုများရှိတဲ့အခါ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပေါ်ခဲ့တာတွေ လည်း မကြာခဏ ဆိုသလို တွေ့မြင်နေရတာပါ။

အဲဒီအပေါ် ကိုဟန်ဇာမိုးဝင်းက “ဒီလို ကားမှောက်တဲ့အခါ ကိုဖိုးချစ်ရဲ့ တူမ ညီမလေး တယောက်လည်း အသက် ဆုံးပါးသွားခဲ့ဖူးသလို ကျနော်တို့ မန္တလေးက သဘင်သည်တွေ ကားမှောက်တုန်းကလည်း တော်တော်များများ အသက် ဆုံးပါးခဲ့တာ ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက် ဒီလိုသင်တန်းတွေပေးတာ လိုအပ်ပါတယ်။ အခု ကျနော်တို့ဆီကို အပြင်က ပရဟိတ အသင်းက သူတွေလည်း လာတက်ကြတာ ရှိတယ်။ သဘင်ကတော့ ကြီးမှူးပြီး ကျင်းပတာ ပေါ့။ နောက်ပြီး ဒီ အသက်ကယ် သင်တန်းကို ဘယ်သူမဆို တက်ထားသင့်ပါတယ်။ အပြင်က လူတွေရော အကုန် တက်ထားရင် ကောင်းပါတယ် ” လို့လည်း ဆက်ပြီး ပြောပါတယ်။
သင်တန်းကို ဇာတ်မင်း ဖိုးချစ်ရဲ့ သဘင်ခြံမှာ ဇူလိုင် ၁၈ ကနေ ၂၃ ရက်နေ့ အထိ သင်ကြားပေးမှာဖြစ်ပါတယ်။